Wednesday, February 22, 2012

အထီးကျန်တရားတော် - ဆရာတော်ဦးဇော်တိက

ဆရာတော်ဦးဇောတိက ဟောကြားတော်မူသော အထီးကျန်တရားတော်ဆိုတာလေးကို မိမိကိုယ်တိုင် နာယူပြီး သဘောကျတာနဲ့ အခြားသူတွေကိုလည်း သိစေချင်သော စိတ်ကြောင့် ဆရာတော်တရားကို ဂရုတစိုက်နာယူရင်း ဆရာတော်ဟောထားတာတွေကို မြန်မာလို ပြန်ရိုက်ဖြစ်ခဲ့ပါတယ်။  တချို့  နေရာတွေမှာ ဆရာတော်ဟောကြားတော်မူထားသော ပါဠိစလုံးတွေ၊ အင်္ဂလိပ်စာလုံးတွေက လွှဲရင် ကျန်တဲ့အပိုင်းတွေကို တတ်နိုင်သမျှ ဆရာတော် ဟောကြားထားသော မူရင်းအဓိပ္ပာယ် ပျောက်မသွားအောင် ပြန်ရိုက်ထားပါတယ်။ စာလုံးပေါင်းမှားယွင်းမှုများ ရှိပါက စာပြန်ရိုက်သော ကျွန်တော်၏ တာဝန်သာဖြစ်ပါသည်။ တချို့ ကလည်း အသံဖိုင်တရားနာရတာကို သဘောကျတယ်။ တချို့ ကလည်း တရားစာပေဖတ်ရတာကို ပိုသဘောကျတာ ရှိတတ်ပါတယ်။ တရားနာမယ့်သူတွေအတွက်ကော၊ တရားစာပေးဖတ်ရှုသူတွေအတွက်ပါ အဆင်ပြေအောင် ကျွန်တော် ကြိုးစားပြီး မျှဝေလိုက်ပါတယ်။ ဆရာတော်ကြီးက အထီးကျန်တဲ့ဘ၀ကို ဘယ်လိုမျိုးအချိန်တွေမှာ ဖြစ်တတ်တယ်။ ဘယ်လိုမျိုးပုဂ္ဂိုလ်တွေ မှာ ဖြစ်တတ်တယ်။ အထီးကျန်အဖော်မဲ့တဲ့ ခံစားမှုမျိုးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရသလဲဆိုတာကို သေသေ ချာချာ လေးလေးနက်နက်ရှင်းပြထားပါတယ်။ အားလုံး အထီးကျန်တရားကို နာယူပြီး အဖော့်မဲ့ အထီးကျန်ခြင်းမှ ကင်းဝေးကြပါစေ၊ ပျော်ရွှင်ကြပါစေ။
ဘုန်းဘုန်းက ဒကာ၊ ဒကာမတွေကို တခုခုပြောတဲ့အခါမှာ ၀တ္တရားအရ ပြောတာမဟုတ်ဘူးနော်။ ဒကာ၊ ဒကာမတွေက တရားဟောပါဘုရားဆိုလို့ ၀တ္တရားရှိလို့ ဟောလိုက်ရတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ကိုယ်ကိုတိုင် ကိုယ်ဘ၀မှာ အခက်အခဲတွေ လောကဓံတရားတွေ၊ ဒုက္ခတွေအမျိုးမျိုး တွေ့ကြုံ ခံစားရပြီးတော့ ဒီလို အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရသလဲ ဘယ်လိုကျော်လွှားရသလဲ ဆိုတာတွေကို ကြုံဘူးထား တာ မှတ်သား ထားတာတွေနဲ့ ပေါင်းစပ်ပီးတော့ ဒကာ၊ ဒကာမတွေကို စဉ်းစားစရာဖြစ်အောင်၊ နည်းယူ စရာဖြစ်အောင် ပြောပြတာပါ။ ဟောပြောထားတာတွေကို မှတ်သားပြီး လုပ်ကြည့်လို့ ကြုံတွေ့နေရတဲ့ လောကဓံတရားတွေ ဒုက္ခတွေ နည်းနည်းလေးပဲဖြစ်ဖြစ် သက်သာရာရပါစေဆိုတဲ့ စေတနာ၊ မေတ္တာနဲ့ ပြောတာပါ။ ပြောတာတွေကို ပုံသေမှတ်ဖို့ မဟုတ်ပါဘူး။ စဉ်းစားပြီးတော့ လက်တွေ့လုပ်ကြည့်ကြဖို့ ပြောတာပါနော်။
ဒီဘုန်းဘုန်းက ဘ၀ထဲမှာ တရားရှာတဲ့သူဖြစ်တယ်။ ဒီသဘာဝတရားထဲမှာပဲ အမှန်တရားဆိုတာ ရှိတာကိုး။ ဘယ်လိုပညာရပ်ပဲဖြစ်ဖြစ် အဲဒီ ပညာရပ်နဲ့ ပက်သက်ပီးတော့ တကယ် ရှာဖွေလေ့လာချင်တယ်ဆိုရင် သဘာဝထဲမှာ ပြန်ရှာရမှာပဲ။ ဥပမာဆိုပါတော့ သိပ္ပံပညာတွေဖြစ်တဲ့ ရူပဗေဒတို့၊ ဓာတုဗေဒတို့ ဇီဝဗေဒတို့ သတ္တဗေဒတို့ကို တကယ်တတ်ချင်ရင် သိချင်ရင် သဘာဝ လောကကိုကြည့်ရတယ်။ ကြည့်တတ်တဲ့သူတွေကကြည့်ပီးတော့ သူတို့မြင်ထားတာတွေကို စာအုပ်ထဲ မှာ ပြန်ပြီးတော့ ရေးပေးထားတဲ့ မှတ်တမ်းတွေရှိတယ်။ ကိုယ်ကအဲဒီမှတ်တမ်းတွေ ဖတ်ပြီးတော့ အဲဒီ မှာတင် လမ်းဆုံးလို့ မဖြစ်ဘူး။ သဘာဝလောကကို တခါပြန်ကြည့်ရတယ်။ အဲဒီတော့ လူ့လောကမှာ ရှေးကတည်းက ပညာရှင်အမျိုးမျိုးက သဘာဝလောကကြီးကို ကြည့်ပြီးတော့ သူတို့သိတာကို တဆင့် တဆင့် လက်ဆင့်ကမ်းသွားတာနော်။ အဲဒီလို လက်ဆင့်ကမ်းသွားတဲ့အတွက်ကြောင့် လောကကြီးက တိုးတက်လာတာ။ တစ်ဦးသိတာကို နောက်တစ်ဦးကိုမျှပေးလို့ လူ့လောကကြီး ဒီလိုတိုးတက်လာတာ။ နောက်တစ်ဦးကလည်း မျှပေးတဲ့အတိုင်းရပ်မနေဘူး။ နောက်ထပ် ပိုသိအောင်ကြိုးစားတယ်။ ကြိုးစား ပြီးတော့ နောက်တခါ သူ့နောက်ကလာတဲ့ ငယ်တဲ့သူတွေကို ပညာပေးခဲ့ပြန်တယ်။ တရားနဲ့ ပက်သက် တာလည်း ဒီအတိုင်းပါပဲ။ ဘဝထဲမှာ တရားတွေရှိတယ်။ ခန္ဓာထဲမှာ တရားတွေရှိတယ်။ တရားနဲ့ ပက်သက်ပြီးတော့လည်း မှတ်တမ်းတွေ ရှိပါတယ်။ အဲဒီမှတ်တမ်းတွေကို ဖတ်ရှုလေ့လာရတယ်၊ မှတ်သားရတယ်၊ စဉ်းစားရတယ်။ ပြီးရင် သဘာဝကို ပြန်ကြည့်ရတယ်။ သတိရှိတဲ့သူ ဥာဏ်ရှိတဲ့သူ ဆိုရင် မြတ်စွာဘုရားနဲ့ ရှေးပညာရှိသူတော်ကောင်းများ ဟောခဲ့တဲ့ တရားစကားတစ်လုံးလောက်ကို ပဲ သေသေချာချာ အာရုံပြုမယ် နှလုံးသွင်းမယ်ဆိုရင် ဘဝကို အင်မတန်အကျိုးပြုတာ တွေ့ရတယ်။ ဥာဏ်ရှိတဲ့သူအတွက် တရားစကားလေးတစ်လုံးဟာ မဆုံးနိုင်လောက်အောင် ကျယ်ပြန့်နက်နဲသွား ပါတယ်။
ဒီဘုန်းဘုန်းကလည်း ဘုရားဟောတဲ့ အပ္ပမာဒေန သမ္ပာဒေထ ဆိုတဲ့ စကားကို စဉ်းစားနေတာ လေ့လာနေတာ အားထုတ်နေတာ နှစ်တော်တော်ကြာပြီ အခုထိ ပြည့်စုံပြီလို့ မထင်သေးဘူး။ ကြာတော့လည်း တဖြေးဖြေးပိုသိလာတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒကာ၊ ဒကာမတွေကလည်း တရားအားထုတ်တဲ့သူတွေဆိုတော့ တရားအားထုတ်တာနဲ့ ပက်သက်ပြီး တွေ့တိုင်းကြုံတိုင်း၊ ပြောနေကြ ဖြစ်နေပါပြီ။ တရားကို အမြဲအားထုတ်နေရမှာနော်။ ဒီအလုပ်ကပြီး သွားတယ်လို့ မရှိဘူး။ နေ့တိုင်းအားထုတ်နေရမှာ။ ကိုယ့်ဘ၀မှာ ဖြစ်နေတဲ့ လောကဓံတရားတွေ အကုန်လုံးကို တရားသတိနဲ့ကြည့်ပြီးတော့နေထိုင်သွားရမှာနော်။
ဒီနေ့တော့ လောကဓံတရား (၈) ပါးထဲက ယသော အယသောဆိုတဲ့ လောကဓံကိုပြောမှာပါ။ လောကဓံ ဆိုတာ အကောင်းလည်း လောကဓံပဲ၊ အဆိုးလည်း လောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများတယ်။ အကောင်းနဲ့ ကြုံနေရတဲ့အခါကြတော့ ငါ့မှာ လောကဓံနဲ့ တွေ့ကြုံ နေရပါတယ်လို့ မပြောကြဘူး။ အကောင်းကို လောကဓံလို့ မထင်ဘူး။ သို့သော် ဘ၀မှာ တွေ့နေကြုံနေ ရတာက အဆိုးတွေ တော်တော်များပါတယ်။ အဲဒါကို သတိနဲ့ ဥာဏ်နဲ့ ကြည့်ပြီးတော့ သိပြီးတော့ နေတတ်မယ်ဆိုရင် အဲဒီအဆိုးတွေရဲ့  ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမမယ်။
အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်းဆိုတဲ့အကြောင်းကို အရင်ကလည်း ပြောဘူးပါတယ်။ နောင်တစ်ခေတ်မှာ လူတွေတွေ့ကြုံရမယ့် ဒုက္ခတွေထဲမှာ အကြီးဆုံးဒုက္ခက ဘာဖြစ်မလဲဆိုတော့ အပေါင်းအဖော်မရှိခြင်း ပဲ။ အခုလည်းကြုံနေရပါပြီ။ လူတွေက လောကကြီးထဲမှာ ကြာလေများလေ ဖြစ်လာနေတာ။ လူဦးရေများလာသလောက် လူတွေဟာ အဖော်မဲ့အထီးကျန်ပိုဖြစ်လာတယ်။ အပျော် အပါးတွေလည်း အခုခေတ်မှာ ပိုများလာပါတယ်။ အပျော်အပါးများသလောက် အဖော်လည်းပိုပြီးမက် လာတယ်။ အနောက်နိုင်ငံတွေမှာတော့ ဒီလိုအခက်အခဲတွေ တွေ့ရတာ တော်တော်လေးကြာနေပါပြီ။ အနောက်နိုင်ငံက ပညာရှင်တချို့ ကလည်း ဒီအခက်အခဲဒုက္ခတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သူတို့ဘာသာသူတို့ နည်းလမ်းတွေ ရှာကြပါတယ်။ အထိုက်အလျှောက်တော့ သူတို့ပြောတဲ့ နည်းလမ်း တွေကကောင်းပါတယ်။ သို့သော် ပြည့်စုံတယ်လို့တော့ မရှိဘူး။ ဘယ်တော့မှ မပြည့်စုံဘူး။ သူတို့ဆီက ကောင်းတဲ့ နည်းတွေကိုလည်း ယူရမှာပဲနော်။
ဘုန်းဘုန်းငယ်ငယ်တုန်းကဖတ်ဘူးခဲ့တဲ့ စာအုပ်တစ်အုပ်ရှိတယ်။ စာအုပ် အဓိပ္ပာယ်က လူတွေ အများကြီးကြားထဲမှာ နေရပြီးတော့မှ အထီးကျန်ဖြစ်နေတဲ့ဘဝလို့ အဓိပ္ပာယ်ပေါက်တယ်။ အင်မတန် စဉ်းစားဖို့ကောင်းတယ်။ လူမရှိလို့ အထီးကျန်ဖြစ်တာမဟုတ်ဘူးနော်။ ကိုယ့်အနားမှာ လူတွေအများကြီး ရှိနေပေမယ့်လည်း ကိုယ်ဟာ တကိုယ်တည်း အထီးကျန်အဖော်မဲ့ ဖြစ်နေတယ်။ ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး အနောက်နိုင်ငံကပညာရှင်များပြောတာကိုလည်း ထည့်သွင်းစဉ်းစား စေချင်တယ်။ မြတ်စွာဘုရားဟောတဲ့ သတိပဌာန်နည်းနဲ့လည်း ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာကို စဉ်းစားစေချင်တယ်။ လက်တွေ့လည်း လုပ်ကြည့်စေချင်တယ်။ လူတွေအများကြီးရှိနေပေ မယ့် အဖော်မဲ့သလို ဖြစ်နေတဲ့ ခံစားမှုမျိုး ကြုံဘူးကြမှာပါ။ ဘယ်သူဖြစ်ဖြစ် တနည်းနည်းနဲ့ အနည်းနဲ့ အများ အဖော်မဲ့သလို အထီးကျန်ဖြစ်သလိုမျိုး ကြုံတွေ့ရတတ်ပါတယ်။ တချို့  လူတွေဟာ အလုပ်သိပ် များတယ်။ အဲဒီတော့ ဘယ်တော့မဆို ခပ်သုတ်သုတ် ခပ်မြန်မြန်သွားတယ်။ ပြောတယ်၊ လုပ်တယ်။ သူ့မှာ သူ့အနားကို ရောက်လာတဲ့ လူတစ်ယောက်ကို အေးအေးဆေးဆေး အာရုံပြုဖို့ အဲဒီလူပြော တာကို အေးအေးဆေးဆေး စဉ်းစားဖို့ အဲဒီလူကို ကိုယ့်စိတ်ထဲက ဘာပြောချင်တယ်ဆိုတာကို စဉ်းစား ပြီးတော့ ပြန်ပြောဖို့ရာ အချိန်မရှိဘူး။ အခုခေတ်က အလုပ်အင်မတန် များတဲ့ခေတ်။ အပျော်အပါး အင်မတန်များတဲ့ခေတ် ဖြစ်တော့ လူလူချင်းဆက်ဆံရေးမှာ အချိန်တွေဟာ လျော့လျော့သွား နေတယ်။ အနောက်နိုင်ငံမှာဆိုရင် မိဘနဲ့ သားသမီးစကားပြောချိန်က တစ်နေ့မှာ မိနစ် ၂၀ လောက်ပဲ ရှိတယ်တဲ့။ လူလူချင်း ထိတွေ့မိ တဖြည်းဖြည်း နည်းသွားနေတယ်။
ကမ္ဘာပေါ်မှာ လူတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ့်နဲ့ အဖော်ဖြစ်မယ့်သူက မရှိဘူးဖြစ်နေတယ်။

အဖော်ဆိုတာ ဘယ်လိုမျိုးကိုခေါ်သလဲ ….. ?

၀၁။ ကိုယ့်စိတ်ထဲမှာ ဘာတွေခံစားနေရတယ်ဆိုတာကို သိတဲ့သူ
၀၂။ ကိုယ့်ကို ကိုယ်ချင်းစာနိုင်မယ့်သူ
၀၃။ ကိုယ့်ကို နားလည်တဲ့သူ၊ နားလည်တဲ့ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့  အကောင်းရော၊ အဆိုးရော အားနည်း ချက်တွေအကုန်လုံးကို နားလည်တာကို ဆိုလိုတာနော်
၀၄။ ကိုယ့်ကို အလကားနေရင်း အပြစ်မမြင်တဲ့သူ
၀၅။ ကိုယ့်ကို အလကားနေရင်း မဝေဖန် မရှုံ့ ချတဲ့သူ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ခေါ်တယ်။

သာမန်အားဖြင့် လူတွေဟာ အပြစ်မရှိအပြစ်ရှာတတ်တယ်။ အပြစ်သေးသေးလေးကို ပုံကြီးချဲ့ တတ် တယ်။ အဖော်ကောင်း၊ မိတ်ဆွေကောင်းဟာ အဲဒီလို မလုပ်တတ်ဘူး။ ကိုယ်ရဲ့  ချွတ်ယွင်းချက်၊ အား နည်းချက်ကို စေတနာ၊ မေတ္တာနဲ့ မထောက်ပြဘူးလို့ မဆိုလိုဘူးနော်။ ကိုယ့်မှာ အမှားတွေ၊ ချွတ်ယွင်း ချက်တွေ ရှိရင်တောင်မှ အဲဒါကို ကိုယ်ချင်းစာပြီးတော့ နားလည်ဖို့ကြိုးစားတယ်။ ငါသာ သူ့နေရာမှာ နေရရင် ဘယ်နှယ့်များနေမလဲလို့ ကိုယ်ချင်းစာတတ်တယ်။ ကိုယ့်စကားကို သေသေချာချာ နာေးထာင်တယ်။ ဆုံးအောင်နားထောင်တယ်။ အဓိပ္ပာယ်ကိုလည်း မှန်မှန်ကန်ကန်ကောက်တယ်။ ဒီ အချက်တွေကို သေသေချာချာစဉ်းစားပါနော်။ အဖော်ဖြစ်ဖို့ရာ လိုအပ်တဲ့ အင်္ဂါရပ်တွေကို တော်တော် များပါတယ်။ ကိုယ့်အနားမှာ ထိုင်နေရုံနဲ့ အဖော်လို့ ပြောလို့မရဘူး။ ကိုယ်ပြောတဲ့ စကားကို မှန်မှန် ကန်ကန်နဲ့ ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ်အတိုင်းနားလည်မှသာ သူနဲ့ ကိုယ်နဲ့ အဖော်ဖြစ်နိုင်တယ်။ ကိုယ်က စကားတခုခုပြောတယ်။ အဲဒါကို သူက သူ့ဟာသူ လိုသလို အဓိပ္ပာယ်ကောက်တယ်။ ကိုယ်က အဲဒါ ငါပြောချင်တဲ့ အဓိပ္ပာယ်မဟုတ်ပါဘူးလို့ ပြန်ရှင်းပြရင်တောင်မှ သူက လက်မခံဘူး။ သူကောက်ချင်တဲ့ အဓိပ္ပာယ်ပဲကောက်တယ်။ အဲဒါမျိုးလုပ်တတ်တယ်ဆိုရင် အဲဒီလူနှစ်ယောက်ဟာ အဖော် မဖြစ်နိုင်ဘူး။ နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် သူကတဆင့် နှိမ့်ပြီးတော့ ပြောရမယ်ဆိုရင် နားလည်ချင်စိတ်ရှိတယ်။ နားလည်ဖို့ ကြိုးစား တယ်ဆိုရင်ကိုပဲ အင်မတန်တော်လှပါပြီ။ အဲဒီလောက်ရှိတယ်ဆိုရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော် ဖြစ်လို့ ရပြီ။ အများစုကတော့ တစ်အိမ်ထဲမှာ အတူတူပင်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်တွေကောက်တာ လွှဲနေတယ်။ စကားကိုဆုံးအောင် နားမထောင်ဘူး။ ကိုယ်ချင်းမစာဘူး။ နားမလည်ဘူး။ ခန္ဓာကိုယ်ချင်း ထိပြီး ထိုင်နေပေမယ့်လည်း စိတ်ချင်းတစ်ယောက်ကိုတစ်ယောက် မသိဘူးလို့ ပြောလို့ရတယ်။ သူ့လည်း ငါမသိ။ ငါ့လည်း သူမသိ။ ဒီလို မသိတဲ့လူနှစ်ယောက်က အဖော် မဖြစ်နိုင်ပါဘူး။ ငါ့ကိုသိမှ ငါနဲ့ အဖော်ဖြစ်မယ်။ ငါဘယ်လို ခံစားနေရတယ်ဆိုတာကိုပါ သိမှ ငါနဲ့အဖော်ဖြစ်မယ်။
ဥပမာ - သင်္ချာပညာရှင်တစ်ယောက်နဲ့ ရူပဗေဒပညာရှင်တစ်ယောက် ရှိတယ်ဆိုပါစို့။ သူတို့ နှစ်ယောက်က ဘာသာရပ်ချင်း ဆက်စပ်မှုနည်းနည်းရှိနေတော့ တစ်ယောက်ကိုတစ်ယောက် ဒီဘာသာရပ်နဲ့ ပက်သက်တာတွေ ပြောကြမယ် ဆိုကြမယ် ဆွေးနွေးကြမယ်။ ဒါပေမယ့် သူတို့နှစ် ယောက် အဖော်မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ပြင်ပအကြောင်းဖြစ်တယ်။ ကိုယ့်ဘဝ ကိုယ့်ခံစားချက်နဲ့ တကယ်ပြည့်ပြည့်ဝဝ ဆက်စပ်မှုမရှိသေးဘူး။ သို့သော်လည်း သူတို့နှစ်ယောက်က ပညာရှင်အချင်းချင်း ပညာကို တန်ဖိုးထားတဲ့ ဆက်ဆံရေးတော့ဖြစ်မယ်။ အဲဒီလောက်နဲ့ ဆက်ဆံရေး မလုံလောက်ဘူး။ သူ့မှာ ဝမ်းနည်းတဲ့အခါလည်းရှိမယ်။ စိုးရိမ်တဲ့အခါလည်း ရှိမယ်။ အားငယ်တဲ့အခါ လည်းရှိမယ်။ ကျေနပ်ဝမ်းသာနေတဲ့အခါလည်း ရှိမယ်။ အဲဒါတွေအားလုံးကို မျှဝေ ပြောပြနိုင်မှသာ မိတ်ဆွေကောင်း အဖော်ကောင်းလို့ ခေါ်နိုင်မယ်။ ဘယ်သူဖြစ်ဖြစ် တခါတလေ၀မ်းနည်းတတ်တယ်။ ဒါပေမယ့် အဲဒါ ဟန်လုပ်ပြီး ဖုံးပြီးနေတတ်တယ်။ လူတွေနဲ့ တွေ့တဲ့အခါ ပျော်နေတဲ့ အမူအရာမျိုး လုပ်ပြတယ်။ ငါ ဝမ်းနည်းတာ လူမသိစေရဘူး။ လူသိသွားရင် ငါ့ကို ပျော့ညံတဲ့သူလို့ ထင်မယ်။ အဲဒီတော့ ဟန်လုပ်ပြီးနေတယ်။ ဟန်လုပ်ပြီးတော့ နေရတာ သိပ်ပြီတော့ Lonely ဖြစ်တယ်။ တချို့  ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေထဲမှာ ကိုယ်ဟာကိုယ်ပဲ ပြန်ပြီးတော့ ရှက်ရမယ့်ကိစ္စမျိုးတွေ ရှိချင်ရှိမယ်။ မအောင်မြင်တဲ့ကိစ္စမျိုးလည်း ရှိချင်ရှိမယ်။ အဲဒီလိုကိုယ့်စိတ်ထဲမှာ ရှက်တာ၊ ကြောက်တာ၊ အားငယ် တာ၊ စိုးရိမ်တာ၊ ဝမ်းနည်းတာတွေကို မသိတဲ့သူ နားမလည်တဲ့သူ ကိုယ်ချင်းမစာနိုင်တဲ့သူနဲ့ အဖော် မဖြစ်နိုင်ဘူး။ အထူးသဖြင့် တအိမ်တည်း အတူနေတဲ့သူဆိုရင် ပိုပြီးတော့ အရေးကြီးပါတယ်။ တချို့  လူတွေဟာ လူအများနဲ့ တကယ်ခင်ခင်မင်မင်ရင်းရင်းနှီးနှီး မဆက်ဆံတတ်ဘူး။ လူတွေနဲ့ ကင်းကွာပြီး တစ်ယောက်တည်း ဖြစ်နေတယ်။ တစ်ယောက်တည်းဖြစ်နေတာကိုလည်း နည်းနည်း ခံရတာခက် နေတယ်။ ကိုယ့်အကြောင်းကို ပြန်တွေးမိရင် ပြန်စဉ်းစားမိရင် ခံရခက်နေတယ်။ ဒါပေမယ့် လူတော် တော်များများ ခံစားဘူးမှာပါ။
ဘုန်းကြီးနဲ့ သိတဲ့သူအကြောင်းနည်းနည်းပြောချင်တယ်။ သူ့ကို အမေရိကားမှာ တွေ့ခဲ့တာပါ။ သူဘုန်းကြီးကျောင်းကိုလာတော့ ဘာဖြစ်လို့ ဘုန်းကြီးကျောင်းကို ရောက်လာတာလဲလို့ မေးကြည့်တော့
အိပ်မပျော်လို့ပါ။ ကျောင်းကိုလာရင် ဘုန်းကြီးတွေက အိပ်ပျော်တဲ့နည်းများ ပေးမလားလို့ပါ။
အိပ်မပျော်တဲ့လူဟာ စိတ်မငြိမ်းချမ်းလို့ပါ။ စိတ်ကိုငြိမ်းချမ်းအောင် လုပ်တတ်လို့ ရှိရင် အိပ်ပျော် ပါတယ်။ စိတ်ထဲမှာ သောကတွေ သိပ်များနေတယ်။ စိတ်လှုပ်ရှားမှု သိပ်များနေတယ်။ စိုးရိမ်မှု၊ ပူပန်မှု တွေများနေတယ် အတွေးတွေကို ရပ်လို့ မရဘူးဆိုရင် အိပ်ချင်နေပေမယ့်လည်း အိပ်လို့မပျော်ဘူး။ သူအမူအရာ အပြောအဆိုကို ကြည့်ရတာ နည်းနည်းကြမ်းတမ်းတဲ့ အမူအရာမျိုးရှိနေတာကို တွေ့ရ တယ်။ မကျေနပ်မှုတွေ တော်တော်များနေတာကို တွေ့ရတယ်။ ပြီးတော့ နည်းနည်းထိုင်းမှိုင်းတဲ့ အမူ အရာလည်းရှိတယ်။ နောက်မှ သိရတာက အဲဒီ ဒကာမကြီးဟာ မူးယစ်ဆေးဝါးလည်း စွဲနေတယ်။ အိပ်ဆေးလည်းစွဲနေတယ်။ ဒါနဲ့ သူ့ကို ပထမဦးဆုံး စိတ်နူးညံသွားအောင်ဆိုပြီးတော့ မေတ္တာပွားနည်း သင်ပေးလိုက်တယ်။ နောက်တစ်နေ့ကျတော့ အဆင်ပြေရဲ့ လားလို့ မေးကြည့်တော့
မေတ္တာပွားလို့ မရပါဘူးတဲ့။
 ဒါနဲ့ သူကို မေတ္တာပွားတာ ဘာခက်လို့တုန်း ကိုယ့်ကိုကိုယ်စပြီး မေတ္တာပွားဖို့ပဲ ကိုယ့်ကိုကိုယ်ချမ်းသာ စေချင်တယ် မဟုတ်လားလို့ မေးတော့ သူက ခဏတော့ တိတ်နေတယ်။ ဘာမှမပြောဘူး။ နောက်တော့ ဆက်မေးကြည့်တဲ့ အခါကျတော့
ကိုယ့်အကြောင်းကို မတွေးချင်ဘူး မေ့ထားချင်တယ်။ တစ်ယောက်တည်းနေလို့ မရဘူး။ တစ်ယောက်တည်းနေလိုက်ရင် ကိုယ့်အကြောင်းကိုတွေးမိပြီး စိတ်ပျက်တယ်။
ကိုယ့်ကိုကိုယ်မချစ်ဘူးလားလို့ မေးတော့
ကိုယ့်ကိုကိုယ်မချစ်ဘူးတဲ့ ။

