Sunday, April 15, 2012

စိတ်ရိုက်လို့ကျတဲ့မျက်ရည်

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တော အနန္တငါးပါးကို ဤနေရာမှ ရိုသေစွာ ရှိခိုးကန်တော့ လိုက် ပါ၏ ….
ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာကို အဘိုးအဘွားတွေလက်ထက်ကနေ ကိုးကွယ် လာခဲ့တာ။ အဖေအမေတို့ကလည်း ဗုဒ္ဓဘာသာပဲ ကိုးကွယ်ပါတယ်။ ကျွန်တော်တို့ မွေးလာတော့ လည်း အဖေအမေ သင်ပေးတဲ့အတိုင်း ဘုရားစာရွတ်၊ ဘုရားရှိခိုး၊ သံဃာတွေတွေ့ရင် ဦးချ၊ စေတီ ပုထိုး ဘုရားတွေ လိုက်ဖူး ဒီလောက်အဆင့်ပဲရှိခဲ့တာပါ။ နောက်တဖြည်းဖြည်း ကံကံ၏အကျိုး အကြောင်းရေးသားထားတဲ့ ပုံပြစာစောင်တွေ၊ ဗုဒ္ဓ၀င်ပုံပြစာအုပ်တွေ ဖတ်ရပါတယ်။ ငယ်ငယ်တုန်းက ရွတ်ခဲ့တဲ့ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေ၊ ငါးပါးသီလ ဒါတွေကိုလည်း စရွတ်တုန်း ကတော့ ဘာအဓိပ္ပာယ်လဲဆိုတာ လေးလေးနက်နက် မသိခဲ့ပါဘူး။ ဒါပေမယ့် ရွတ်ဖတ်နေတဲ့ အချိန်မှာတော့ စိတ်ချမ်းသာရတယ်ဆိုတာကိုတော့ သတိထားမိပါတယ်။ နောက်ဆရာတော်တွေ ရွတ်ဖတ်ထားတဲ့ ပဌာန်း၊ ပရိတ်၊ ဓမ္မာစကြာတရားတော်တွေ ဒါတွေကိုလည်း အိမ်မှာ မနက်မိုးလင်း လာရင် ဖွင့်ထား တယ်။ အသံတွေတော့ နားထဲမှာ ကြားနေရတာပဲ၊ ဒါပေမယ့် ဘာကိုဆိုလိုလဲဆိုတာ မသိခဲ့ဘူး။
အဲဒီ အချိန်ကနေ အခုအသက်အရွယ်လည်း နည်းနည်းရလာတယ်။ ပြီးတော့ ဆရာတော်တွေ ဟောကြား တဲ့ တရားတော်တွေကိုလည်း လက်ကမ်းမှီသလောက်နာကြားတယ်။ အသိဥာဏ်တွေ တိုးလာပါတယ်။ ငယ်ငယ်ကကြားဘူးခဲ့တဲ့ ပဌာန်းထဲမှာပါတဲ့ ပါဋ္ဌိအဓိပ္ပာယ်တွေ၊ ပရိတ်ထဲမှာပါတဲ့ အဓိပ္ပာယ်တွေ အများကြီး သိ လာရပါတယ်။ တခါတလေ ဆရာတော်တွေဟောကြားတဲ့ တရားထဲမှာ ပါတဲ့ ပါဋ္ဌိအခေါ်အဝေါ်တွေက ကျွန်တော်နဲ့ရင်းနှီးပီးသား၊ အဓိပ္ပာယ်ကိုသာ မသိတာပါ။ တရားနာလို့ အဓိပ္ပာယ်ကိုသိလာတဲ့အခါမှာ .. ဟာ တကယ့်ကို အနှစ်အရနဲ့ ပြည့်စုံတဲ့ အဓိပ္ပာယ်တွေ ဥပမာတွေ ပါ့လား လို့ ခံယူမိတယ်။ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါမှာ တကယ့်လဲ အကျိုးထူးတယ် ဆိုတာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာမှာ အေးချမ်းခြင်းတွေ ငြိမ်းအေးခြင်းတွေ ရှိလို့ ကိုယ်ကိုတိုင် ယုံကြည့်လို့ ကိုးကွယ် ပါတယ် ဆိုတဲ့အနေအထားကို ရောက်လာခဲ့ပါတယ်။ မိမိကိုယ်ကိုမိမိ ကာယကံ ၀စီကံ မနောကံ သုံးပါးလုံး ယဉ်ကျေးသိမ့်မွေ့လာတိုင်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိသလို ဒီတရားတွေကို ဟောကြားတော်မူခဲ့တဲ့ အတုမရှိမြတ်စွာဘုရားရှင်ကိုလည်း ပိုပြီး ကြည်ညိုလေးစားမိပါတယ်။ ယခင်မှ ယနေ့ထိအောင် အဆင့်အဆင့် လက်ဆင့်ကမ်းခဲ့ကြတဲ့ ဗုဒ္ဓသာ့သနာပျံ့ပွားအောင် သာသနာ ပြုကြသော ရဟန်းများ၊ သံဃာများ ကိုလည်း လေးစားကြည်ညို မိပါတယ်။ ဓမ္မအလှူရှင်များ သာ့သနာတော် ရေရှည်တည်တံ့အောင် ဆောင်ရွက်ခဲ့ကြသောသူများ အားလုံးအတွက် ချီးကျူး ဂုဏ်ယူဖြစ်မိပါတယ်။
စိတ်ရိုက်လို့ကျတဲ့မျက်ရည်
တစ်ခါတစ်လေ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို ဇောနဲ့ လုပ်တဲ့အချိန်မှာ အသက်ရှင်ဖို့အတွက် အသက်ရှုပါတယ်ဆိုတဲ့ အချက်ကိုတောင် သတိမပြုမိကြတော့ဘူး။ အသက်ဘယ်အချိန်မှာ ရှုလိုက် တယ် ပြန်အချိန်မှာ ပြန်ထုတ်လိုက်တယ် ဆိုတာကိုတောင် မေ့မေ့လျောလျောဖြစ်နေကြတယ်။ ဒါပေမယ့် ရင်ထဲမှာ အပူတွေ များလာတဲ့အခါ သက်သာရာသက်သာကြောင်း သက်ပြင်းတစ်ချက် လောက်ကို ရှိသမျှ အင့်အားကို အသုံးပြုပြီး မှုတ်ထုတ်လိုက်မိတယ်။ ဒါပေမယ့်လည်း ပြေပျောက် မသွားပဲ အသက်ရှုသံတွေသာ ပြင်းထန်လာခဲ့တယ်။
ပုံမှန်လုပ်ငန်းတွေလုပ် ကိုင်နေတဲ့ ကျွန်တော်တို့မှာ အသက်ရှုတာလေးတွေ နှလုံးခုန်တာလေးတွေကို အေးအေး ဆေးဆေး သတိလေးနဲ့ မရှုနိုင်ကြဘူး။ သတိလေးနဲ့ နှလုံးမခုန်နိုင်ကြဘူး။ ပျော်ရွှင်စရာတွေ ရှိလို့ မေ့လိုက်တာတစ်မျိုး၊ စိုးရိမ်စရာတွေ စိတ်ညစ်စရာတွေ ရှိလို့ တစ်မျိုး အမျိုးမျိုးသောအကြောင်း တွေကြောင့် အသက်ရှုနှုန်းတွေဟာလည်းပုံမှန်မဟုတ်သလို နှလုံးခုန်နှုန်းတွေဟာလည်း ပုံမှန်မဟုတ် တော့ဘူး။ လောလောဆယ် စိတ်ပူလောင်နေတာကို မဖြေရှင်းပဲ အဝေးက ပြဿနာကို တွေးရင်း ကျွန်တော်တို့ တစ်တွေဟာ စိတ်ဆင်းရဲခြင်းကို အရိပ်ပမာ အနားမှာ မှီိကပ်ခွင့်ပေးထားကြတယ်။ အေးချမ်းခြင်းကို မရှာဖွေပဲ ပူလောင်ခြင်းတွေကိုပဲ ထပ်ဆင့်ပွားဖို့အတွက် ပူလောင်ခြင်းမျိုးစေ့တွေ စက္ကန့်၊ မိနစ်မခြား ဖန်တီးတွေးတောနေတတ်ကြတယ်။ လမ်းမှန်ကို မရှာဖွေတော့ ပူလောင်ပြီး ပူလောင်လို့ အဆုံးမသတ်နိုင်တဲ့ ပူလောင်ခြင်းတွေနဲ့အတူ စိတ်ကလည်း မအေးချမ်းတော့ပါဘူး။
