Wednesday, December 28, 2011

ရေစက်ချ


ယခုခေတ် အလှူဒါနပြုကြသောအခါ ရေဖလား၊ ရေကရား စသည်၌ ရေထည့်၍ အောက်ခံခွက် တစ်ခုပေါ်မှာ ရေတစ်စက် တစ်စက်ချရင်း ဘုန်းကြီးချပေးသော “ဘန္တေ - အရှင်ဘုရား၊ မယံ - တပည့်တော်တို့သည်၊ သံသာရ ဝဋ ဒုက္ခတော - သံသရာ ၀ဋ်ဆင်းရဲမှ” စသော စာတမ်းကို လိုက်၍ ဆိုကြ၏။ ထိုသို့ ရေတစ်စက်တစ်စက်ချရင်း ဆိုနေခြင်းကိုပင် “ရေစက်ချ” ဟု ခေါ်တွင်နေသည်။ ထို ရေစက်ချနည်းကို ဘုန်းကြီး မသင်္ကာသလို ဖြစ်နေသောကြောင့် ကျန်းစာများကို ကြည့်ရှုပို့ချရင်း ကျမ်းစာ အသုံးအနှုန်းများကို သတိထားလေ့ရှိရာ ..

၀၁။ ဝေဿန္တရာဇာတ်ဝယ် ဆင်ဖြူတော်လှူခန်း၌ “သုဂန္ဓောဒက ပူရိတံ သုဝဏ္ဏဘိင်္ကာရံ ဂဟေတွာ ဟတ္ထိသောဏ္ဍံ ဂဟေတွာ တေသံ ဟတ္ထေ ထပေတွာ ဥဒကံ ပါတေတွာ အဒါသိ = နံ့သာရေဖြင့်ပြည့်သော ရွှေကရားကို ယူ၍ ဆင်ဖြူတော်၏ နှာမောင်းကို ကိုင်ပြီးလျှင် ထိုပုဏ္ဏားတို့လက်၌ ထား၍ ရေကို ကျစေလျက် လှူပြီ” ဟု တွေ့ရ၏။ သားတော် သမီးတော်လှူခန်း၊ မဒ္ဒီမိဖုရားကို လှူခန်း၌လည်း ဤနည်း ပင်တည်း။

၀၂။ ဝိနည်းမဟာဝါ, စီဝရက္ခန္ဓက အဖွင့် ဝိမတိဋီကာ၌ “ပဌမံ ဥဒကံ ပါတေတွာ ပစ္ဆာဒေန္တိ=ရေကို ပဌမ ကျစေ၍ နောက်မှ (သင်္ကန်းတို့ကို) လက်ရောက် လှူကုန်၏” ဟု လည်းကောင်း၊ ပဉ္စက အင်္ဂုတ္တိုရ်, ဗြာဟ္မဏဝဂ် ဋီကာ၌ “ဥဒကံ ပါတေတွာ ဒေန္တီတိ - ဗြာဟ္မဿ ဟတ္တေ ဥဒကံ အာသိဉ္စန္တာ ဒေန္တိ = ပုဏ္ဏား၏လက်၌ ရေကိုလောင်းထည့်၍ (သတို့သမီးကို) ပေးလှူကုန်၏” ဟုလည်းကောင်း တွေ့ရ၏။

ဤအားလုံးကို ကောက်ချက်ချလိုက်လျှင် ရှေးအခါက အလှူဒါနပြုရာတိုင်းဝယ် ကြည်လင်အေးမြသော လက္ခဏာကို ဖော်ပြဖို့ရာ ရေကို အလှူခံပုဂ္ဂိုလ်၏ လက်၌ လောင်းထည့် သွန်းချ၍ ပေးလှူလေ့ရှိကြဟန် တူသည်။ ယခုကာလ တစ်စက်တစ်စက် ချနေသော ရေစက်ချသည် ထိုထုံးစံကို လိုက်ဟန်ရှိသော်လည်း ထိုရှေးစနစ်နှင့် အတူချေ။ ထို့ကြောင့် ဘာသာရေးကိစ္စ၌ သဘာဝကျကျ ပြုပြင်လိုသော အမျိုးသား အမျိုးသမီးတို့သည် ဘုန်းကြီးက ချပေးတိုင်း လိုက်ဆိုရသော ဆုတောင်းနှင့် တစ်စက်တစ်စက် ချရသော ရေစက်ချနည်းကို ပြုပြင်၍ ကြည်လင်သော ရေကို အလှူခံပုဂ္ဂိုလ်၏ လက်ပေါ် မှာ ဖြစ်စေ၊ မြေပေါ်မှာ ဖြစ်စေ သွန်းလောင်း၍ အလိုရှိရာဆုကို ကိုယ့်ဘာ သာ တောင်းသော ရှေးအကျဆုံး မူဟောင်းကိုသာ လိုက်သင့်ကြပါသည်။


အရှင်ဇနကာဘိဝံသ

ရတနာ့ဂုဏ်ရည်

စာမျက်နှာ - ၂၉၆

အမှားများသိ၍ အမှန်ပြင်နိုင်ကြပါစေ။ သာသနာတိုးတက်ပါစေ။