ဒါနဲ့ တဆင့်တက်ပြီးတော့ မေးကြည့်တယ်
မိဘတို့ ဆရာသမားတို့ကိုကော မချစ်ဘူးလားလို့
အဖေကငယ်ငယ်ကတည်းကွဲသွားတယ်။ အဖေကအရက်စွဲနေတယ်။ အလုပ်ကောင်းကောင်း မလုပ်ဘူး။ မိသားစုကိုလည်း ကောင်းကောင်းမထောက်ပံဘူး။ နောက်တော့ အသည်းကျွမ်းတဲ့ရောဂါ နဲ့ ဆုံးသွားတယ်။ အမေကတော့ အဖေနဲ့ ကွဲသွားတဲ့ နောက်ပိုင်းမှာ အလုပ်လုပ်ရတဲ့အတွက်ကြောင့် သူတို့ မောင်နှမတွေကို ဂရုမစိုက်နိုင်ဘူး။ ပြီးတော့ အမေဟာ ဂရုစိုက်မယ်ဆိုရင် စိုက်နိုင်နေပါရက်နဲ့ တခါတလေ သူဟာသူ ပျော်သလို သက်သာသလိုပဲနေတယ်။
အဲဒီတော့ သူဟာ အဖေ့မေတ္တာလည်း မရ ဘူး၊ အမေ့မေတ္တာလည်းမရခဲ့ဘူး။
အမေ့ကို ချစ်သလားဆိုတော့
အမေ့အသံတောင် မကြားချင်ဘူး။
အဲဒီလောက်ထိအောင်ဆိုးတယ်။
အမေကတယ်လီဖုန်းဆက်ရင် တယ်လီဖုန်းကောက်ပြီးနားထောင်လိုက်တဲ့အခါမှာ အမေ့အသံလို့ သိလိုက်တာနဲ့ တပြိုက်နက် ပြန်ချလိုက်တော့တာပဲ ဆက်မပြောတော့ဘူးတဲ့။
ဆရာသမားတွေထဲမှာရောဆိုတော့
ဆရာသမားတွေထဲမှာလည်း ချစ်နိုင်လောက်တဲ့သူမရှိဘူး။
သူငယ်ချင်းမိတ်ဆွေတွေထဲမှာရောဆိုတော့
ဒါလဲပဲ တွေ့လို့ကြုံလို့သာ ဆက်ဆံနေရတာပါ ဘယ်သူ့ကိုမှ တကယ်ချစ်တယ်ဆိုတာ မရှိဘူး။
ဒါနဲ့ ဘုန်းကြီးလည်းတော်တော်စိတ်ညစ်သွားတယ်။ ဘယ်လိုမှပြောလို့မရတော့ဘူး။ နောက်ဆုံးတော့ ပွင့်ပွင့်လင်းလင်းပြောမယ်နော် လူဆိုတာကိုယ်ကိုကိုယ်အချစ်ဆုံးလို့ ဘုရားဟောလည်းရှိတယ်။ ကြားလည်းကြားဘူးတယ်။ စာတွေပေတွေထဲမှာလည်း ဖတ်ဘူးတယ်။ ကိုယ်ကိုတိုင်လည်း ဒီလိုပဲ ခံစားရတယ်။ ပြီးတော့ ဒီလောက်သတ္တ၀ါတွေများတဲ့ လောကကြီးထဲမှာ တစ်ယောက်ကိုမှ မချစ်ဘူး ဆိုတာတော့ ဒီတစ်ခါပဲကြားဘူးတာပါ။ ဒါပထမဦးဆုံးပါပဲ။ အပြစ်တင်တယ်လို့တော့ မထင်ပါနဲ့နော်။ တကယ် အံ့သြလွန်းလို့ပါလို့ပြောတော့ သူလည်း စိတ်ကောင်းဖြစ်သွားတယ်။ သူဟာသူအကြာကြီး စဉ်းစားပြီးတော့
ချစ်တာတစ်ဦးတော့ရှိတယ်။
ဘယ်သူတုန်းဆိုတော့
သူငယ်ချင်းရဲ့  ခွေးတဲ့..။
သူရဲ့ ကိုယ်ပိုင်ခွေးတော့မဟုတ်ဘူးနော်။ ဒီခွေးကလေးနဲ့ ကစားရရင်ပျော် တယ်။ အဲဒီတော့ တလောက လုံးမှာ ကိုယ့်ကိုလည်းမချစ်ဘူး။ တခြားဘယ်သူ့ကိုမှလည်း မချစ်ဘူး။ ချစ်စရာဆိုလို့ ခွေးလေးတစ်ကောင်ပဲရှိတဲ့ သူရဲ့  အထီးကျန်အဖော်မဲ့ခံစားမှု ကို စဉ်းစားကြည့်စမ်းပါ။ ဘယ်လောက် သနားစရာကောင်းလဲ။ ဒါပေမယ့် ဒီဒကာမကြီးဟာ တရားကို တော်တော်လေးကြိုးစား အားထုတ်ပါတယ်။ ၅ လ ၆ လလောက်ကြိုးစားအားထုတ်ပြီးချိန်မှာ အရက်တွေ အိပ်ဆေးတွေ မူးယစ်ဆေးဝါးတွေ အကုန်ပြတ်သွားပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လာတယ်။ သူ့စိတ်ထဲမှာ ကြင်လင်မှု အေးချမ်းမှု ရှိလာတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ သူ့အမေအကြောင်းပြန်တွေးတဲ့အခါ အမေကို သနားလာတယ်။ အမေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောင်္ကျားနဲ့ကွဲသွားတယ်။ ဒီကလေးတွေနဲ့ တစ်ယောက်တည်း ဘ၀ကို ရုန်းကန်ရတယ်။ တခါတလေလည်း သူစိတ်ချမ်းသာသလို ပျော်သလို နေမှာပေါ့။ အမေ့စိတ်ထဲမှာ ဘယ်လိုများ ခံစားရမလဲဆိုတာကိုတွေးပြီး နည်းနည်းကိုယ်ချင်းစာ ပြီးတော့ သနားသွားတယ်။ အဲဒီနောက်မှာ အမေက တယ်လီဖုန်းဆက်ရင် အေးအေးဆေးဆေး စကား ပြန်ပြောတယ်။ အမေကြီးခမျာ အသက်ကြီးတော့ သမီးကို ပိုချစ်လာတယ်ဆိုပါတော့။ ငယ်ငယ်တုန်း ကတော့ သူ့လောကဓံနဲ့ သူ့ ဒုက္ခနဲ့ သူဆိုတော့ သူ့သားသမီးတွေကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ ကြီးလာ တော့ ဒီသမီးကို ပိုချစ်လာတယ်။ သမီးနဲ့ တွေ့ချင်တယ်။ သမီးနဲ့ နေချင်တယ်။ ဒါပေမယ့် သမီးကလုံးဝ လက်မခံဘူး။ ဘယ်လောက်ထိအောင်ပြောလဲဆိုရင် ( အမေလာခဲ့ရင် တိုက်ပေါ်ကနေ ခုန်ချပြီးတော့ ကိုယ်ကိုကိုယ် သတ်သေလိုက်မယ်) ။ အဲဒီလောက်ထိအောင် သူရဲ့  နာကျည်းနေတဲ့ ခံစားချက်က ပြင်းထန်တယ်။ အခုတော့ အဲဒီအမေကို သနားလာတယ်။ အမေနဲ့ အတွေ့ခံတယ်။ တရားအားထုတ် လို့ နည်းနည်း ငြိမ်းချမ်းမှု ရှိလာတဲ့ အခါကျတော့ သနားတတ်လာတယ်။ ချစ်တတ်လာတယ်။ ကိုယ်ချင်းစာတတ်လာတယ်။ ဒီလို ဖြစ်လာတာနဲ့ကိုပဲ အထီးကျန်မှုက တော်တော် သက်သာလာတယ်။
အနောက်နိုင်ငံတွေမှာ အဲဒီလို ဖြစ်နေပီ။ မြန်မာပြည်မှာလည်း နည်းနည်းဖြစ်လာတာ တွေ့နေရပါပြီ။ ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားပဲနဲ့ လေးလေးနက်နက် စဉ်းစားပါနော်။ တချို့ လူတွေက ကိုယ့်ကိုကိုယ်တောင်မှ မချစ်ဘူး။ ကိုယ့်အကြောင်းကိုမေ့ထားချင်တဲ့သူတွေ၊ ကိုယ့်ကိုကိုယ့် မုန်းတဲ့သူ တွေ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတာ စဉ်းစားပါ။ များသောအားဖြင့် ကိုယ်ကိုကိုယ်မုန်းတယ်ဆိုတာ ကိုယ်ဘဝကို ကိုယ်မကျေနပ်တာပဲ။ ကိုယ်ကိုတိုင်မသင့်တော်တာတွေ မှားနေတာတွေ လုပ်ထားတဲ့သူ ဟာ ကိုယ့်ကိုကိုယ်မကျေနပ်မှု ပိုပြီးတော့ ဖြစ်တယ်။ သူတပါးနဲ့ တွေ့တဲ့အခါမှာလည်း ကိုယ်ဟာ သူ့အတွက် အဖော်ကောင်း မဖြစ်ဘူး မိတ်ဆွေမဖြစ်ဘူး။ တချို့ လူတွေက သူတပါးကို ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း မပြောဆိုတတ်ဘူး။ မဆက်ဆံတတ်ဘူး။ မယုံကြည်ဘူး။ စိတ်မချဘူး။ ဒီလိုဖြစ်တဲ့သူ တချို့  ရန်ကုန်မှာ ရှိတယ်။ သူတို့ဘဝ ကိုသေသေချာချာလေ့လာကြည့်တယ်။
ဥပမာ - ကလေးတစ်ယောက်ဆိုရင် သူ့မိဘက ၀န်ထမ်းတွေဆိုတော့ ဟိုပြောင်းဒီပြောင်းပြောင်းရ တယ်။ သူကတော့ ဆွေမျိုးတွေနဲ့ပဲ ကျန်ရစ်ခဲ့တာများတယ်။ အတူနေတဲ့ အဒေါ်တစ်ယောက်ကလည်း သားသမီးတစ်ယောက်မှ မရှိဘူး။ အဲဒီတော့ သူမှာ အဖော်မရှိဘူး။ ညီအစ်ကိုမောင်နှမလည်း နည်းတယ်။ တစ်ယောက်တည်းနေရတာများတယ်။ သူ့အဒေါ်ကလည်းပဲ ဘယ်သူ့ကိုမှ အကောင်း မမြင်တတ်ဘူး။ ဘယ်သူ့ကိုမှ မယုံဘူး။ သူများအကြောင်းပြောလိုက်ရင် အမြဲတမ်း မကောင်းကြောင်းပဲ ပြောလေ့ရှိတယ်။ အဲဒီကလေးကလည်းဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အပြစ်သိပ်မြင်တတ်တယ်။ အကောင်း ပြောလေ့သိပ်မရှိဘူး။ ကြီးပြင်းလာတဲ့ အရွယ်ထိအောင် ဘယ်သူနဲ့မှ မရင်းနှီးဘူး။ အခုအသက် တော်တော်ကြီး ကြီးနေပါပီ။ မိဘနဲ့လည်း မရင်းနှီးဘူး။ သူငယ်ချင်းလည်း တစ်ယောက်မှ မရှိဘူး။ သဘောထားတွေ ကူးစက်တတ်တာကြည့်နော်။ အဲဒီတော့ ကလေးတွေကို ငယ်ငယ်လေးကတည်းက ချစ်တတ်အောင်၊ ခင်တတ်အောင် သင်ပေးရမယ်။ ကလေးအရွယ်တွေ အချင်းချင်းကစားရမယ်။ ကစားစရာတွေမျှပြီးတော့ ကစားရမယ်။ စားစရာရှိရင်မျှပီးတော့ စားရမယ်။ ကလေးချင်းရန်ဖြစ်ရင် လည်းတည့်အောင် ဆွေးနွေးပေးရမယ်၊ ညှိပေးရမယ်။ တချို့  လူကြီးတွေကတော့ ဟိုဘက်အိမ်က ကလေးနဲ့ မကစားနဲ့ အဲဒီကလေးက ဆိုးတယ် မိုက်တယ် မကောင်းဘူး ကိုယ်ဟာကို တစ်ယောက် တည်းကစားလို့ ပြောလေ့ရှိတယ်။ အဲဒါ မကောင်းဘူးနော်။ ကြီးလာတဲ့အခါကျတော့ လူတွေကို မပေါင်းတတ်တော့ဘူး။ လူတွေကို မယုံကြည်တော့ဘူး။ လူတွေနဲ့ ပက်သက်ပြီးတော့ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေကို သည်းမခံနိုင်တော့ဘူး။ ခွင့်မလွတ်နိုင်တော့ဘူး။ ဒီကလေးဟာ ဘယ်လောက်ထိ ဖြစ်သလဲဆိုတော့ အဖေအမေကိုလည်း အကောင်းမမြင်တော့ဘူး။ ဘယ်သူ့ကိုမှလည်း အကောင်း မမြင်တော့ဘူး။ နေ့ရှိသ၍ လူတွေကို မကျေနပ်တဲ့အကြောင်းတွေချည်းပဲ ပြောနေတာပဲ။ အဲဒီတော့ သူ့အနား ဘယ်သူနေချင်ပါ့မလဲ။ အဖော်မဲ့ အထီးကျန်ခံစားမှုက မလွှဲမသွေ ဖြစ်တော့မှာပဲနော်။
တခြား သိတဲ့ အထဲမှာလည်း လူသုံးယောက်ရှိတယ်။ တစ်အိမ်တည်းအတူနေကြတယ်။ တစ်ယောက် ကွယ်ရာမှာ ကျန်နှစ်ယောက်က အခြားတစ်ယောက်အကြောင်းမကောင်းပြောတယ်။ ဒီလိုပဲ တစ်ယောက်ကွယ်ရင် တစ်ယောက်အတင်းပြောကြတယ်။ သူတို့ အဓိပ္ပာယ်က ဘာလဲဆိုတော့ နင်ကို ငါခင်တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပြောချင်နေတာ။ နင်ကိုခင်ပါတယ်ဆိုတာကို ပြောဖို့အရေးကို နောက် တစ်ယောက်ကို မုန်းတယ် ဆိုတာကိုပါ ပြောရတော့တာ။ ဒါမျိုး ဖြစ်တတ်တယ်နော်။ အဲဒီလို လှည့်ပြီး တော့ ဘယ်သူနဲ့ တွေ့တွေ့ နောက်တစ်ယောက်အကြောင်း မကောင်းပြောတယ်။ အဲဒီ လူသုံး ယောက်က တစ်အိမ်တည်းမှာ အတူနေတယ်။ ဘယ်လိုနေကြမယ်ထင်တုန်း။ တစ်ယောက်ကို တစ်ယောက်လုံးဝ မခင်ဘူး။ သူတို့ကို ကြည့်ရတာ သိပ်အဖော်မဲ့တာပဲ။ သူတစ်ပါးအကြောင်း မကောင်းပြောတဲ့သူဟာ ပြောမိတဲ့အတွက်ကြောင့် အဲဒီလူနဲ့ တွေ့တဲ့အခါမှာ ရိုးရိုးသားသားလှိုက်လှိုက် လှဲလှဲဖြစ်မှာ မဟုတ်တော့ဘူး။ ဟန်လုပ်ရပြီ။ ဟန်လုပ်ရရင် အဖော်မဖြစ်တော့ဘူး။ လှိုက်လှဲမှု မရှိ တော့ဘူး။ ကျေနပ်မှု မရှိဘူး။ ပွင့်လင်းမှု မရှိဘူး။ ရိုးသားမှု မရှိဘူး။ အကြီးအကဲခေါင်းဆောင်နေရတဲ့ သူ ဆိုရင်လည်းပဲ ကိုယ်က အောက်လက်ငယ်သားတွေနဲ့ ရင်းရင်းနှီးနှီး မပြောချင်ဘူး။ ပြောရင် ရင်းနှီး မှုကို အခွင့်ကောင်းယူပြီးတော့ မရိုသေမှာ မလေးစားမှာကြောက်တယ်။ ဒါဟာ ရာထူးကြီးတဲ့လူတွေမှာ အများကြီး ဖြစ်တတ်ပါတယ်။ ဒီအချက်ကလည်း အဖော်မဲ့ အထီးကျန်ဖြစ်ဖို့ရာ အကြောင်းတစ်ခု။
မိဘနေရာ၊ အကြီးအကဲနေရာ ရောက်နေတဲ့သူတွေဟာ အမိန့်နဲ့ သြဇာနဲ့ပြောချင် ဆိုချင်တတ်တယ်။ တဖက်လူက ပြန်ပြောတာကို လက်မခံချင်တာမျိုး ဖြစ်တတ်တယ်။ မိသားစုတစ်ခုရှိတယ်။ အဖေရဲ့  ပင်ကိုစရိုက်က တည်တည်ကြီးနေတတ်တယ်။ အင်မတန်စကားနည်းတယ်။ သားသမီးတွေနဲ့လည်း သိပ်ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းပြောလေ့ဆိုလေ့ မရှိဘူး။ သားသမီး ၅ ယောက်ရှိတယ်။ ကလေးတွေ စိတ်ထဲမှာ အဖေနဲ့ ရင်းနှီးချင်တယ်။ ဒါပေမယ့် ရင်းနှီးလို့ မရဘူး။ တနေ့တော့ အလုပ် ကိစ္စတစ်ခုရှိလို့ ပုံစံစာရွက်တစ်ခုမှာ အားလုံးစုပြီး ပုံစံဖြည့်နေရတယ်။ ပုံစံစာရွက် ဖြည့်နေတုန်းမှာ တစ်နေရာမှာ မှားသွားတယ်။ မှားသွားလို့ သူ့သမီးက အဲဒါကို ဖျက်တယ်။ ဖျက်တော့ စက္ကူက ပေါက် သွားတယ်။ သူ့ အဖေက အကြီးအကျယ်ဒေါသထွက်ပြီးတော့ အော်တော့တာ ဆူတော့တာပဲ။ ကလေးတွေက နဂိုကတည်းက အဖေနဲ့ သိပ်ရင်းရင်းနှီးနှီးမရှိတော့ အကုန်လုံးထပြေးကုန်ရော့။ အမေ လုပ်တဲ့သူကလည်း ဘာလုပ်ရမှန်းမသိတော့ ကလေးတွေ နောက်ကိုလိုက်သွားတယ်။ ကလေးတွေနဲ့ တွေ့တော့ ကလေးတွေက ထစ်ခနဲဆို ဒီလောက်ဒေါသကြီးနေရင် ဒီအဖေနဲ့ ဘယ်လိုလုပ် ရင်းရင်းနှီးနှီး ပြောလို့ ရတော့မလဲ။ အမေက သူ့ ခင်ပွန်းရှိတဲ့ဘက် ပြန်လာတော့ သူ့ ခင်ပွန်းက သူ့စားပွဲမှာ ဒီအတိုင်းကြီးထိုင်လို့။ စာရွက်ကြီးကလည်း အဲဒီနေရာမှာပဲ။ ဘာလုပ်ရမှန်းမသိတော့ဘူး။ သူ့ ခင်ပွန်း ကိုကြည့်ပြီးတော့ ငါ ယောင်္ကျားက တော်တော် အထီးကျန်ပါ့လားလို့ သဘောပေါက်လိုက်တယ်။ မိသားစု သုံးဖို့ စွဲဖို့ ပိုက်ဆံတော့ပေးတယ်။ နေမကောင်းရင် ဆရာဝန်ဆီပို့ပေးတယ်။ တခါတလေသူ စိတ်ကောင်းရှိတဲ့အခါမှာ ဟိုဟိုဒီဒီလိုက်ပို့ပေးတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာဘာတွေ ခံစားနေရတယ် ဆိုတာ ဘယ်တော့မှ ပြောလေ့မရှိဘူး။ဘာတွေလုပ်နေလည်း ဆိုတာလည်း ဘယ်တော့မှ ပြောလေ့ မရှိဘူး။ အလုပ်ကိစ္စ အဆင်မပြေလို့ သောကတွေများနေပေမယ့်လည်း မပြောဘူး။ တစ်ယောက် တည်း ကျိတ်ပြီးတော့ ခံတယ်။ သူ့မှာ Lonely ဖြစ်ရပြီပေါ့။ တချို့  လူတွေမှာ အဖော်မဲ့ အထီးကျန်ဖြစ် ရတာ ဘာကြောင့်လဲဆိုတော့ သူတို့ ကိုယ်တိုင်က သူတပါးကို ပြစ်ပယ်လေ့ရှိတယ်။ သူတပါးကို နားလည်ဖို့ မကြိုးစားဘူး သည်းမခံဘူး။ တချို့  ထစ်ခနဲ တခုခု အဆင်မပြေရင် အဲဒီလူနဲ့ အဆက် အသွယ်ဖြတ်ပစ်လိုက်တယ်။ မဆက်ဆံတော့ဘူး။