ပုံမှန်ရှိနေတဲ့အချိန် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေပြားတွေ၊ နဖူးတွေ၊ မျက်နှာတွေ၊ နှလုံးခုန်နှုန်း တွေဟာ တင်းကြပ်မှုမရှိပါဘူး။ တစ်ခုခုကို အလိုမကျတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ စိတ်တိုတဲ့အခါ၊ အံ့သြတဲ့အခါ၊ ပျော်တဲ့အခါ၊ ၀မ်းနည်းတဲ့အခါ .စသည်ဖြင့် ဒီလိုအခြေအနေတွေမှာဆိုရင်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားတွေ၊ နဖူးတွေ၊ မျက်နှာတွေ၊ နှလုံးခုန်နှုန်း တွေဟာ တင်းကြပ်မှုလာပါပြီ။ ယနေ့ခေတ်မှာ ဒါတွေကို သိပ္ပံနည်းကျ စမ်းသပ်လေ့လာတဲ့အတွက် အေးချမ်းတဲ့ အချိန်နဲ့ ပူလောင်တဲ့အချိန်မှာ ရှိနေတဲ့ ခန္ဓာကိုယ်အလုပ်လုပ်ပုံတွေကို မျက်မြင်ကိုယ်တွေ့ မြင်နေရပါ ပြီ။
ပုံမှန်ချိန်မဟုတ်ပဲ အိပ်နေတဲ့အချိန်တောင်မှ တချို့  တင်းကြပ်မှုတွေဟာ ပျောက်မသွားသေးပါဘူး။ ဥပမာ - မအိပ်ခင် မနက်ပိုင်းဖြစ်ဖြစ်၊ နေ့လည်ပိုင်းဖြစ်ဖြစ် ၊ ညပိုင်းဖြစ်ဖြစ် ကိုယ့်စိတ်မှာ တခုခုကို အလို မကျဖြစ်ပြီ ကျေနပ်မှုရှိတော့ဘူးဆိုရင် အဲဒီ မကျေနပ်မှုကြောင့်ပဲ တစ်နေ့လုံး စိတ်တွေမွန်းကြပ် ပြီး ပူလောင်နေတတ်ပါတယ်။ အိပ်နေတဲ့အချိန်ဟာ ငြိမ်းချမ်းတယ်လို့ တချို့ က ထင်ကြပါတယ်။ စိတ်အေးအေးချမ်းချမ်းနဲ့ အိပ်သွားတဲ့လူအတွက်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် စိတ်အလိုမကျမှု မွန်းကြပ်မှု နဲ့ အိပ်သွားတဲ့သူအတွက်ကတော့ ခန္ဓာကိုယ်ကသာ အိပ်ပျော်သွားတယ်။ မွန်းကြပ်မှုတွေ က ပျောက်မသွားတာဖြစ်တဲ့အတွက် အိပ်နေတာတောင်မှ နှလုံးခုန်းနှုန်းတွေ အသားအရေတွေ၊ နဖူးတွေ တင်းကြပ်နေတုန်းပါ။ အဲဒီတော့ ၆ နာရီ ၇ နာရီလောက်သာ အိပ်လိုက်တယ်။ ပြန်နိုးလာ တော့ စိတ်ထဲမှာ အိပ်ရေးမ၀လို ခံစားရတယ်ဆိုတာ အလိုမကျမှုတွေ မွန်းကြပ်မှုတွေနဲ့ အိပ်သွားတဲ့ အတွက် ဒီလိုခံစားရတာပါ။ ဆိုလိုချင်တာက ခန္ဓာကိုယ်ကသာ အိပ်လိုက်တယ်။ စိတ်အလိုမကျမှုတွေ က မအိပ်သေးဘူးဆိုတဲ့သဘောပါ။ မအိပ်ခင်မှာ ကိုယ့်ခန္ဓာကိုယ်ကို ငြိမ်အောင်ထား။ အရေးပြားလေး တွေ၊ လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ ဖျော့ထားပါ။ နဖူးကြောတွေ၊ မျက်နှာတွေကို တတ် နိုင်သမျှ လျှော့ထားပါ။ ပြီးမှ မိမိစိတ်ကို လျှော့ပါ။ ခန္ဓာကိုယ်လည်းငြိမ်ပြီ စိတ်လည်းငြိမ်ပြီဆိုတဲ့ အချိန် အိပ်ပျော်သွားပါလိမ့်မယ်။ ဒီလို အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်သွားတဲ့လူဟာ ၃ နာရီ ၄ နာရီလောက် အိပ်လိုက်ရပေမယ့်လည်း အိပ်ရေးဝတယ်လို့ ပြန်နိုးတဲ့အခါမှာ ခံစားရတတ်ပါတယ်။