တပည့်လေးတစ်ယောက်ဆိုရင် သူနဲ့ကျောင်းနေဘက် သူငယ်ချင်းတွေကို တစ်ယောက်ပြီး တစ်ယောက် အဆက်အသွယ်ဖြတ်တယ်။ အခြားကိစ္စတွေမှာ ဘာလို့ အဆက်အသွယ်ဖြတ်တာလည်း ဆိုတော့ အဲဒီသူငယ်ချင်းက အလုပ်တွေဘာတွေနဲ့ အဆင်ပြေပြီး ကြီးပွားနေတယ်။ အဲတော့ သူက ငါတော့ အဆင်မပြေဘူး မကြီးပွားဘူး။ ဒါကြောင့်သူနဲ့ မဆက်ဆံတော့ဘူးဆိုပြီး ဖြတ်လိုက်တာ။ သူဟာသူ သိမ်ငယ်တဲ့စိတ်ဖြစ်တာ။ စိတ်ထဲမှာ ဂုဏ်တုဂုဏ်ပြိုင်စိတ်တွေက ရှိနေတယ်။ ဒီလိုနှိုင်းယှဉ် တဲ့အခါမှာ သူများက ကိုယ်ထက်သာသွားရင် မနာလိုတဲ့ စိတ်ဖြစ်ပြီ။ မနာလိုစိတ်ဖြစ်ပြီဆိုရင် အဲဒီလူကို လေးလေးစားစားပွင့်ပွင့်လင်းလင်း ဆက်ဆံလို့မရတော့ဘူး။ ဒီလိုဆိုရင် Lonely ဖြစ်ရပီ နော်။ 
ကိုယ့်ကိုကိုယ် သိမ်ငယ်မှုခံစားချက်ရှိတဲ့သူကလည်း အများနဲ့ ဆက်ဆံတဲ့အခါမှာ အောက်ကျသလို ခံစားရတဲ့အတွက်ကြောင့် လူတွေကို ရှောင်ချင်လာတယ်။ မဆက်ဆံချင်တော့ဘူး။ အဲဒီတော့ ကိုယ်ကိုကိုယ် အထင်သေးတဲ့သူကလည်း အဖော်မဲ့တဲ့ခံစားမှုမျိုး ဖြစ်တော့မယ်။ တရားကို ရေရှည် စွဲစွဲ မြဲမြဲ အားထုတ်ထားတဲ့ လူဆိုရင် အဲဒါမျိုး မဖြစ်ဘူး။ သူ့ စိတ်ထဲမှာ ကြင်လင်မှု အေးချမ်းမှု လေးနက်မှု ရှိနေတယ်။ အဲဒီလို ကြင်လင်အေးချမ်းနေတာကိုပဲ ကိုယ်ကိုကိုယ် အင်မတန်ကျေနပ်တယ်။ ဒါဟာ တန်ဖိုးဖြတ်လို့ မရဘူးဆိုတာလည်း သိတယ်။ လောကီဂုဏ်၊ ပစ္စည်းဥစ္စာတွေ ဘယ်လောက်များများ၊ ဒီကြည်လင်မှု အေးချမ်းမှုနဲ့ ဘယ်လိုမှ မလဲနိုင်ဘူး။ နှိုင်းယှဉ်လို့ မရဘူးဆိုတာ သိတယ်။ အသိဥာဏ် ရင့်ကျက်လာတဲ့အတွက်ကြောင့် စိတ်မှာ လေးနက်မှု၊ စင်ကြယ်မှု၊ မြင့်မြတ်မှု ရှိနေတယ်။ ဒါကြောင့် သူများနဲ့ တွေ့တဲ့အခါမှာ အားငယ်စိတ် သိမ်ငယ်စိတ်မဖြစ်ဘူး။ သိပ်ငယ်စိတ်ပျောက်ဖို့ရာ တရားနည်းနဲ့ မှရတယ် တခြားနည်းနဲ့ လုပ်လို့မရဘူး။ ဒီတရားနဲ့ အလုပ်သွားမှသာ တနေ့အသက်ကြီးသွားလို့ ပစ္စည်း ဥစ္စာတို့ ရာထူးအာဏာတို့ မရှိတော့ရင်တောင်မှ သူ့မှာ အေးချမ်းမှု ရှိနေတယ်။ စိတ်ဆင်းရဲမှု မရှိဘူး။ ငါသိမ်ငယ်နေတယ်ဆိုတဲ့ ခံစားမှု မရှိဘူး။ ဒီထက်ပိုပြီး စဉ်းစားကြည့်မယ်ဆိုရင် တရားကို တကယ် သဘောပေါက် လာတဲ့သူဟာ သက္ကာယဒိဋ္ဌိပါးသွားတယ်။ တကယ်သောတပတ်တိမဂ်ရမယ်ဆိုရင် တော့ သက္ကာယဒိဋ္ဌိလုံးဝ ကင်းတယ်။ ဒီအဆင့်မရောက်ခင် ၀ိပဿနာဥာဏ်ရင့်ကျက်နေတဲ့ အချိန်မှာသက္ကာယဒိဋ္ဌိအင်မတန်ပါးတယ်။ အတ္တစွဲနည်းတယ်။ အဲတော့ ငါက သူ့ထက်သာတယ်။ သူက ငါထက်သာတယ် သူကဘယ်လို ငါကဘယ်လို ဆိုတာမျိုးတွေ တွေးမိတာ နည်းတယ်။ သက္ကာယဒိဋ္ဌိဆိုတာ ငါသူတစ်ပါးဆိုတာကြီးကို ခိုင်ခိုင်မာမာ ပြင်းပြင်းထန်ထန်ကြီး စွဲယူထားတဲ့ သဘောဖြစ်တယ်။ အဲဒီတော့ သက္ကာယဒိဋ္ဌိအားကြီးလေလေ၊ အထီးကျန်မှု အားကြီးလေလေပဲ။ အဖော်မဲ့ အထီးကျန်ဖြစ် ဖို့ရာ အရင်းခံအကြောင်းကသက္ကာယဒိဋ္ဌိအတ္တစွဲပါပဲ။ နောက်တစ်ခုပြောရရင်တော့ မာနပါပဲ။ မာန သိပ်ကြီးသွားရင် အဖော်မဲ့သွားတယ်။ နေရာတကာ ဂုဏ်နဲ့ကြည့်ပီးတော့ ပြောနေဆိုနေမယ်ဆိုရင် အခြားလူတွေက တဖြည်းဖြည်းရှောင်ကျဉ်လာတာပဲ။ ကိုယ့်မှာ ဂုဏ်အဆင့်အတန်းရှိတဲ့သူဟာ တခြားလူနဲ့ တွေ့တဲ့အခါမှာ ငါက နင်ထက်သာတယ်နော် အဲဒါ နင်မေ့မထားနဲ့ ဆိုတာလေးကို တည့်တည့်ဖြစ်စေ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ ပြောနေ ပြနေတာပဲ။ ကိုယ့်အကြောင်းကို ကြွားလိုက် မယ်။ သားအကြောင်းလေးကြွားမယ်၊ သမီးအကြောင်းလေးကြွားမယ်၊ ခင်ပွန်းအကြောင်းလည်းကြွား မယ်။ အဲလိုတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါမှာ အမြဲတမ်းကြွားတဲ့ စကားမျိုးပဲ ပြောနေရင် လည်းပဲ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း လူကိုတန်ဖိုးထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးက မဖြစ် တော့ဘူး။ အဲလို မဖြစ်တော့ရင် အဖော်မဲ့ အထီးကျန်ဆိုတဲ့ ခံစားမှုမျိုးက ဖြစ်လာပြန်တယ်နော်။
ငါက အောက်ကျနောက်ကျဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အဖော်မဲ့သလို ခံစားရသလို ငါက အထက်တန်းစားပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖော်မဲ့အုံးမှာပါပဲ။ ဒီနှစ်ခုစလုံးမကောင်းပါဘူး။ နောက်တစ်ချက်က ကိုယ့်မှာ အခက်အခဲတွေ ဒုက္ခတွေ မပြေလည်မှုတွေဆိုတာ ရှိတတ်ပါတယ်။ တချို့ အိမ်ထောင်ရေးမှာ အဆင်မပြေမှု ရှိချင်ရှိမယ်။ သားရေး သမီးရေးနဲ့ ပက်သက်ပီးပြဿနာတွေ ရှိချင် ရှိမယ်။ အဲဒါတွေကို လူမသိစေချင်ဘူး။ ဖုံးထားတယ်။ လူများအမြင်မှာ အားလုံးအဆင်ပြေနေတယ် ထင်အောင်နေပြတယ်။ ဒီလိုဖြစ်ရင်လည်း အဖော်မဲ့ အထီးကျန်ဖြစ်ရတော့မှာပါပဲ။
တချို့  ကလေးတွေဆိုရင် စာမေးပွဲမှာ အမှတ်နည်းနေတယ်ဆိုရင် အမှတ်ကောင်းတဲ့ သူငယ်ချင်းကို ရှောင်တော့တာပဲ။ ကိုယ့်မှာ သူများနဲ့ မတူတဲ့ အမူအကျင့်တစ်ခုခုရှိနေရင်လည်း ဒီအမူအကျင့်ကို လူမသိအောင်ထားချင်တယ်။ လူကြားထဲသွားရင် အဲဒါပေါ်သွားမှာ စိုးတာနဲ့ မသွားတော့ဘူး။ တချို့  ဆိုရင် ရောဂါတခုခုရှိရင်လည်း ဒါမျိုးဖြစ်တတ်တယ်။ တချို့  ကျတော့လည်း ကိုယ်လက်အင်္ဂါတစ်ခုခု ချို့ တဲ့နေတာကြောင့် လူကြားထဲမသွားချင်ဘူး တစ်ယောက်တည်း နေတယ်။ အဲဒီတော့ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ဖြစ်ဖြစ် လူမှုဆက်ဆံရေးနဲ့ ပက်သက်တာဖြစ်ဖြစ် ကိုယ့်မှာ တခုခု ချို့  ယွင်းချက်ရှိနေရင် အဲဒါကိုအကြောင်းပြပီးတော့ လူတွေနဲ့ မရင်းနှီးတော့ဘူး။ ကင်းကွာ သွားတယ်။ တကယ်လို့ ကိုယ့်ဘ၀မှာ အဖော်မဲ့ အထီးကျန်ခံစားမှု ဖြစ်နေပီဆိုရင် ကိုယ်ကိုကိုယ် သေသေချာချာပြန်သုံးသပ်ပါ။ ငါ့မှာ ဒီလိုခံစားချက်ရှိတယ်ဆိုတာသိဖို့ ပထမအရေးကြီးတယ်။ ကိုယ့် ချို့ ယွင်းချက် အားနည်းချက်နဲ့ ပက်သက်ပြီး ကိုယ့်ကို မခင်ချင်တဲ့သူရှိရင်လည်း ကိစ္စမရှိဘူးပေါ့။ သို့သော် ခင်ချင်တဲ့သူ ရှိနေတာကိုတော့ ကိုယ်က အဆက်အသွယ် မဖြတ်သင့်ဘူး။ ပြီးတော့ ကိုယ့်ရဲ့  အခက်အခဲ ဒုက္ခတွေကို တကယ်မိတ်ဆွေကောင်း ပီသတဲ့လူကို ပြောပြသင့်တယ်။ မိဘဖြစ်စေ၊ ဆရာသမားဖြစ်စေ သူငယ်ချင်းဖြစ်စေ သူတို့ကိုပြောပြသင့်တယ်။ ပြောပြလိုက်ရရင် သက်သာသွား တယ်။ ကိုယ်ကသူတို့ကို ရင်းရင်းနှီးနှီးသွားပေါင်းရင် သူတို့က ကိုယ့်ကို မလေးမစားနဲ့ ပစ်ပယ်လိုက်မှာ ကြောက်တယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ လူတွေမှာ ကိုယ့်ကို ပြစ်ပစ်လိုက်မှာ ကြောက်တဲ့စိတ်ရှိတယ်။ အဲဒီတော့ ကိုယ်ကအကြောက်လွန်ပီးတော့ လူတွေကို ရှောင်တော့ရင်လည်း အဖော်မဲ့သွားတယ်နော်။
ကိုယ့်မှာ မိတ်ဆွေကောင်းကတော့ ရှိနေအုံးမှာပါ။ သူတို့ကို တန်ဖိုးထားပါ။ ပြောပါ။ နောက်တချက် ကလည်း သူတို့က ကိုယ့်အပေါ် မျှော်လင့်ထားတာတွေ အထင်ကြီးထားတာတွေ ရှိချင် ရှိတတ်တယ်။ ကိုယ်က သူတို့မျှော်လင့်သလောက် အထင်ကြီးသလောက် မလုပ်နိုင် မတတ်နိုင်ပါဘူး။ အဲဒါ တွေကြောင့်လည်း အထီးကျန် အဖော်မဲ့တတ်တယ်။ မိဘက သားသမီးအပေါ်မှာ သိပ်မျှော်လင့်ချက် ကြီးလွန်းရင်လည်း အဲဒီသားသမီးက မိဘကိုကြောက်တယ်။ တချို့  ကလေးဆိုရင် သူတို့အပေါ်မှာ ဒီလောက် အများကြီး မမျှော်လင့်ပါနဲ့တဲ့ မျှော်လင့်သလောက် လုပ်နိုင်ရင်တော့ တော်ပါသေးတယ်။ အကယ်၍များ လုပ်မပေးနိုင်ခဲ့ရင် ဒါကိုအကြောင်းပြုပြီးတော့ မိဘက အထင်သေးသွားမှာ မချစ်တော့ မှာ သိပ်ကြောက်တယ်။ ကိုယ့်ကလေးတွေကို ဒီလိုခံစားချက်မျိုး ဖြစ်သလားလို့ မေးကြည့်ပါ။ ရှိလို့ရှိရင် သူတို့ကို ပြောပြပါ။ ကောင်းစေချင်လို့ ကြီးပွားစေချင်လို့ တိုးတက်စေချင်လို့ အားပေးတာ တိုက်တွန်း တာပါ ဒီအတိုင်းမဖြစ်လဲပဲ ချစ်နေမှာပါ ဆိုတာလေးကို ပြောပြပါ။
မေတ္တာမှာ အကြောင်းပြချက်မရှိမှ။ မေတ္တာမှာအကြောင်းပြချက်တခုခုပါလာပြီ ဆိုတာနဲ့ အဲဒါ မေတ္တာစစ် မဟုတ်တော့ဘူး။ အဲဒီလို အကြောင်းပြချက်ပါနေတဲ့သူဟာ သူ့မှာ စိတ်မချဘူး။ စိတ်မအေး ဘူး။ သူမျှော်လင့်သလို ပေးနေတဲ့အချိန်မှာတော့ သူကငါ့ကို ချစ်အုံးမှာပါ။ ဒါပေမယ့် တနေ့သူမျှော်လင့်တာကို ငါမပေးနိုင်ရင်တော့ ပစ်သွားမှာပါ။ အဲဒီလို စိတ်မအေးတာကြီးရှိနေတဲ့ အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေ့နေရတုန်းတောင်မှ တကယ်လှိုက်လှိုက်လှဲလှဲ ရင်းရင်းနှီးနှီးချစ်ခင်မှု မရှိဘူး။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ ဘာတွေမျှော်လင့် သလဲ ဆိုတာ သေချာစဉ်းစားသင့်တယ်။ မဖြစ်သင့် မဖြစ်ထိုက် မဖြစ်နိုင်တာကို မျှော်လင့်နေမယ် ဆိုရင်တော့ အဲဒါဟာတစ်နေ့ တစ်ယောက်နဲ့တစ်ယောက် ကင်းကွာသွားဖို့ ရာအကြောင်းပဲ။
တချို့  မိဘတွေဟာကလေးတွေ ကစားတတ်ခါစ ငယ်ငယ်လေးကတည်းက ရန်တိုက်ပေးတယ်။ ဟိုကလေးနဲ့ မပေါင်းနဲ့ အဲဒီကလေးက ဆိုးတယ် မိုက်တယ်။ အရုပ်တွေယူပြီး ချိုးပစ်တယ် ပြောပီး တော့ မပေါင်းခိုင်းဘူး။ တစ်ယောက်တည်းပဲ နေခိုင်းတယ်။ သွားစရာ လာစရာရှိရင်လည်း တစ်ယောက်တည်းပို့တယ်။ အခြားကလေးတွေ အိမ်ကို အလည်သွားခွင့်မပြုဘူး။ ကိုယ့်အိမ်ကို အခြား ကလေးတွေ အလည်လာတာကိုလည်း လက်မခံဘူး။ အဲဒီလိုနဲ့ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက် ရှိတယ်။ အခုတော့ တော်တော်ကြီးပါပြီ။ တက္ကသိုလ်တောင်ရောက်နေပြီ။ သူ့မှာ လုံးဝ အဖော်မရှိဘူး။ သူငယ်ချင်းမရှိဘူး သူငယ်ချင်းထားရင်တောင်မှ အချင်းချင်း ပြိုင်ခိုင်းတယ်။ ဒီလိုကလေးတွေဟာ အပေါင်းအသင်းညံသွားတဲ့အတွက်ကြောင့် ကြီးလာတဲ့အခါမှာ တခြားလူတွေက သူတို့ အပေါင်း အသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သွားကြလာကြတာကို ကြည့်ပြီးတော့ ငါ့မှာတော့ အပေါင်းအသင်း မရှိ ဘူးတစ်ယောက်တည်း ဖြစ်နေတယ် ဆိုပြီး ညိုးငယ်တတ်တဲ့စိတ်ဖြစ်သွားတယ်။
လက်တွေ့မှာ လူလူချင်းတကယ် မေတ္တာ ဂရုဏာအပြည့်နဲ့ ရင်းနှီးမှုအပြည့်နဲ့ ဆက်ဆံလို့ မရတော့လို့ ရှိရင် တချို့  လူတွေက စိတ်ကူးထဲမှာ အဖော်ရှာတယ်။ အဲဒီစိတ်ကူးယဉ်အဖော်နဲ့ တစ်ယောက်တည်း စကားပြော နေတတ်တယ်။ တချို့ ဆိုရင် တန်ခိုးရှင်ကြီးတစ်ယောက်က သူ့ကို ကာကွယ်နေတယ်၊ စောင့်ရှောက်နေတယ်ဆိုပြီး စိတ်ကူးယဉ်ပြီးတော့ ခံစားပြီးတော့ နေတတ်တယ်။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ အားငယ်စိတ်ရှိတယ်။ အဖော်မဲ့ အထီးကျန်ဖြစ်နေတယ် သူကိုကြင်ကြင်နာနာနဲ့ စောင့်ရှောက်ကူညီတာကို လိုချင်တယ်။ လက်တွေ့မှာ မရတော့ စိတ်ကူးယဉ်နဲ့ ဖန်တီးထားတယ်။ ကြာရင် အဲဒါဟာ စိတ်ရောဂါ ဖြစ်သွားတတ် တယ်နော်။ တချို့ ကျတော့လည်း တစ်ယောက်တည်း ဖြစ်နေတာ့ တခါတလေ စာအုပ်နဲ့ အဖော်လုပ်ပြီးနေတယ်၊ တခါတလေ တီဗွီ၊ ဗွီဒီယိုနဲ့ အဖော်လုပ်ပြီး နေတယ်။ တချို့ ကျတော့လည်း ခွေးလေးတွေ ကြောင်လေးတွေနဲ့ အဖော်လုပ်ပြီးနေတဲ့သူလည်း ရှိတယ်။ သနားဖို့ အင်မတန်ကောင်းပါတယ်။ ဒါကြောင့် ငယ်လေးကတည်းက လူတွေအကြောင်း သိအောင် လေ့လာသင့် တယ်။ ကြီးလာတဲ့အထိလည်း လေ့လာ နေရအုံးမှာပါပဲ။ ပြီးသွားတယ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ လူဟာ အမြဲတမ်းပြောင်းလဲနေတယ်။ ကိုယ်ကိုတိုင်လည်း အမြဲပြောင်းလဲနေတယ်။ ကိုယ်နဲ့ ဆက်စပ်နေတဲ့လူတွေဟာလည်း အားလုံး အမြဲတမ်းပြောင်းလဲ နေတယ်။ အဲဒါကို နားလည်ဖို့လိုတယ်။ သူကလည်း အရင်လိုမဟုတ်တော့ဘူး ငါကလည်း အရင်လို မဟုတ်တော့ဘူး။ သူရော ငါရောဟာ ကြီးလာတာနဲ့ အမျှ အသိအမြင်အတွေးအခေါ်တွေ သဘောထားတွေ အကြိုက်တွေ ပြောင်းလဲသွားနေတယ်။ အဲဒီတော့ ငါ့ကိုလည်း သူက အမြဲတမ်း နားလည်ဖို့ ကြိုးစားနေရမှာ ဖြစ်သလို သူကိုလည်း ငါက အမြဲတမ်း နားလည်ဖို့ ကြိုးစားနေရမှာပါ။
လူတစ်ယောက်က နောက်လူတစ်ယောက်ကို သိပြီ နားလည်ပြီ နောက်ထပ် နားလည်အောင်ကြိုးစား ဖို့ မလိုတော့ဘူးဆိုတာ မျိုးဟာ ဘယ်တော့မှ မဖြစ်ဘူး။ တသက်တာလုံး လူ့အကြောင်းကိုနားလည်ဖို့ အမြဲကြိုးစားနေရမယ်။ မိဘတွေ ဆရာသမားတွေဟာ ကလေးတွေကို ငယ်ငယ်လေးကတည်းက လူအကြောင်းသိဖို့ သင်ပေးရမယ်။ လူတွေမကောင်းကြောင်း မယုံကြည်ရကြောင်း သင်ပေးဖို့ ပြောတာ မဟုတ်ဘူးနော်။ လူတွေကို နားလည်ဖို့ ရိုးရိုးသားသား လှိုက်လှိုက်လှဲလှဲဆက်ဆံတတ်ဖို့ အပေါင်းအသင်းရွေးချယ်တတ်ဖို့ ရန်ဖြစ်စရာရှိလို့ ရန်ဖြစ်ရမယ်ဆိုရင်တောင် သဘောထားကြီးကြီးနဲ့ ရန်ဖြစ်တတ်ဖို့ သင်ပေးထားသင့်တယ်။ ဒါ မသင်လို့ မဖြစ်ဘူး။
အခုခေတ်မှာ ကလေးတွေကို ကျောင်းထားတယ်။ ကျောင်းစာတွေကို အများကြီးကျက်ခိုင်းတယ်။ မိုးလင်းလောက်ကတည်းက ကျူရှင်သွားတာကို တွေ့ရတယ်။ တချို့  ညနေ ၆ နာရီ ၇ နာရီကျမှ ကျူရှင်က ပြန်လာတာ တွေ့ရတယ်။ တနေကုန် စာအုပ်ထဲက စာပဲကျက်တယ်။ ဒီကြားထဲမှာ အချိန်လေး နည်းနည်းအားရင် တီဗွီကြည့်တယ်၊ ဗွီဒီယိုကြည့်တယ်။ လူလူချင်း တကယ်နားလည် အောင်မကြိုးစားတော့ဘူး။ လူ့လောကမှာနေပြီး ကိုယ်ကိုတိုင် လူဖြစ်တဲ့အတွက်ကြောင့် အရေးအကြီး ဆုံးက လူ့အကြောင်းနားလည်ဖို့ပါ။ တခြားပညာ မတတ်တာကကိစ္စမရှိဘူး။ လူအကြောင်းမသိရင် အင်မတန်ကြီးမာတဲ့ အခက်အခဲဒုက္ခတွေ ကြုံရတတ်တယ်။ ကိုယ့်အကြောင်းကိုယ်လည်းသိမယ်။ လူတွေ အကြောင်းလည်း သိမယ်ဆိုရင် လူတွေကြားထဲမှာ အသာလေးနေသွားလို့ ရတယ်။ ဘယ်သူနဲ့မှ ပဋိပက္ခမဖြစ်ပဲ အသာလေးနေသွားလို့ရတယ် ဆိုတာက ကင်းကွာပြီးနေတာကို ပြောတာမဟုတ်ဘူး ခင်ခင်မင်မင်ရင်းရင်းနှီးနှီး ရိုးရိုးသားသားပြောဆို ဆက်ဆံသွားလို့ရတယ်။ ပဋိပက္ခ ရှိရင်တောင်မှ ကိုယ့်ဂုဏ်သိက္ခာ သူ့ဂုဏ်သိက္ခာ မထိခိုက်စေပဲနဲ့ ဖြေရှင်းပြီးနေသွားလို့ ရတယ်။ လူဆိုတာ အကောင်းအဆိုးရောနေတာပါပဲ။ သူလည်းပဲ အကောင်းအဆိုးရောနေတယ်။ ကိုယ်လည်းပဲ အကောင်းအဆိုးရောနေတယ်။ ၂ ခု စလုံးကိုသိပြီးဆက်ဆံတတ်ဖို့ လိုပါတယ်။
သတိပဌာန်တရားကို ရေရှည်အားထုတ်လို့ ရှိရင် ရိုးရိုးသားသား ကိုယ့်စိတ်ထဲကို ကြည့်လို့ရတယ်။ ကြည့်တဲ့အခါမှာ ကိုယ့်စိတ်ထားကိုက တခါတလေကောင်းတယ် တခါတလေမကောင်းဘူး။ လူတစ်ယောက်ကို တခါတလေယုံတယ် တခါတလေမယုံသလို ဖြစ်တတ်တယ်။ ကြာတော့ ကိုယ့်ကို ကိုယ်ငါကိုက မယုံသင်္ကာစိတ်ရှိတယ်လို့ မြင်လာတယ်။ အဲဒီတော့ ကိုယ့်စိတ်ကိုယ်နားလည်ရမယ်။ တခုခုမယုံသင်္ကာဖြစ်စရာ ရှိလာပြီဆိုရင် တကယ်ပဲ မယုံစရာအကြောင်း ခိုင်လုံရဲ့  လားဆိုတာကို ရှာဖွေရမယ်။ လူတိုင်းကို ယုံလို့ မရတာတော့ အမှန်ပါပဲ။ သို့သော် ယုံသင့် မယုံသင့်ဆိုတာကိုတော့ ချင့်ချိန်ရမှာပဲ တဖက်သတ်ကြီးဘာမှ မစူးစမ်းပဲနဲ့တော့ မစွပ်စွဲသင့်ဘူး။ တချို့ လင်မယားချင်းလည်း အဲလို ဖြစ်တတ်တယ်။ ဥပမာ ဒကာကြီးတစ်ယောက်ဆိုရင် သူ့ဒကာမကြီးက သူ့ကို မယုံဘူး။ အပြင်သွားပြီဆိုရင် စိတ်မချဘူး။ အမြဲတမ်းမေးတယ် စစ်တယ်။ ပြီးတော့ ပတ်ဝန်းကျင်မှာ လိုက်ပြီး တော့ စုံစမ်းတယ်။ ဘယ်သူနဲ့ ရင်းရင်းနှီးနှီးသွားနေလဲ ပြောနေလဲဆိုတာကို။ ကြာလာတော့ ဒကာကြီး က စိတ်ညစ်လာတယ်။ အိမ်မှာ မနေချင်တော့ဘူး။ တခြားတစ်နေရာကိုသွားချင်တယ်။ အဲဒီတော့ မယုံတော့ဘူးဆိုရင်လည်း တိတိကျကျသိမှ ပြောဆိုဆွေးနွေးသင့်တယ်။ တိတိကျကျမသိပဲနဲ့ အပြစ် မရှိတဲ့လူတစ်ယောက်ကို မယုံသင်္ကာကြာကြာဖြစ်နေလို့ ရှိရင် မယုံသင်္ကာဖြစ်တာကို ခံရတဲ့သူက ကြာတော့ မခံနိုင်ဘူး။ မခံနိုင်တဲ့အခါ ကိုယ့်ကိုပစ်သွားမှာပဲ။ အဲဒါမျိုးဖြစ်တာတွေ အများကြီးတွေ့ ရတယ်။ ဒါကြောင့် ကိုယ့်အကြောင်းကိုသိအောင် အများကြီးကြိုးစားသင့်တယ်။ ပြီးမှ သူတစ်ပါး အကြောင်းသိအောင် ကြိုးစားသင့်တယ်နော်။ သူများအကြောင်းကို သိချင်ရင် အရင်ဆုံး ကိုယ့် အကြောင်းကိုသိအောင် အရင်လုပ်ရတယ်။ ဒါကြောင့် သတိပဌာန်တရားအားထုတ်ပီးတော့ ကိုယ့်စိတ် ကို သေချာသိအောင်လုပ်ပါ။ ဘာတွေတွေးနေသလဲ။ ဘယ်လိုခံစားနေရသလဲဆိုတာလေး သိအောင် လုပ်ပါ။ ကိုယ့်အကြောင်းကိုတောင် ရာခိုင်းနှုန်းပြည့်သိဖို့ ဆိုတာ မလွယ်ဘူး။ ဒါကြောင့် သူတပါး အကြောင်းလည်း ရာနှုန်းပြည့်မသိနိုင်ဘူး။ မသိပဲနဲ့တော့ တဖက်သတ်ကြီး မထင်ထားပါနဲ့။ မစွပ်စွဲပါနဲ့။ မသိသေးရင် အကောင်းဆုံးကတော့ အကောင်းကိုပဲတွေးထားလိုက်ပါ။ ဘာမှ မသိသေးဘူး။ အဲဒီ တော့ သူ့ကို အကောင်းလို့ပဲ ယူဆလိုက်ပါ။
တချို့  လူတွေက လူကြားထဲသွားတဲ့အခါမှာ စကားမပြောတတ်ဘူး။ စကားမပြောတတ်တော့ တခုခု ပြောလိုက်ရင် မဆီလျော်တာတွေ ပါသွားမလား။ သူများမကြိုက်တာတွေ ပါသွားမလား သိပ်စိုးရိမ် တယ်။ သိပ်ကြောက်တယ်။ ကြောက်တော့ လူကြားထဲ ရောက်ရင် ဘာမှမပြောပဲနေလေ့ရှိတယ်။ သို့မဟုတ်ရင်လည်း တတ်နိုင်သလောက် လူကြားထဲ မသွားဘူး ရှောင်တယ်။ အဲဒါလည်းပဲ အထီးကျန် ဖြစ်ဖို့ရာ အဖော်မဲ့ဖြစ်ဖို့ရာ အကြောင်းတစ်ခုပဲ။
ဒကာကြီးတစ်ယောက်ဆိုရင် နည်းနည်းစိတ်ဓာတ်ကျနေတယ်။ ငယ်ငယ်တုန်းက အင်မတန်အောင်မြင် တဲ့ပုဂ္ဂိုလ်ပါ။ အခုအသက်ကြီးလာတော့ အရင်လောက် အလုပ်အကိုင်မလုပ်နိုင်တော့ဘူး။ သူနဲ့ သက်တူရွယ်တူ တချို့ ကျလုပ်နိုင်သေးတယ်။ အဲဒါကြောင့်ပဲ သူစိတ်ထဲမှာ သိမ်ငယ်တဲ့စိတ်ဖြစ်တယ်။ ကိုယ့်ကိုကိုယ်အထင်သေးတဲ့စိတ်တွေ ၀င်လာပြီးတော့ အိမ်ထဲမှာပဲနေတယ်။ ဘယ်မှ မသွားဘူး။ သာရေး၊ နာရေးလည်း မသွားဘူး အိမ်ထဲမှာပဲနေပြီးတော့ တနေ့လုံး မကျေနပ်စရာပဲတွေးနေတယ်။ သူက အဲဒီလို စိတ်ညစ်စရာပဲ အမြဲတမ်းတွေးပြီးတော့ အပြစ်ကြီးပဲ ရှာပြီးပြောနေတော့ အိမ်သူ အိမ်သား တွေက စိတ်ညစ်လာတယ်။ တချို့  သားသမီးတွေဆိုရင် အိမ်မှာ မနေတော့ဘူး။ မတတ်နိုင် တော့ဘူး နေ့ရှိသရွေ့ ငါ့ကို ဂရုမစိုက်ကြတော့ဘူး ငါ့ကို မလေးစားတော့ဘူး ငါအရင်တုန်းက လုပ်နိုင် ကိုင်နိုင်တုန်းကတော့ လေးစားတယ်။ အခုတော့ ငါမလုပ်နိုင် မကိုင်နိုင်တော့ ငါ့ကို မလေးစားဘူး ဆိုတာ တွေပဲကြားနေရတယ်တဲ့.။ တချို့  လူတွေကအဲဒီလို အကြောင်းကြောင်းကြောင့်ကိုပဲ အပေါင်း အဖော်ကင်းသွားတယ်။
တရားအားထုတ်တဲ့သူဆိုရင်တော့ စိတ်ဓာတ်ကျတာမဖြစ်ဘူး။ မိတ်ဆွေတစ်ယောက်ဆိုရင် အရင်တုန်းက စိတ်ဓာတ်ကျတာ ခဏခဏဖြစ်တယ်။ သောကလည်း အင်မတန်များတဲ့အတွက်ကြောင့် အစာအိမ်ရောဂါတို့ ဘာလို့လည်းဖြစ်တယ်။ တချိန်မှာတော့ သူက ခွဲစိပ်ရမယ့်အခြေအနေရောက် နေပြီ။ ဒါကိုလည်း သူအင်မတန်ကြောက်တယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာသူနဲ့တွေ့တော့ သူ့ကို တရား အားထုတ်ပါလို့ တိုက်တွန်းလိုက်တယ်။ သူကလည်းကြိုးစားတယ်။ မနက်စောစော အိမ်ကနေ မနီးမဝေးမှာ ရှိတဲ့ စေတီမှာသွားပြီး ဘုရားရှိခိုးတယ်။ ပြီးရင် ၁၀ မိနစ်လောက် တရားထိုင်တယ်။ ပြီးရင် လမ်းလျှောက်ပြီးတော့ အိမ်ပြန်လာတယ်။ အဲဒါလေးကို မှန်မှန်လုပ်တာလေးကိုပဲ တနေ့တာလုံး သူ့ စိတ်ထဲမှာ ကြည်လင်နေတယ်။ ခဏခဖြုတ်တော့ မကြည်လင်တာတွေ ဖြစ်တာပေါ့။ သို့သော် တာမရှည်ဘူးတဲ့။ ဒီလိုနဲ့ တဖြည်းဖြည်း ညအိပ်ခါနီးမှာလည်း တရားကို ရှု့မှတ်တယ်။ ကားမောင်းရင်းနဲ့ လည်းတရားကို ရှု့မှတ်တယ်။ အဲလို ရှု့မှတ်တဲ့အလေ့အကျင့် များလာတော့ အခုတော့ အစာအိမ်ရောဂါ ကလည်း မရှိတော့ဘူး။ ပျော်ရွှင်တယ်။ Depression လည်းအရင်လောက်မဖြစ်တော့ဘူးတဲ့။
Depression ဘယ်လောက်ဖြစ်တယ် ဘယ်အတိုင်းအတာထိဖြစ်တယ်ဆိုတာကတော့ ကိုယ်တရား အားထုတ်တဲ့ အသိဥာဏ်ရင့်ကျက်မှုအပေါ်မှာ မူတည်လာမှာပဲ။ အဲဒီတော့ ကိုယ့်ဘ၀မှာ စိတ်ဓာတ်ကျ တယ်ဆိုတာမျိုးဟာ တနေ့မဟုတ် တနေ့ကြုံရတတ်ပါတယ်။ ဒါတွေအတွက် အခုကတည်းက ကြိုကြို တင်တင်အမျှော်အမြင်ကြီးကြီးနဲ့ တရားကိုကြိုးစားမှ နေ့တိုင်းကြိုးစားမှ ဖြစ်မယ်။ အလုပ်လုပ် ရင်းနဲ့လည်း ကြိုးစားနေမှ စကားပြောရင်း သွားရင်း လာရင်းနဲ့လည်း သတိကပ်ပီး သိပြီးနေမှ။
မိသားစု ဆက်ဆံရေးဟာ သိပ်အရေးကြီးပါတယ်။ ဘုန်းကြီးဖတ်ဘူးတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ မိသားစု ဆက်ဆံရေးအပေါ် မူတည်ပြီ အဖက်ဖက်က ဖွဲ့ဖြိုးတဲ့ ကလေးတွေ ဖြစ်နိုင်သလို အဆိုးဆုံး ရူးတဲ့အထိလည်း ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေတာတွေ လက်တွေ့ဘ၀မှာ ရှိပါတယ်။ အဲဒီစာအုပ်ထဲမှာ ကလေးတစ်ယောက်အကြောင်းပါတယ်။ သူမိဘတွေက ကုမဏီလုပ်ငန်းတွေလုပ်တယ်။ မနက် မိုးလင်းကနေ မိုးချူပ်ထိ ကုမဏီကိစ္စတွေနဲ့ပဲ အလုပ်များနေတယ်။ ဒီတစ်ဦးတည်းသော သမီးလေးကို ချစ်တော့ချစ်တယ်။ လိုချင်တာ မှန်သမျှ မရတာ မရှိစေရဘူး။ မုန့်ဖိုးပိုက်ဆံအများကြီးပေးတယ်။ ဒါပေမယ့် ဒီကလေးက မိဘတွေကို မကျေနပ်ဘူး။ ခဏခဏ စိတ်ကောက်တယ်။ စကားမပြောဘူး။ တစ်ယောက်တည်း အခန်းထဲမှာ တံခါးပိတ်ပြီးနေတယ်။ ဒေါသကြီးကြီးနဲ့ ပေါက်ကွဲတတ်တယ်။ ဒါနဲ့ အဲဒီကလေးကို ဒေါက်တာဆီကိုခေါ်သွားတယ်။ သူက အဲဒီကလေးကို သေသေချာချာ စကားပြော တယ်။ ဆွေးနွေးတယ်။ ကလေးရဲ့  အမေ နဲ့ လည်းစကားပြောတယ်။ ဒေါက်တာက ကလေးအမေကို မေးတယ်။ ကလေးပြောတာကို သေသေချာချာနားထောင်ရဲ့  လား ကလေးရဲ့  ဆန္ဒတွေကို သိရဲ့  လား ဆိုတော့ သူဖြစ်ချင်နေတာ အကုန်ဖြည့်ဆည်းပေးနေတာပဲ။ ဘာမှ အကန့်အသတ်မရှိပါဘူး။ အဲဒီတော့ ကလေးက ဘယ်လို ပြန်ပြောသလဲဆိုတော့
ပစ္စည်းနဲ့ ပက်သက်လိုကတော့ ဘာပြောပြော ပြောလို့ရတယ် စိတ်ထဲက ခံစားချက်နဲ့ ပက်သက်တာကို ပြောရရင်တော့ ဘယ်တော့မှ ဆုံးအောင်နားမထောင်ဘူး တော်ပီတော်ပီ သိပါတယ်ဆိုတာမျိုးနဲ့ ပဲ စကာကို လျောချတယ်။