နောက်တစ်ခု ကျွန်တော်တို့ ငယ်ငယ်ကလေးဘ၀တုန်းက အပူအပင်ကင်းတဲ့အချိန်တုန်းကပေါ့ တကယ်ကို လောကကြီးအကြောင်း ဘာမှ မသိသေးခင်၊ အိပ်လိုက်၊ ကစားလိုက်၊ စားလိုက်၊ ဒါ ဒီဘ၀ လေးကိုပဲ ပျော်နေခဲ့တယ်။ အိပ်ချိန်ဆိုလည်း ကောင်းကောင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်တယ်။ စားချိန်ဆိုလည်း အားရပါးရ စားနိုင်တယ်။ ကစားချိန်ဆိုလည်း ပျော်ရွှင်မြူးထူးပြီး ကစားနိုင်တယ်။ မျက်နှာမှာလည်း အမြဲတမ်းလိုလို ပြုံးနေနိုင်တယ်။ အဲဒီအချိန်တုန်းက ကလေးဘ၀ဆိုတော့ လူကြီး ဘ၀အကြောင်းကို သတိမထားမိဘူး။ အခုချိန်မှာ ကလေး၊ လူကြီး နှိုင်းယှဉ်ပြီး စဉ်းစားကြည့်တော့ အများကြီးကွာဟ နေတာတွေ့ရတယ်။ ငယ်ငယ်က ကျွန်တော်တို့အိပ်ချိန်ဆို အဘိုး၊ အဘွား၊ အဖေ၊ အမေတို့ မအိပ်ကြသေးဘူး။ အိမ်နားက အဘိုးတစ်ယောက် ဆိုရင် အိပ်တော့လည်း ကျွန်တော်တို့နောက်ကျမှ အိပ်တယ်။ မနက်ပြန်ထတော့လည်း ကျွန်တော်တို့ အရင်ထတယ်၊ ဆောင်းတွင်းချိန်ခါ ငယ်ငယ်က တရေးနိုး အပေါ့သွားရင် အဲဒီအဘိုးက မီးဖိုဘေးမှာ ထိုင်လို့ မီးလှုံနေ ပြီး၊ အိပ်ကော အိပ်လားမသိဘူးလို့ တွေးမိတယ်။ ထိုင်နေတဲ့အဘိုးကို ငယ်ငယ်က သတိမထားမိပေ မယ့်။ အခုချိန်မှာ ပြန်တွေးကြည့်ပါ့တယ်။ တဖျစ်ဖျစ်တောက်နေတဲ့ မီးဖိုဘေး၊ ဆောင်းအအေးဓာတ်နဲ့ ရေနွေးကြမ်းအိုးလေးကို ဘေးမှာချပြီး တစ်ယောက်တည်းထိုင်နေတယ်။ ဆေးလိပ်လည်း ဖွာလိုက်၊ ရေနွေးလေးသောက်လိုက်၊ တခါတလေ ရေနွေးငဲ့တဲ့ အသံက အခုအရွယ်ထိ နားထဲမှာ ပြန်ကြားမိနေတယ်။ မီးဖိုဘေးနား ပြာပုံထဲမှာ ခွေနေတဲ့ ခွေးလေးတစ်ကောင်က လွဲရင် အနားမှ ဘယ်သူမှ မရှိတာကို တစ်ညလုံး ဒီလိုပဲထိုင်နေတယ်။ အခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ အဘိုး ဘာတွေ တွေးနေမလဲ၊ ဘာကြောင့် မအိပ်တာလဲ၊ အိပ်မပျော်လို့လား၊ အိပ်မပျော်ရင်ကော ဘာကြောင့်လဲ၊ အသက်ကြီးလာလို့ အိပ်မပျော်တော့တာလား၊ ဒါမှမဟုတ် အဘိုးရင်ထဲမှာ အိပ်မပျော် နိုင်တဲ့ ခံစားချက်တွေ ရှိနေမလားဆိုတာ ကျွန်တော် ဒီနေ့ထိ မသိခဲ့ဘူး။
ကျွန်တော်အသက် အခုဆိုရင် ၂၇ နှစ်ကျော်ခဲ့ပါပြီး၊ ကျွန်တော်အသက်ကြီးလာရင်ကော ဒီလို ဖြစ်လာမလားလို့ စဉ်းစားမိပါတယ်။ ဆုံးဖြတ်တာတစ်ခုကတော့ ကလေးတွေကို လွတ်လပ်ပေါ့ပါး အပူအပင်ကင်းတဲ့ဘ၀ကို မပိုင်ဆိုင်ရ ရင်တောင်မှ တင်းကြပ်တဲ့ဘ၀၊ မွန်းကြပ်တဲ့ဘ၀တော့ ကျွန်တော် မရောက်အောင် ကြိုးစားမယ်။ အသက်အရွယ်ကြီးလာလို့ အတွေ့အကြုံတွေ ၀မ်းနည်းမှုတွေ ပျော်ရွှင်မှုတွေ ရင်ဆိုင်လာရပေမယ့် ဒါတွေဟာ ကျွန်တော့်အတွက် အိပ်မရတဲ့ညတစ်ညကို ဖြတ်သန်းစေဖို့ ကျွန်တော့်ကို ဒုက္ခပေးမယ့် မိစ္ဆာတွေတော့ ကျွန်တော် အဖြစ် မခံနိုင်ဘူး။ ကောင်းမွန်စွာ နေထိုင်မယ်၊ ကောင်မွန်စွာ ဖြတ်သန်းမယ်၊ ကောင်းမွန်စွာ အိပ်စက်မယ်။ ပျော်ရွှင်မှုခဲ့မှုတွေ အောင်မြင်ခဲ့မှုတွေအတွက် ကျွန်တော် ဂုဏ်ယူစဉ်းစားနေရမှာ မဟုတ်သလို ၊ မှားယွင်းခဲ့မှုတွေ၊ ၀မ်းနည်းခဲ့မှုတွေအတွက် ကျွန်တော် နောင်တရနေတော့မှာလည်း မဟုတ်ပါဘူး။ ဘ၀ ရဲ့  နာမည်ဆိုးအမည်းစက်ဆိုတာ ကိုယ်ကိုတိုင်ပဲဖန်တီးလိုက်လို့ ဖြစ်လာတာ မှန်ပေမယ့် ကိုယ်ကိုတိုင် ပြန်ဖျက်လို့တော့ မရဘူး။ သမိုင်းဆိုတာ ကျန်ခဲ့တယ်။ ကျွန်တော်တို့လုပ်ခဲ့တဲ့ အရာတွေ မှာ မှန်ခဲ့တာတွေလည်း ရှိသလို မှားခဲ့တာတွေလည်း ရှိတယ်။ မှန်ခဲ့တာအတွက်လည်း ဂုဏ်ယူမနေ သလို မှားခဲ့တာအတွက်လည်း ၀မ်းနည်းမနေချင်တော့ပါဘူး။ ကောင်းမှုတစ်ခုကို ပြုပြီးတိုင်း ကြည်နူး ရတဲ့စိတ်ကလေးဟာ အဲဒါကိုပြန်တွေးပြီးတိုင်း ပီတီဖြစ်ရပါတယ်။ ဒီလိုပါပဲ စိတ်ညစ်စရာကို ပြုပြီးရင်လည်း အဲဒါ ကို ပြန်ပြန်တွေးပြီး ပူလောင်နေရတဲ့အချိန်တွေက များပါတယ်။
ငယ်ငယ်က ကျွန်တော် ယောချောင်းထဲကမှာ ငါးကလေးတွေ ဖမ်းဘူးတယ်။ ဖမ်းပီးပြန်လာလို့ အိမ်ရောက်ရင် အဖေ က ရိုက်တယ်။ ငယ်ငယ်က ကလေးအချင်းချင်းကစားကျရင်း အဆင်မပြေ တဲ့အခါ ရန်ဖြစ်ကြတယ်။ အဲလို ရန်ဖြစ်တဲ့အခါမှာရိုက်ခံရတယ်။ ငိုခဲ့ရတယ် မျက်ရည်တွေ ကျခဲ့ရတယ်။ အဲဒီတုန်းကတော့ အရိုက်ခံရတုန်း ခဏလောက်ပဲ နာကျင်ခဲ့ရတယ်။ နောက်တော့လည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတာပဲ။ ကျခဲ့တဲ့မျက်ရည်တွေမှာ စိတ်ပူလောင်မှု မပါသေးပါဘူး။ အသားနာ အောင်ရိုက်လို့သာ ငိုခဲ့ရတာပါ။ ယခုအချိန်မှာတော့ ကျွန်တော်တို့ မျက်ရည်တွေဟာ အဖေ ရိုက်လို့လည်း မကျတော့ပါဘူး။ အမေ ရိုက်လို့လည်း မကျတော့ပါဘူး။ ဒီအရွယ်ရောက်နေတာ အဖေ အမေကလည်း ကျွန်တော်တို့ ကို မရိုက်တော့ပါဘူး။ အခု