ဒီအချက်ကို ကိုယ့်ဘာသာဖြည့်ပီး ခံစားကြည့်ပါ။ လူဟာ ရုပ်ဝတ္ထုပစ္စည်းပြည့်စုံရုံနဲ့ ကျေနပ်မှု မရသေးဘူး။ လူလူချင်း ဆက်ဆံရေးမှာ ကိုယ့်ကို လူတစ်ယောက်လို လေးစားတာ အသိအမှတ်ပြုတာကို လိုချင်တယ်။ ကိုယ်ရဲ့  ခံစားချက်ကို နားလည်တာ အသိအမှတ်ပြုတာကို လိုချင်တယ်။ မိသားစု ဆက်ဆံရေးမှာ ဒါကို မရဘူးဆိုရင် ဒီကလေးဟာ ကြီးလာတဲ့အထိ ကိုယ်ရည်ကိုယ်သွေးချို့ တဲ့တဲ့ကလေး ဖြစ်တတ်တယ်။
မိသားစုတစ်ခု အကြောင်း နည်းနည်းလေး ထပ်ပြောပြချင်သေးတယ်။ သူတို့ အိမ်ကိုပင့်လို့ ရောက်ဘူးပါတယ်။ သူတို့ အိမ်ကို ဘုန်းဘုန်းရောက်တော့ သူ့အဖေက ၀မ်းနည်းတဲ့အမူအရာကြီးနဲ့ပြောတယ်။ အရှင်ဘုရား သူငယ်ချင်းကို ဆုံးမပါအုံးဘုရားတဲ့။ အဲဒါနဲ့ ဘုန်းဘုန်းက ဒကာကြီးသမီးက ဘာလုပ်လို့တုန်း ဆိုတော့ သူတို့က တပည့်တော်ကို စကားမပြောကြဘူး။ သူတို့က တပည့်တော်ကို လူရာမသွင်းကြဘူး။ တပည့်တော်က သူတို့ကို ငယ်ငယ်လေးကတည်းက ဘွဲ့ရတဲ့အထိ ပညာသင်ပေးခဲ့တာတဲ့။ ဒါနဲ့ ဘုန်းဘုန်းနဲ့ ငယ်ငယ်တုန်းက ကျောင်းနေခဲ့တဲ့ သူငယ်ချင်းကို တွေ့တော့ မေးကြည့်တယ်။ မေးကြည့် တော့သူက တပည့်တော်တို့ မှာ အလုပ်အင်မတန်များတယ်ဘုရား။ မနက် ၅ နာရီဆိုထရပြီ။ အိပ်ချင်မူးတူးနဲ့ ထပြီး မြန်မြန်စားဖို့ သောက်ဖို့ ချက်ရပီ။ ချက်ပီးရင် ကိုယ်ကိုတိုင်မြန်မြန်စားပြီးတော့ အဖေ့အတွက် စားဖို့ဆိုပီးတော့ ပြင်ဆင်ပြီးတော့ ထားခဲ့ရတယ်။ ထားပီးရင် ကလေးတွေကို ကျူရှင်သွားပို့ရတယ်။ ပီးရင် အလုပ်ကိုသွားရတယ်။ အလုပ်ကလည်း ကုမဏီလုပ်ငန်းဆိုတော့ မနက် ၆ နာရီကတည်းက တယ်လီဖုန်းလာပြီ အိမ်မှာကတည်းက တယ်လီဖုန်းနဲ့ အလုပ်လုပ်ရတာ။ ခရီးက လည်းအများကြီး သွားရတယ်။ အဲဒီတော့ သိပ်ပင်ပန်းတယ်။ ညနေအိမ်ပြန်တဲ့အခါကျတော့ လမ်းမှာ တွေ့တဲ့ဆိုင်ကနေ ကိုယ်လိုတဲ့အသုံးအဆောင်ပစ္စည်းတွေကို စားစရာတွေဝယ်ပြီးတော့ ပြန်လာရ တယ်။ အိမ်ရောက်ရင် ကမန်းကတန်းရေမိုးချိုးပြီးတော့ စားဖို့သောက်ဖို့ ချက်ပြုတ်ရတယ်။ ပြီးရင် တော်တော်မောနေပီတဲ့။ အိပ်ချင်နေပီတဲ့။ အဲဒီအချိန်မှာ အဖေက ငါဘယ်လိုဖြစ်နေတယ်။ နင်တို့က ငါ့ကိုပစ်ထားတယ်။ ငါ့ကို ဂရုမစိုက်ကြဘူးလို့ နေ့တိုင်း နေ့တိုင်းပြောတယ် ဘုရား။ အဲဒါကို တပည့်တော်တို့က ကြားလည်းမကြားချင်တော့ဘူး။ ဘယ်လိုပြန်ပြောရမှန်းလည်း မသိတော့ဘူး။ အဖေ့အတွက် လိုတာတော့ အကုန်လုပ်ပေးထားတယ်။ နောက်ထပ်ဘာလုပ်ရမယ်မှန်းမသိတော့ဘူး တဲ့။ အဲဒီတော့ အဖေအိပ်တော့ အိပ်တော့ သမီးတို့လည်း သွားအိပ်တော့မယ်ဆိုပြီး အိပ်လိုက်တာပဲ တဲ့။ အဲဒီ ဒကာကြီးကပြောသေးတယ်။ တပည့်တော်မြေးတွေကသူတို့ သူငယ်ချင်းတွေ အိမ်ကို အလည်လာတဲ့အခါ တပည့်တော်ကသူတို့ စကားဝိုင်းထဲ ၀င်ပြောတာ မကြိုက်ဘူးတဲ့။ အဘိုးကကိုယ် ဟာကို အခန်းထဲသွာနေပါ။ ဟိုမှာ တယ်လီဗေးရှင်းသွားကြည့်ဆိုပီး အခန်းထဲ ပို့လိုက်တယ်။ သူတို့က တပည့်တော် ၀င်ပြောတာကို မကြိုက်ဘူး။ အဲဒီတော့ ဒီအဘိုးဟာ သမီးနဲ့လည်း စကား ကောင်းကောင်းမပြောရဘူး။ မြေးတွေကလည်း သိပ်ပီး အရောတ၀င်မလုပ်ဘူး။ သူတစ်ယောက်တည်း ဖြစ်နေတယ်။ ဒီကိစ္စကလူကြီးတွေ အပြစ်ကြီးပဲလို့လဲ မပြောလိုဘူး။ ကလေးလို အပြစ်လိုလဲ မပြောလို ဘူး။ ဘယ်သူ့အပြစ်လို့  မပြောလိုဘူး။ နားလည်ဖို့လိုတယ်။ တတ်နိုင်သလောက် ညှိယူဖို့လိုတယ်။ အဓိကအချက်က အဘိုးဖြစ်တဲ့သူ ကိုယ်တိုင်က တရားနေမယ်။ သားသမီးတွေ ပြုစုတာကို အေးအေး ဆေးဆေးခံယူပြီးတော့ အော် ငါ့သားသမီးတွေ အလုပ်တွေ တော်တော်ပင်ပန်းကြတယ်။ သူတို့ကို ဒီကနေထိုင်ပီးတော့ မေတ္တာပို့မယ်။ ငါငယ်ငယ်တုန်းက သူတို့ကို ပညာသင်ပေးခဲ့တယ်။ ကျွေးမွေးခဲ့တယ် အခုငါ့ကို သူတို့က တလှည့် ပြန်ပြုစုနေတယ်။ ဒီလိုပြုစုတာကိုပဲ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူလေး ခံယူပီးတော့ အလုပ်သွားနေတဲ့ သားတွေ သမီးတွေ မြေးတွေ အပေါ်ကို မေတ္တာပို့ပေးနေမယ်။ ကျန်တဲ့အချိန်မှာလဲ ကိုယ့်ဘာသာကိုယ် ထိုင်လျက်ဖြစ်ဖြစ် အိပ်လျက်ဖြစ်ဖြစ် လမ်းလျှောက်ရင်းပဲ ဖြစ်ဖြစ် ရသလောက်ကလေး သတိပဌာန်ပွားပြီးတော့ နေလိုက်မယ်ဆိုရင် သူ့ စိတ်က အလိုအလျောက်ကြည်လင်အေးချမ်းနေတယ်နော်။ ညနေရောက်လို့ သားသမီးတွေပြန်လာရင် ငါ့သမီးကြီးပြန်လာပီးဆိုတာကို ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲတစ်ခွန်းပြောလိုက်ပါ။ ပြန်လာတဲ့ သမီးကအိမ်ရောက်တာနဲ့ အဖေ က ၀မ်းသာအားရနှုတ်ဆက်တာကို မြင်ရတာ ကြားရတာနဲ့ပဲ ကျေနပ် သွားမယ်။ ဒီလိုမဟုတ်ပဲ အလုပ်ကပင်ပန်းပြီးပြန်လာလို့ အိမ်ရောက်ရင် အဖေက တဆူဆူ တပူတပူလုပ်ရင် ဒီအဖေကို ရှောင်တော့မှာပဲ။ မျက်နှာမကြည်တဲ့သူအနားကို မလာချင်ကြဘူး ဒါထုံးစံပဲ။ အဘိုး အဘွား အဖေအမေက ကြည်ကြည်လင်လင်လေးနေပီး သားသမီးတွေချက်ပြုတ်ကျွေးတာ အားရ၀မ်းသာ စားလိုက်မယ်။ ငါ့သမီးလေး ချက်ကျွေးတာ ကောင်းတယ်ကွယ့် ပြီးရင် သမီးဒီနေ့ အလုပ်ပင်ပန်း သလား သားဒီနေ့ ဘယ်လိုနေတုန်း အဆင်ပြေရဲ့  လား ပင်ပန်းသလား မေးဖော်ရမယ်ဆိုရင် တော်တော်ကောင်းမှာနော်။ ကိုယ်က သူများဆီက မေတ္တာ ဂရုဏာနဲ့ ကြင်နာမှု ဂရုစိုက်မှုကို လိုချင်ရင် ကိုယ်က အရင်ဦးအောင် ပေးလိုက်ရတယ်။ အဲဒီလိုဆိုရင် သားသမီးတွေက အဖေအမေနားနေရတာ စိတ်ချမ်းသာလိုက်တာ ဆိုပီး အနားလာထိုင်နေပြီး အဖေ့ဘယ်နှယ့်နေလဲ နေကောင်းရဲ့  လား စားလို့ ကောင်းရဲ့  လား မနက်ဖြန် ဘာစားချင်တုန်း ဘယ်နေ့ ဘုရားသွားရအောင် စသည်ဖြင့် ပြောခွင့် ဆိုခွင့် ရမှာနော် ပြောချင်ဆိုချင်မှာ။ အခုတော့ တွေ့တိုင်း နင်တို့က ငါ့ကိုပစ်ထားတယ်။ နင်တို့ က ကျေးဇူး မသိတတ်ဘူး။ နင်တို့ ငယ်ငယ်တုန်းက ငါက ဘယ်လိုပြုစုခဲ့ရတာ။ အခုငါကြီးတော့ ငါ့ကိုမပြုစုဘူး။ အဲဒီလို ပြောပါများတော့ သားသမီးတွေက ကြာတော့ မတတ်နိုင်တော့ပါဘူး။ အဲဒီတော့ ဘယ်သူ့ အပြစ်လို့ မဆိုလိုပါဘူး။ ကိုယ့်ဘက်ကတာဝန် ကိုယ်ဟာကို တာဝန်ယူလိုက်ကြမယ်ဆိုရင် ကိုယ်ဘာသာကို စိတ်ချမ်းသာအောင် သတိပဌာန်လေးပွားပီးတော့ နေလိုက်ကြမယ်ဆိုရင် ငြိမ်းအေးမှု ပိုရှိလာမယ်။ ဒါဆိုရင် သက်သာသွားမယ်။ စိတ်လည် ချမ်းသာမယ်။ အရင်တခါဟောခဲ့တဲ့တရားထဲမှာ ပါတဲ့ ကိုယ့်ကိုကိုယ် မိတ်ဆွေဖြစ်အောင် လုပ်ဖို့ဆိုတာကို ဒကာ၊ဒကာမတွေ အားလုံး သဘောပေါက် စေချင်တယ်။ ကိုယ့်ဟာကို တရားအားထုတ်ပီးတော့နေရင်ကိုယ့်စိတ် က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။ ကိုယ့်ကို အများဆုံးစိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေး ပါ။ ကိုယ့်သဘောထားမှားနေလို့ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့ ကိုယ်စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုကိုယ်ပြန်နှိပ်စက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ်လည်းအပြစ် မတင်ပါနဲ့။ ငါ မကောင်းဘူး ငါဆိုးတယ် ငါ အသုံးမကျဘူးလို့ အဲဒီလိုတော့ မတွေးပါနဲ့။ ငါ မတတ်နိုင် တဲ့ကိစ္စလည်းရှိတယ်။ ငါ တတ်နိုင်တဲ့ကိစ္စလည်းရှိတယ်။ ငါဆိုးတဲ့အပိုင်းရှိသလို ငါကောင်းတဲ့အပိုင်း လည်းရှိတယ်ဆိုတာ လက်ခံပြီးထားပါ။ ကောင်းတာတွေကို တနေ့တခြားပိုပိုပြီးတော့ လုပ်သွားပါ။ နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကိုသိပြီးတော့ နေသွားမယ်ဆိုရင် အလိုအလျောက်ပြန်ကောင်းတဲ့ဘက်က တိုးတက်လာတယ်။ ဆိုးတဲ့ဘက်က လျော့သွားတယ်။ သတိပဌာန်တရားကို ထိထိမိမိအားထုတ်တယ် ဆိုရင် ယုတ်စွဆုံးဆေးလိပ်ပြတ်သွားတယ်။ အရက်ပြတ်သွားတယ်။ အပျော်အပါးနည်းနည်း နည်းသွားတယ်။ တီဗွီ၊ ဗွီဒီယိုကြည့်တဲ့အချိန်နည်းသွားတယ်။ လူတော်တော်များများက ဒုက္ခတွေ အများကြီး ကြုံရတာ ဘာလို့တုန်းဆိုတော့ မလုပ်သင့်တာတွေကို လုပ်နေတယ်။ လုပ်သင့်တာကို မလုပ်ဘူး။ အဲဒါကြောင့် ဒုက္ခများနေတာ။ သတိပဌာန်တရားအားထုတ်လာတဲ့အခါမှာ အသိ ဥာဏ်တစ်မျိုး လေးနက်ရင့်ကျက်လာတဲ့အတွက်ကြောင့် ရွေးချယ်နိုင်တဲ့စွမ်းအားကြီးလာတယ်။ 
နိုင်ငံခြားမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ကတောင်ပြောတယ်။ နိုင်ငံခြားမှာ အင်တာနက်ကို လွယ်လွယ်ကူကူသုံးလို့ရတယ်။ ကြိုက်တဲ့အကြောင်းအရာကို ကြိုက်တဲ့ဖျော်ဖြေမှုကို ခလုတ်ကလေး သုံးလေးခုနှိပ်လိုက်ယုံနဲ့ ချက်ချင်း ရတယ်တဲ့။ အရင်တရား အားမထုတ်ခင်တုန်းက အင်တာနက်နဲ့ ကိုယ်လိုချင်တာကို ခေါ်ပီးတော့ ပေါ်လာသမျှကို စိတ်ဝင်စားနေတာ မဆုံးနိုင်တော့ဘူးတဲ့.။ ပိုက်ဆံ လည်းအများကြီးကုန်တယ်။ အချိန်လည်း အများကြီးကုန်တယ်။ အခုတော့ တရားကို ကြိုးစားပြီးတော့ အားထုတ်လာတဲ့အခါမှာ မြင်ရသမျှ ကြားရသမျှအပေါ် ဥာဏ်လေးနဲ့ အကဲခတ်သုံးသပ်ပိးသား ဖြစ်နေတယ်။ တန်ဖိုးမရှိဘူး။ အကျိုးမရှိဘူး။ အပျင်းပြေယုံသက်သက် အပျော်သက်သက်ဖြစ်တယ်။ ချက်ချင်း ပိတ်ပစ်လိုက်တယ်တဲ့။ အဲဒီလို မလုပ်သင့်တာတွေကို မလုပ်ပဲနဲ့ လုပ်သင့်တာတွေကို ပိုပြီး တော့လုပ်လာတဲ့အခါမှာ ကိုယ့်ကိုကိုယ်လေးစားမှု ချစ်ခင်မှု တိုးလာတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု တိုးလာတယ်။ အကျိုးမရှိတာလုပ်နေချိန်မှာ ကိုယ့်ကိုကိုယ် လေးစားမှု ချစ်ခင်မှု ယုံကြည်မှု မရှိနိုင်ဘူး။
ဘ၀ကို အဓိပ္ပာယ်ရှိရှိ အနှစ်သာရ ပြည့်ပြည့်နေသွားချင်တယ်ဆိုရင် တရားအားထုတ်ပါ။ လုပ်သင့်တာ တွေလုပ်ပါ။ ဒါဆိုရင် ကိုယ့်ကိုကိုယ် လေးစားလာမယ် ချစ်လာမယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားလာမယ်။ ကိုယ့်ကိုကိုယ် အထင်မသေးတော့ဘူး။ ကိုယ့်ဘ၀ကို ကျေနပ်ပြီး။ ကြည်လင် ရွှင်လန်းတဲ့သူ ဖြစ်နေမယ်။ လူတိုင်းလူတိုင်းကိုယ့်ကိုကိုယ် မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားပါ။ တရားအားထုတ်လာပြီ သီလ၊ သမာဓိရင့်ကျက်လာတဲ့အခါမှာ အနားမှာ ဘယ်သူမှ မရှိပေမယ့် အဖော် မဲ့လို့ အားငယ်နေတဲ့သဘောမျိုး မဖြစ်တော့ဘူး။ အဖော်ကို အပြင်မှာ မရှိတော့ဘူး။ ကိုယ့်ကိုကိုယ် ကျေနပ်နေတဲ့စိတ်ဟာ ကိုယ့်အဖော်ဖြစ်နေတယ်။ သတိဟာ ကိုယ့်အဖော်ဖြစ်နေတယ်။ ငါ့မှာ အဖော် မရှိပါ့လားဆိုပီးတော့ အားမငယ်ဘူး။ မကြောက်ဘူး။ အဲဒီသတိပဌာန်အဖော်ကို အဖော်ကောင်းဖြစ် လာအောင် သေသေချာချာ ကြိုးစားရမယ်။ တကယ်တော့ နောက်ဆုံးအချိန်မှာ ဘယ်သူအဖော်ဖြစ် နေလဲ။ နောက်ဆုံးအချိန်မှာ သတိပဌာန်အဖော်နဲ့ ပဲလက်တွဲပီးတော့ ဘ၀သံသရာခရီးအဆုံးကို သွားရ မှာပါ။
ဒီဘုန်းကြီးလည်း အရင်တခါ အကြီးအကျယ်နေမကောင်းဖြစ်လိုက်တယ်။ တသက်လုံးပြင်းပြင်း ထန်ထန် နေမကောင်းဖြစ်တာ ဒီတခါပဲရှိတယ်။ ဘယ်လောက်ထိအောင်အားနည်းသွားလဲဆိုရင် မျက်စိဖွင့်လို့ မရတော့ဘူး။ စကားတစ်ခွန်းပြောဖို့ကို တော်တော်ပင်ပန်းနေတယ်။ ခန္ဓာကိုယ်တစ်ကိုယ် လုံးယောင်နေတယ်။ အသက်ရှုလို့ မ၀ဘူး။ အကြိတ်တွေလည်း ယောင်နေတာ လည်ပင်းကြီးကို ဖုထွက်နေတယ်။ ခေါင်းအင်မတန်ကိုက်တယ်။ ပျို့ ချင်အန်ချင်တယ်။ လုံးဝ မထနိုင်တော့ဘူး။ အိပ်ယာ ထဲမှာ အိပ်နေရတယ်။ အဆီအသားမရှိတော့ဘူး။ အရိုးနဲ့ အရည်လောက်ပဲကျန်တယ်။ ရေကို ဇွန်းနဲ့ ပါးစပ်ထဲ ထည့်ပေးရတယ်။ သွေးအားလည်း အလွန်ပဲနည်းသွားတယ်။ ဘယ်လောက်ထိအောင် ပင်ပန်းလဲဆိုရင် ဟိုဘက်ဒီဘက်စောင်းချင်တာတောင် မပြောနိုင်ဘူး။ အဲဒီအချိန်မှာ ဘယ်သူ့ကို အဖော်လုပ်မလဲ။ အနားမှာ ထိုင်နေတဲ့သူတွေ ပြုစုပေးနေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကိုယ်ခံစားနေတာကို သူတို့ကို မသိနိုင်ဘူး။ အဲဒီဟာ တရားကိုပဲ သေသေချာချာထိထိမိမိ ဖြစ်အောင် ရှု့မှတ်ရတာပဲ။ ခန္ဓာကိုယ်နာနေတာလည်းသိတယ်။ စိတ်ကလည်း နာလိုက်တာလို့ပြောနေတာ သိတယ်။ သတိလေးနဲ့ အဲဒီသဘောတွေကို မြင်အောင်ကြည့်ရင်း ကြည့်ရင်းနဲ့ အတွေးတွေ တိတ်သွား တဲ့အခါမှာ စိတ်မှာ ဒေါမနသ မရှိတော့ဘူး။ ဥပက္ခာပဲဖြစ်နေတယ်။ ဥပက္ခာဆိုတာ ၀မ်းသာတာလည်း မရှိဘူး။ ဆင်းရဲချမ်းသာမရှိဘူး။ ဟိုလိုဖြစ်ချင်တယ် ဒီလိုဖြစ်ချင်တယ်ဆိုတဲ့ တောင့်တမှုလည်းမရှိဘူး။ စိတ်ကလုံးက ညီမျှနေတယ်။ ငြိမ်နေတယ်။ အားလုံးကို လက်ခံထားတဲ့ အခြေအနေမျိုးဖြစ်သွားပြီ။ သူဖြစ်စရာ အကြောင်းရှိလို့ ဖြစ်တာ။ လုပ်သင့်တာ လုပ်ထားတာပဲ ပျောက်သင့်တဲ့အချိန်မှာ ပျောက်လိမ့်မယ်ဆိုပြီး စိတ်ကိုလျှော့ချထားပီး သိရုံကလေးပဲ သိနေတယ်။ ဘုရားဟောတဲ့ စိတ်မှာ မနာအောင်နေဆိုတာကိုလည်း ကောင်းကောင်းနားလည်လာတယ်။
အဲဒါကြောင့် ဒကာ၊ ဒကာမတွေအားလုံး ကြိုကြိုတင်တင်သတိပဌာန်တရားကို ကိုယ်နဲ့မကွာ အမြဲတမ်း ပါတဲ့ မိတ်ဆွေကောင်းဖြစ်အောင် လေ့ကျင့် ပြုစုပျိုးထောင်ထားပါ။ အဓိကအနေနဲ့ အထပ်ထပ် အခါခါ ပြောချင်တာ ဒါပါပဲ။ ဘယ်အသက်အရွယ်ရောက်နေနေလုပ်ပါ။ အခုကစလုပ်ပါ။ ဘယ်သောအခါမှ နောက်မကျပါဘူး။ ကိုယ့်ကိုကိုယ်အဖော်လုပ်ပါ။ လူတွေထင်တာက အဖော်ဆိုတာ နောက်တစ်ယောက်ရှိမှ လို့ ထင်ကြတာ။ နောက်လူတစ်ယောက်မဟုတ်တောင်မှ ရေဒီယို၊ တီဗွီ၊ ဗွီဒီယို စသည့်ဖြင့်ပစ္စည်းကို အဖော်လုပ်ကြတယ်။ တယ်လီဖုန်းကို အဖော်လုပ်ကြတယ်။ နိုင်ငံခြားမှာဆိုရင် အဖော်မဲ့ အထီးကျန်ဖြစ်လွန်းလို့ အားငယ်လွန်းလို့ ပျင်းလို့ တယ်လီးဖုန်းတစ်ယောက်နဲ့ တစ်ယောက် ဆက်ကြတဲ့သူတွေ အများကြီး ရှိတယ်။ သူတို့ နိုင်ငံမှာ အားနေတဲ့သူတွေ ဖုန်းဆက်လို့ ရတဲ့ ဌာနလည်း ရှိတယ်။ ကိုယ်က အားငယ်နေလို့ ကြောက်နေလို့ ဖုန်းဆက်ရင်တောင်မှ တဖက်က အချိန်ပေးပြီး နားမထောင်နိုင်ကြဘူး။ အလုပ်တွေက အင်မတန်များကြတယ်။ အဲဒီတော့ တီဗွီ၊ ဗွီဒီယိုတွေနဲ့ အဖော်လုပ်ကြပြန်တယ်။ တခါတလေ တီဗွီ ရှေ့မှာ ထိုင်ပြီး နေပေမယ့် ဘာပြနေမှန်းမသိ တော့ဘူး။ စိတ်ကတွေးချင်တာတွေး ငေးချင်တာ ငေးနေတော့တာပဲ။ လင်မယားနှစ်ယောက် တစ်အိမ် တည်းမှာ အတူနေကြတယ်။ မိန်းမက တီဗွီကြည့်ရင်းနဲ့ ထိုင်လျက်ကြီးသေနေတာကို ယောင်္ကျားက သုံးရက်ကြာမှသိတယ်။ အဲဒီလောက်ထိအောင်ကင်းကွာ သွားကြတာ ရှိတယ်နော်။ ဘယ်လောက် အထီးကျန်အဖော်မဲ့ ဖြစ်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။
ဒါကြောင့်တကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာငါနဲ့ အတူတူရှိနေအောင် ကြိုးစားပါ။ ငါနဲ့ငါပဲ အဖော်ရ နေအောင် ၊ ကိုယ့်စိတ်ကို အဖော်ကောင်းဖြစ်အောင် ကိုယ်ရဲ့  ကြည်လင်ရွှင်လန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖော်အဖြစ်တည်နေတတ်အောင် ကြိုးစားကြပါ။ သတိပဌာန်တရားကို ကိုယ်နဲ့ မကွာ အမြဲတမ်းပါတဲ့ အဖော်ကောင်းဖြစ်အောင်လုပ်ပါ။ မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုတိုင်ကပဲ မိတ်ဆွေကောင်း အဖော်ကောင်းပီသအောင် နေလိုက်ပါ။ သတိဆိုတဲ့ အဖော်ကောင်းနဲ့ အမြဲတမ်းအဖော်လုပ်ပြီးနေနိုင်ကြပါစေ။
 Photo - Create By Sensaos
တရားတော်အသံဖိုင်ဒေါင်းလုပ်ချင်သူများအတွက်

Friday, February 17, 2012

အဆိပ်တက်အလွမ်း


တရေးနိုးသော်အကြံပေါ်
ပေါ်တဲ့အကြံ တစ်ထောင်တန်
ငယ်ငယ်ကအမေဆိုပြခဲ့တာ ကြားဘူးတာပဲ

အခုတော့တရေးနိုးပြီ
အလွမ်းတွေကလည်း တစ်ထောင်မတန်လိုက်တာ

အိပ်မက်မှာ ငိုဘူးတော့
နှလုံးသားက ရူးသလိုလို

အလင်းမဲ့အိပ်မက်မှာ
အဖော်ဆိုလို့ အရိပ်တောင်မရှိ

တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့
နှလုံးသားကို ကုတ်ခြစ်သွားလိုက်တာ
အလွမ်းတွေက တစက်စက်

ကျိုးပဲ့နေတဲ့အိပ်မက်မှာ
ဒဏ်ရာတွေပြည့်နှက်နေလို့
အိပ်မက်ထဲက အလွမ်း
ကြမ်းသလား နုသလား
မမှတ်မိတော့ဘူး

နှလုံးသားလည်း အဆိပ်တက်
အိပ်မက်မှာလည်း အလွမ်းတွေနဲ့
အိပ်မရလို့ ထထိုင် ငိုင်နေတာတောင်
သူ့ ကို သတိရနေတုန်း ..။

အလွမ်းတွေနှိပ်စက် အိပ်ပျက်တဲ့ညတွေမှာ
မနေနိုင်လို့  ကလောင်ကိုင်
ရေးမိတာက အချစ်အကြောင်း