အချိန်မှာ ပြန်စဉ်းစားရင် အဖေ အမေ ရိုက်လို့ ကျတဲ့ မျက်ရည်ထက် ကျွန်တော်တို့ စိတ်က ရိုက်လို့ ကျတဲ့ မျက်ရည်တွေက များနေပါပီ။ ဒီနေရာမှာ စိတ်က ရိုက်လို့ ကျတဲ့ မျက်ရည်ဆိုတာကို မျက်ဝန်းကကျလာတဲ့ မျက်ရည်မဟုတ်ပဲ စိတ်ပူလောင်လို့ ကျတဲ့ ပူလောင်ခြင်းမျက်ရည် စိတ်မျက်ရည်လို့ တင်စားပြောချင်ပါတယ်။ သတိတရား နဲ့ ကျွန်တော်တို့ ဖြတ်သန်းကြမယ်ဆိုရင် မိမိရဲ့  ပူလောင်တဲ့လောကကို အေးချမ်းတဲ့လောကအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။
စစ်မှန်တဲ့ အေးချမ်းခြင်းအတွက် ဗုဒ္ဓတရားတော်တွေကို နာယူရင်းကိုယ့်ကိုကိုယ်မှာ အရင်ရှာရမှာပါ။ ဒီနေရာမှာ မိမိစိတ်ကို မိမိ ကိုယ်တိုင် ပြုပြင်ရမယ် ထိန်းသိမ်းရမယ် ဖြူစင်အောင် လုပ်ရမယ် ဗုဒ္ဓတရားတော်တွေကို နာယူရမယ်ဆိုတာ ကို ကျွန်တော် သိထားတဲ့ ဥပမာလေး ၃ ခုနဲ့ ပြောပြချင်ပါတယ်။

ဥပမာ(၁)။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ယနေ့ထိ မနက်အိပ်ယာကနိုးတိုင်း မိမိမျက်နှာကို သန့်ရှင်းဖို့ အတွက် မျက်နှာသစ်ကြရတယ်။ သွားတိုက်ကြတယ်။ ငယ်ငယ်ကတော့ ကူမယ့်သူတွေ ရှိတာပေါ့။ ဒါပေမယ့် ဘ၀တစ်လျှောက်မှာ ကိုယ့်မျက်နှာက အညစ်အကြေးကို ကိုယ်ကိုတိုင် သန့်ရှင်းရတာ များပါတယ်။ အဲလို သန့်ရှင်းလိုက်မှ အေးချမ်းတောက်ပတဲ့ မျက်နှာ အလှတရားကို ရလာပါတယ်။ မျက်နှာကလည်း သန့်စင်သွားပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ စိတ်မှာ ဖြစ်နေတဲ့ အညစ်အကြေးတွေ ကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ သန့်ရှင်းရမှာပါ။ ဘယ်သူမှ လာပီး သန့်ရှင်းပေးလိမ့်မည် မဟုတ်ပါဘူး။ စိတ် သန့်ရှင်းသွားမှ အေးချမ်းခြင်းတွေ ကျွန်တော် တို့ ခံစားရလိမ့်မယ်။ စိတ်သန့ှ်ရှင်းဖို့အတွက် ဗုဒ္ဓတရားတော်တွေကို နာယူဖို့လိုပါလိမ့်မယ်။

ဥပမာ(၂)။ နေ့စဉ် လှုပ်ရှားရုန်းကန်နေသော ခန္ဓာကိုယ်ရှိ အညစ်အကြေးများ သန့်စင်ရန် ကျွန်တော်တို့ နေ့စဉ် ရေချိုးကြပါတယ်။ မောပန်းနွယ်နယ်သမျှ ရေချိုးလိုက်တာနဲ့ လန်းဆန်း သွားတာ များပါတယ်။ တနေကုန် ရုန်းကန်နေရတော့ လူကော စိတ်ကော ပင်ပန်း၊ လူလည်း ညစ်၊ စိတ်လည်း ညစ် ဖြစ်တတ် ပါတယ်။ လူခန္ဓာကိုယ်ညစ်ပတ်တာကိုတော့ ကျွန်တော်တို့ ရေချိုးလိုက်လို့ အတော် အသင့် လန်းဆန်း သွားပေမယ့်၊ မလန်းဆန်းသေးတဲ့ စိတ်အတွက်တော့ ကျွန်တော် ခန္ဓာကိုယ်ကို ရေ ချိုးသလို စိတ်ကိုလည်း ရေချိုးဖို့ လိုပါလိမ့်မယ်။ စိတ်ကို သန့်စင်အောင်ဆိုတာကတော့ တရားထိုင်ခြင်း၊ သတိပဌာန်တရားလေးနဲ့ နေခြင်းပါပဲ။ စိတ်မှာ ညှိတွယ်နေတဲ့ ကိလေသာ အညစ်အကြေးတွေကို ကင်းစင်ဖို့ ဗုဒ္ဓတရားတွေကို နာကြားဖို့ လိုပါလိမ့်မယ်။ စိတ်ငြိမ်သွားပြီဆိုတော့မှာ ကျွန်တော်တို့လည်း လန်းဆန်းပါလိမ့်မယ်။

ဥပမာ(၃)။ နောက်ကျိနေတဲ့ရေတစ်ခွက်ဟာ အနည်ထိုင်သွားတဲ့အခါမှာ ကြည်လင်သွားပါတယ်။ စိတ်ညစ်နေတဲ့အခါ စိတ်ဆင်းရဲစရာတွေကို ကြုံတွေ့နေရတဲ့အခါမှာ ကျွန်တော်တို့ရဲ့  စိတ်တွေဟာ မသန့်ရှင်းသေးတဲ့ရေလို ဖြစ်နေတတ်ပါတယ်။ နောက်ကျိနေတဲ့ ရေတစ်ခွက် ကလည်း ကြာလာရင် အနည်ထိုင်ပြီး သန့်ရှင်းကြည်လင်တဲ့ရေ အဖြစ်ကို ရောက်သွားသေးတာပဲ ကျွန်တော်တို့ရဲ့  စိတ်တွေ ဟာလည်း အမှန်တကယ် သတိတရားလေးနဲ့ နေသွားမယ်ဆိုရင် မုချမသွေ တစ်နေ့နေ့ တချိန်ချိန်မှာ အေးချမ်းကြည်လင်တဲ့အဆင့် ကို ရောက်ရှိလာမယ်ဆိုတာ ယုံကြည်ပါတယ်။ ကြည်လင်သောရေကို ရဖို့ တည်ငြိမ်မှုရယ်၊ အချိန်ရယ်လိုအပ်ပါတယ်။ တည်ငြိမ်သောစိတ်ကိုရဖို့အတွက်လည်း သမာဓိတရား လိုအပ်ပါတယ်။ ဓမ္မတရားတော်တွေ နာယူဖို့ မှတ်သားဖို့ ၊ နာယူမှတ်သားပြီးတဲ့ အတိုင်းကျင့်ကြံဖို့ လိုပါလိမ့်မယ်။
ကျွန်တော်ကိုယ်တိုင်လည်း အချိန်တိုင်း သတိနဲ့ နေနိုင်သေးတဲ့လူ တစ်ယောက် တော့မဟုတ်ပါဘူး။ ဒီလိုပဲ သတိထားမိတဲ့အချိန်လေးတော့ နေလိုက်တာပဲ။ တခါတလေလည်း သတိလက်လွတ်ဖြစ်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာမျိုးတွေ ဖြစ်ပါတယ်။ တခါတလေထိုင်နေရင်းက နေ တခုခုကို လုပ်မယ်ဆိုပြီး ထလိုက်တယ်။ ဒါပေမယ့် ထလိုက်တဲ့အချိန်မှာ ကိုယ်က ဘာလုပ်မယ်ဆို တာ မသိပြန်ဘူး။ တစ်ဆောင်တည်းနေတဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ပစ္စည်းတစ်ခု ငှားမလို့ သွားလိုက်တယ်။ သွားနေတုန်းလမ်းမှာ သတိလက်လွတ်ဖြစ်သွားတယ်။ တွေးချင်ရာတွေး ငေးချင်တာငေး သူငယ်ချင်းဆီကိုလည်းရောက် တော့ ကိုယ်လာရင်းကိစ္စက ဘာကြောင့် လာတယ်ဆိုတာ မေ့သွားတယ်။ တခါ ကိုယ့်အခန်းကို ပြန်ရောက်တော့မှ အော် ငါ ပစ္စည်းငှားမလို့ မေ့ခဲ့ပါလားဆိုပြီး ပြန်သတိရတတ်တယ်။ အဲလိုပဲ တစ်နေရာကနေ တစ်နေရာ ကိုယ့်နေတဲ့ အခန်းလေးထဲမှာကိုပဲ ဘာပြီးရင် ဘာလုပ်မယ်လို့ စဉ်းစားလိုက်ပေမယ့် မေ့သွားတာတွေ တခါတလေ ရှိတတ်ပါတယ်။ စိတ်မှာ သတိ မကပ်တော့ အယောင်ယောင်အမှားမှားတွေ ဖြစ်တတ်ပါတယ်။
ယနေ့ခေတ်မှာ အသစ်အဆန်းတွေက အင်မတန်မှ များပြားသလို လိုချင်စရာတွေကလည်း အရမ်းများ ပါတယ်။ လိုချင်စရာတွေနဲ့အတူ လူတွေရဲ့  လိုအပ်ချက်တွေကတော့ ဘယ်တော့မှ ပြီးပြည့်စုံသွား တယ်လို့ မရှိတော့ပါဘူး။ အချိန်တိုင်း အမြဲတမ်း လိုအပ်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ တချို့ လိုအပ် ချက်တွေကျတော့လည်း မိမိစိတ်ကို ရောင်ရဲ့ တင့်တိမ်နိုင်အောင်ကြိုးစားပြီး ခုခံနေရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကိလေသာစိတ်တွေ မကင်းစင်သေးသရွေ့ စစ်မှန်တဲ့ အေးချမ်းခြင်းကို ကျွန်တော်တို့ ခံစားရလိမ့်မည်မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ညစဉ်ညစဉ်အိပ်တိုင်း ခန္ဓာကိုယ်ကို ငြိမ်သက်အောင် စွမ်းဆောင်နိုင်ရန် လွယ်ကူပေမယ့် စိတ်ကိုငြိမ်သက်အောင် စွမ်းဆောင်ရတာ ခက်ခဲနေပါသေးတယ်။ ဒါကြောင့်ပဲ စားချိန်တန် မစားနိုင် အိပ်ချိန်တန်မအိပ်နိုင် အိပ်မရ စားမ၀င် ဘ၀တွေကို ဖြတ်သန်း နေရပါတယ်။
နေ့စဉ်ပုံမှန်အလုပ်တွေကိုမလုပ်ပဲ စိတ်အေးချမ်းဖို့ အတွက် အထူးကျင့်နေစရာမလိုပါဘူး။ ဒီနေ့ အေးချမ်း တယ်ဆိုတာထက် မနက်ဖြန်က ပိုအေးချမ်းစေချင်တယ်။ ဒီနေ့အဆင်ပြေတယ် ဆိုတာထက် မနက်ဖြန်တိုင်းမှာ ပိုအဆင်ပြေစေချင်တယ်။ နည်းလမ်းတွေလည်း ရှာကြပါတယ်။ မိမိအတွက် အဆင်ပြေ နိုင်မယ့်နည်းလမ်း၊ အေးချမ်းခြင်း ရနိုင်မယ့် နည်းလမ်းကို ဒီလိုပဲ တနေ့တာ ဖြတ်သန်းရင်း သတိလေးကပ်ပြီးတော့ သတိထားမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ စိတ်မှာ ဖြစ်နေတဲ့ တင်းကြပ်မှုတွေ၊ မွန်းကြပ်မှုတွေဟာ တဖြည်းဖြည်း လျော့လာမှာပါ။ ကျွန်တော်ခံစားမိသမျှ နားလည်သလောက်ကို ရေးသားထားခြင်းဖြစ်ပါသည်။ အမှားအယွင်းများရှိပါက အကြံပေးနိုင်ပါသည်။

သင်္ကြန်အမှတ်တရရေးသားထားသော ကိုယ်တွေ့ဖြစ်ရပ်မှန်ခံစားချက်များဖြစ်ပါတယ်
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ဗုဒ္ဓဟောကြားခဲ့သော ဓမ္မတရားတော်များကို နာယူရင်း နေအထွက်မှာ ရွှေခွက်ကိုမ ရေစက်ကိုချ၍ မဂ္ဂင်ဖောင်ကြီး ပျော်ပျော်စီးကာ နိဗ္ဗာန်ရွှေပြည်သို့ သွားကြပါစို့ ။

ချစ်သောကမ္ဘာမြေ