မျက်ကွင်းလည်းညို
လူလည် အိုပြီ ..။

ဘယ်လောက်ပင် နှိပ်စက်
စိတ်မပျက်တဲ့ ငါ…။

တွေးနေရင်း ငေးနေရင်း
မိုးမလင်းခင် အရှိန်သတ်
အလွမ်းတွေကို
ရပ်ပစ်လိုက်တော့မည်။

Monday, February 13, 2012

အရိုင်းချယ်ရီ လျှောက်သောလမ်း

ဖေ့ဖေ့ရဲ့  သားအတွက် ရည်မှန်းချက်၊ မေ့မေ့ရဲ့  နှုတ်ဆက်မျက်ရည်၊ ကျွန်တော့်ရဲ့  ဆုံးဖြတ်ချက်၊ ချစ်သူရဲ့  နာကျည်းမျက်လုံးများ၊ ပြီးတော့ ရုတ်တရက် နောက်လှည့်ပြေးထွက် သွားတဲ့ ချစ်သူရဲ့ ကျောပြင်၊ ချစ်သော စန္ဒာရယ် …။ အခုတော့ ငါတို့ တကယ်ဝေးခဲ့ကြပြီလား။ ဟောဒီ ပန်းပေါင်းစုံခတဲ့ ချယ်ရီမြေမှာ ငါ့အတွက် အလွမ်းတွေပဲ တစ်ပွင့်ပြီး တစ်ပွင့်ပါ။
နင်မှတ်မိသေးရဲ့ လား။ နင်က ရန်ဖြစ်တာကို သိပ်မုန်းခဲ့တယ်။ ငယ်ငယ်တုန်းက နင့်ကို အနိုင်ကျင့်တဲ့ ငနဲတစ်ယောက်ကို ငါထိုးခဲ့ဘူးတယ်။ ရန်ဖြစ်ခဲ့တယ်။ အဲဒါ ငါမှားလား။ ရန်ဖြစ်တဲ့အတွက် ငါကိုယ်တိုင် အထိုးခံထိပြီး နာခဲ့ပါတယ်။ ပြီးတော့ ဆရာကြီးရဲ့  အရိုက်ကို လည်းခံခဲ့ရတယ်။ ငါကျေနပ်ပါတယ်။ နင့်ကို အနိုင်ကျင့်တဲ့ သူကို ငါကောင်းကောင်းခံမလိုက်ရ လို့။
ငါ ဟာ သွေးဆူနေတဲ့ အရိုင်းတစ်ယောက်တော့ မဟုတ်ဘူး။ လောကမှာ အနိုင် ကျင့်စော်ကားလာသူကို ကာကွယ်ဖို့ လက်သီးခပ်ပြင်းပြင်းလောက်တော့ ထိုးတတ်ဖို့ လိုတယ်။ အဲဒီလို ငနဲတွေကို လက်အနာခံပြီး ထိုးရလိမ့်မယ်။
“ကျော်ခ စစ်တိုက်တမ်း မကစားပါနဲ့ဟာ။ ငါနဲ့ အတူတူကစားရအောင်”
“မကစားချင်ပါဘူးဟာ”
“ငါက ဆရာဝန်လုပ်မယ်။ နင်က လူနာလုပ်လေ”
“ဟင့်အင် ကစားဘူး။ စစ်တိုက်တမ်းပဲ ကစားမယ်။ ငါကကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မှာဟ ”
“ကျော်ခ နင်ငါနဲ့ မကစားရင် အန်တီနဲ့ တိုင်ပြောမှာ အန်တီက နင့်ကို ငါနဲ့ အတူတူ ကစားရမယ် လို့ပြောထားတာ”
“မကစားဘူးဟာ တိုင်ပေါ့”
ငယ် သူငယ်ချင်းမလေးရေ … အဲဒီတုန်းက ငါ့ကို စိတ်ဆိုးပြီး အကြာကြီး မခေါ်ပဲ နေခဲ့တာ။ ကလေးဘ၀က နှစ်သက်ရာ ကစားနည်းကို ငါစိတ်ကြိုက်ရွေးချယ်ခဲ့တယ်။ အဲဒီ ရွေးချယ်မှုအတွက် နင့်နှုတ်ခမ်းတွေ အကြာကြီး စူခဲ့တယ်။ မျက်စောင်းတွေ အကြာကြီး ထိုးခဲ့ တယ်။
“ကျော်ခ ငါတို့ တက္ကသိုလ် အတူတူလက်ကြရအောင်နော်။ နင်က ဘာမေဂျာ ယူမှာ လဲဟင်။ တက္ကသိုလ်အကြောင်း ၀တ္ထုတွေ ဖတ်ရတယ်။ ဇာတ်လမ်းတွေလည်း ကြည့်ရတယ်။ ကျောင်းတက်ဖို့ ငါတွေးပြီး ပျော်နေမိတယ်။ ”
“ကျော်ခ နင်ငါနဲ့ တစ်မေဂျာတည်း ယူနော် ”
အဲဒီတုန်းက ငါနှုတ်ဆိတ်နေခဲ့မိတယ် စန္ဒာ …။ အခုတော့ ငါရဲ့  ရွေးချယ်မှုအတွက် နင် သိပ် စိတ်ဆိုးသွားခဲ့ပြီလား။ စိတ်နာ သွားခဲ့ပြီးလား စန္ဒာ ..။ အပျော်ဖတ် အချစ်ဝတ္ထုတစ်ပုဒ် ထဲကလို ချစ်သူ့ လက်ကို တွဲပြီး အင်းယား ကန်ဘောင်ပေါ် လျှောက်ချင်တာပေါ့ ..။
ငယ်ငယ်က ရန်ဖြစ်တာတွေကို မုန်းခဲ့တဲ့ ငါ့ရဲ့  မယ်စစ်မုန်းလေး ရေ ငါက အမှန် တရားတွေကို ကာကွယ်ဖို့ လက်သီးထိုးတတ်ချင်ယုံ သက်သက်ပါကွာ။ ငါတို့ နှစ်ယောက် ဆန့် ကျင်ဘက် အစွန်းနှစ်ဖက်မှာ တကယ်ကျောခိုင်း နေကြပြီလား။ ငါ မင်းဆီက လမ်းခွဲထွက်ခဲ့ တာ မဟုတ်ဘူး စန္ဒာ ..။ လမ်းခွဲစကား မပြောပဲ ဒီလိုပဲ တဖြေးဖြေး သွေးအေးဝေးလွင့် သွားရ တော့မှာလား။
နှစ်ယောက်အတူတူ မက်ဖို့ အိပ်မက်တွေ ထမင်းလုံး တစ္ဆေခြောက်ခံရခြင်း အ တွက်တော့ ငါလည်း ၀မ်းနည်းမိတာပေါ့။ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အင်းယားကန်၊ ခုံပြာတန်း၊ ကံ့ကော်ပန်းများ၊ ညနေခင်း ဂစ်တာသံများ၊ ချစ်သူတို့ရဲ့  ရယ်သံများ၊ အဲဒီ နင်တို့ရဲ့  တက္ကသိုလ်ကြီးမှာ ပျော်နေရဲ့  လား စန္ဒာ ..။
ဟော ဒီ ငါတို့ အမိစစ်တက္ကသိုလ်ကြီးမှာတော့ ကဗျာဆန်ဖို့ အချိန်မပေးနိုင်ပါဘူး။ လေ့ကျင့်ရေး ကွင်းများ၊ ပြေးလွှားနေသော ခြေလှမ်းများ၊ ချွေးစက်များ၊ စစ်မိန့်သံများ၊ သစ္စာ ဆိုသံများ၊ အရိုင်းချယ်ရီများ၊ စန္ဒာရေ … ဟောဒီ အရိုင်းချယ်ရီတွေလည်း ဝေတတ် ကြွေတတ် တယ်။ ငါတို့ သေရဲ သတ်ရဲတွေလည်း ငိုတတ် ရယ်တတ်တယ်။
“ဟေး …. စာတွေလာတယ်ဟေ့ …”
“ငါ့ စာ ပါလားကွ”
“ဟိတ်ကောင်တွေ မလုနဲ့လေကွာ”
“ဟေ့ကောင် ငါ့စာပေး”
“ဟေးဟေး ..လိုချင်ရင် အလကားတော့ မရဘူးကွ။ ကော်ဖီမစ် တစ်ထုပ်နဲ့ ရွေး”
“ဒီကောင့်စာက ဓာတ်ပုံပါတယ်ဟ။ ဖောက်လေကွာ ကြည့်ရအောင်”
“ဘာဆိုင်လို့ကြည့်ရမှာတုန်းကွ .. ငါ့ကောင်မလေးပုံကို”
“ဟား …ဟား…ဟာ…”
စာတိုက်က စာလာလို့ လုသူများ၊ ပျော်သူများ၊ တစ်ယောက်နဲ့တစ်ယောက်နောက် ပြောင်သံများက ငါ့ကို လှောင်ပြောင်နေသလိုပါပဲ။ ဟောဒီ စာတိုက်က စာတွေရောက်တိုင်း ငါ ဝေးရာကို ရှောင်နေလိုက်ပါတယ် စန္ဒာ..။ ငါနဲ့ ဘာမှ မသက်ဆိုင်ပါဘူးလေ။ ဒီလောက်အချိန် တွေ အကြာကြီး ဝေးနေပြီး ငါ့ကို စာလေးတစ်စောင်တောင် ရေးဖော်မရဘူးတဲ့လား။
ဝမ်းနည်းစရာတွေ ကြုံတိုင်း ငါ့ကို တိုင်တည်ပြီး ငိုတတ်တဲ့မင်း၊ ပျော်ရွှင်စရာတွေ ကြုံတိုင်း ငါ့ကို ပြောပြ ရယ်မောတတ်တဲ့မင်း၊ မကျေနပ် တာတွေ တွေ့တိုင်း ငါ့ကို စိတ်ကောက် ပြီး ဘုတော တတ်တဲ့မင်း၊ ခုတော့ စကားလုံးတွေ ဆွံ့ အနေလိုက်တာ။ နင်ငါ့ကို နာနာကျည်း ကျည် တစ်ခုခုပြောပစ်လိုက်ရင်တောင် ငါ ဖြေသာဦးမှာပါ။
စန္ဒာ နင်က ပန်းကလေးတွေကို မြတ်နိုးတတ်တယ်နော်။ နင့်စကား တွေကို ငါမှတ် မိပါတယ်။ ပန်းဆိုတာ ငြိမ်းချမ်းခြင်းရဲ့  အဓိပ္ပာယ်တဲ့၊ နင့်သိရဲ့ လား စန္ဒာ…။ ငါ့တို့ဆီမှာ ချယ်ရီ တွေ တစ်နှစ်တစ်ခါ သစ္စာရှိရှိပွင့်ကြတယ်။ ချယ်ရီ ပန်းခြောက်တွေ နင့်ဆီ ပို့ချင်တယ်။ ဒါပေ မယ့် အကြွေပန်းတွေကို နင်တန်ဖိုး ထားတတ်ပါ့မလား။ ငါတို့ ချယ်ရီတွေက အရိုင်းပန်းတွေပါ စန္ဒာ..။ အလေ့ကျ ပေါက်တတ်တဲ့ ပန်းရိုင်းတွေလည်း သူ့ သဘာဝနဲ့သူ လှပါတယ်။ နင် နားလည်ပါ့မလား။ ဟောဒီ ငါတို့ သေနတ်ကိုင်တဲ့ အရိုင်းလက်တွေလည်း နွေးထွေးကြတယ်။
“ကျော်ခ ဒီနေ့ကျောင်းမှာ သင်တဲ့ သမိုင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်နော် ”
“ဒုတိယကမ္ဘာစစ် ဖြစ်ရသော အကြောင်းအရင်းများကို ပြောတာလား”
“ဟုတ်တယ် ကျော်ခ။ ဘာဖြစ်လို့ လူတွေက အဓိပ္ပာယ် မရှိတဲ့ အလုပ်တွေ လုပ်ချင် နေရတာလဲ။ သေကြမယ်၊ ကြေကြမယ်၊ ငိုကြယိုကြရမယ်။ ဘာကောင်းတာရှိလို့လဲ။ စိတ်ညစ် စရာတွေချည်းပဲ။ ”
“လူတွေက တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်ပြီး အနိုင်ယူစိုးမိုးချင်နေကြတာလေ”
“ငါကတော့ အဲလို အားပြိုင်တာ။ အနိုင်ကျင့်ချင်တာကို သိပ်မုန်းတာပဲ။ ငါ့ကိုလဲ အနိုင်လာ မကျင့်နဲ့ ။ ငါလဲ ဘယ်သူ့ကိုမှ အနိုင်မကျင့်ချင်ဘူး။ ”
ကျောင်းတုန်း ကတည်းက နင့်ရဲ့  စိတ်ကို ငါသိပါတယ်။ စန္ဒာ ..ရေ .. ကိုယ်က အနိုင် မကျင့်ချင်ပေမယ့် ကိုယ့်ကို အနိုင်လာကျင့်ရင် ကာကွယ်နိုင်စွမ်းတော့ ရှိရမယ်။
လောကမှာ အသက်ရှင်ရပ်တည်ဖို့ တစ်ခုခုတော့ စွမ်းကြရတယ် စန္ဒာ..။ ဦးချို၊ အစွယ်၊ ခွန့်အား၊ လိပ်တစ်ကောင်ရဲ့  မာကျောတဲ့ ကျောကုန်း၊ ဖြူးတစ်ကောင်ရဲ့  ဆူးတောင်၊ ဖြူစင်လွန်းပါတယ်ဆိုတဲ့ ယုန်တစ်ကောင်မှာတောင် အသက်ရှင်ဖို့ အပြေးမြန်တယ်။ ငါက ယုန် တစ်ယောက်လို ထွက်မပြေးချင်ဘူး။ ခပ်ထုံထုံသိုးတစ်ကောင်လိုလည်း ခေါင်းငုံ့မခံချင်ဘူး။
ငါ ငယ်ငယ် ရန်ဖြစ်တုန်းက နင့်အတွက် ဖြောင့်လက်သီးပြင်းပြင်း တစ်လုံး ထိုးခဲ့ တယ်။ ခုတော့ ငါ့ရဲ့  ဖြောင့်လက်သီးတွေက နင် တစ်ယောက်တည်းအတွက် မဟုတ်တော့ဘူး။ ငါတို့ အားလုံးအတွက် ဟောဒီက မြန်မာပြည်အတွက်၊ ဧရာဝတီအတွက်၊ ပုဂံမြေအတွက်၊ ရွှေတိဂုံအတွက်၊ တောင်တန်းပြာတွေအတွက်၊ ပင်လယ်အတွက်၊ အဲဒီအတွက် နင့်အနားမှာ ငါရှိမနေနိုင်ခြင်းကို နင် နားလည်မှာပါ။

(~_~)

“ရော့ စန္ဒာ နင့်အတွက် ..ငါ့ အိမ်က ခူးလာတာ”
“နှင်းဆီပန်းလေးပါလား။ အရမ်းလှလာပဲ။ ပန်းကတော့ လှပါတယ်။ ဆူးတွေနဲ့”
ဆူးဆိုတာ နှင်းဆီရဲ့  မာနပါ စန္ဒာ၊ လောကမှာ ထိုက်သင့်တဲ့ မာနလောက်တော့ ရှိသင့်ပါတယ်။ ဆူးတွေက နှင်းဆီရဲ့  အလှကို ကာကွယ်ပေးကြတာ။ သိပ်လှတဲ့ နှင်းဆီအ တွက် ဆူးဆိုတာလည်း လိုအပ်တယ်။ နှင်းဆီရဲ့  ဆူးတွေက ဘယ်သူ့ကိုမှ မတရား အနိုင်ကျင့် စူးနစ်စေဖို့ မဟုတ်ဘူး။
တချို့  က နင့်လိုပဲ ဆူးတွေကို မုန်းတတ်ကြတယ်လေ။ ပွင့်လွှာတွေ ဘယ်လောက် လှပကြောင်း၊ ၀တ်မှုန်တွေ ဘယ်လောက်နူးညံ့သိမ်မွေ့ကြောင်း၊ ဘယ်လောက်မွေးပျံ့ ကြောင်း ဖွဲ့ကြတယ်။ နှင်းဆီအတွက် ဆူးတွေ အမုန်းခံပေးတဲ့ အကြောင်း ဘယ်သူတွေ ဆေးဖော်ကြောဖက် လုပ်ပြီး အကောင်းပြော သလဲ။ ငါက ဆူးတစ်ချောင်း ဖြစ်မှာပါ။
“ရွှီး”
“ရွှီး”
“ရွှီး”
တန်းစီကွင်းဆီမှာ ခရာသံတွေ ကြားရပြီ၊ အဲဒီမှာ ငါတို့ စုပေါင်းတန်းစီပြီး ငါတို့ရဲ့  ညနေခင်း ကဗျာကို သံပြိုင်ဆိုကြမယ်။ ငါတို့ရဲ့  နံနက်ခင်း သီချင်းလည်း ဖြစ်တယ်။ အဲဒီကဗျာ မှာ ကာရံမပါဘူး။ အဲဒီသီချင်းမှာ သံစဉ်အတက်အဆင်း မရှိဘူး။ ခေါင်းစဉ်က “သစ္စာလေးချက်” တဲ့။
ငါ့ရဲ့  အင်္ကျီကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်လိုက်တယ်။ အလွမ်းတွေ ပြည့်ကျပ် နေတဲ့ ဟောဒီ ရင်ဘတ် မှာ ဖရိုဖရဲ မနေအောင်လို့ပါ။
တောက်ပြောင်နေရမယ့် ဦးထုပ်တံဆိပ်က အနည်းငယ် မှေးမှိန်နေသလိုပဲ။ မျက်ဝန်းမှာ လွမ်းရိပ်တွေနဲ့ နွမ်းနွယ် နေတော့လည်း တစ်ခါတစ်ခါ မှုန်ဝါးဝါး မြင်ရတတ်တယ်။ ဦးထုပ်တံဆိပ်ပေါ်မှာ တင်နေတဲ့ ဖုန်စတွေကို ခါထုတ် ပြစ်လိုက်တယ်။ ပြီးတော့ ငါ့ကိုငါ ပြန်ပြော လိုက်တယ်။
“ဘာလို့ မျက်လွှာချပြီး ခေါင်းငုံနေရမှာလဲ ”
အင်္ကျီပုခုံးထောက်ကို တပ်လိုက်တယ်။
လူတစ်ချို့ က ပုခုံးပေါ်မှာ မိသားစုကို ထမ်းပိုးထားကြတယ်။ တစ်ချို့  က မိဘကို ထမ်းထားတယ်။ တစ်ချို့  ကတော့ ကိုယ့်အတ္တကို လွယ်အိတ်တစ်ခုလို လွယ်ထားကြတယ်။
တစ်ချို့ က လူ့လောကကို ပင့်တင်ထားကြတယ်။ တစ်ချို့ တွေရဲ့  ပုခုံးပေါ်မှာတော့ ချစ်သူ့ဦးခေါင်းတွေ တွယ်မှီနေတယ်။
ငါရဲ့  ပုခုံးပေါ်မှာတော့ ဗိုလ်လောင်းအဆောင်အယောင်ဖြစ်တဲ့ အဖြူရောင် ဒေါက်တစ်ခုပါ။
ပြီးတော့ ဖိနပ် စီးလိုက်တယ်။ ဖိနပ်ကို ကြိုးတင်းတင်းထိုးတယ်။ တန်းစီကွင်းကို သွားမယ့် ခြေလှမ်းတွေဟာ လျော့တိလျော့ရဲ ဖြစ် မနေအောင်လို့လေ။
ပြီးတော့ အနာဂတ် ခရီးကိုလည်း အဲဒီခြေလှမ်းတွေနဲ့ပဲ ဆက်လျှောက်ရဦးမယ်။ ငါ့ရဲ့  ချစ်သော စန္ဒာရေ ..ငါတို့ လွတ်လပ်စွာ ကွဲလွဲခဲ့ကြပြီ ဆိုရင်တောင် ငါလျှောက်နေတဲ့ လမ်းက နင်နဲ့ ကျောခိုင်းလျှက် မဟုတ်ပါဘူး။
လက်ချင်းတွဲလျှောက်နေကြတဲ့ ချစ်သူတွေတောင် မျဉ်းပြိုင်လျှောက်ရသေးတာ။ သူတို့တွေဘ၀ မျဉ်းပြိုင်မို့ မဆုံးနိုင်ကြဘူး ပြောရင်တောင် ဦးတည်ရာတွေကတော့ တူတူ လျှက်ပါ။

မေဒေးလှိုင်

ငါပြောပြချင်လိုက်တာ
ငါ့ရင်ထဲမှာ ..
ငါ့ရင်ထဲမှာလေ …
လွမ်းလှပါတဲ့
ငါ့ရင်ထဲက ထောင့်ဖြတ်မျဉ်းကလေးရယ်
(၁၈) ရာသီတိုင်တိုင်
ငါ့ခံစားချက်တွေကို သတ်ခဲ့တဲ့ ငါလက်နဲ့ပါ။
ချစ်သော
ကျောင်းသွားဖော် ကောင်မလေးရယ်
ငါဟာ ပင်လယ်ပြင်ပေါ်မှာ
ဣနြေ္ဒကြီးကြီးနဲ့ ရေငတ်ခဲ့တဲ့ကောင်ပါ။
ပြောပြချင်ပါသေးတယ်
ငါ့ကို ကုတ်ခြစ်ခဲ့တဲ့လက်သည်းကလေးရယ်
ကြက်ခြေခတ်တွေ အုပ်ထားတဲ့
ဘ၀ရဲ့  ခြေတံဟောင်းများကို
ဖယ်ရှားပေးနိုင်သူဟာ
နင်တစ်ယောက်တည်းပါ။
နင်မသိလို့ပါ
ငါ့ရင်ဘတ် ငါပိတ်ခဲ့တဲ့
သံယောဇဉ်ပုံပြင်မှာ
နင်ပဲရှိတယ်။
သူမ
နင်သိပါလေစ
ကျောင်းတော်ရဲ့  အစကတည်းက
ငါလွယ်ထားခဲ့ရတဲ့
ခရမ်းပြာ ဓားချက်များအကြောင်း
နေခြည်အစင်းစင်းတို့
နောင်ခေတ်အဆက်ဆက်မှာ
ငါ့ဘ၀ကို ပိုင်သသူကို
ပြောပြကြမှာက
ငါမက်မက်မောမော တန်ဖိုးထားတဲ့
အစိမ်းပွင့်တဲ့ ပန်းတစ်ပွင့်အကြောင်းပါ။
စိမ်းလန်းနေဦးမယ်
အတိတ်ကပန်းအလင်္ကာတစ်ပုဒ်နဲ့
တစ်ခါတစ်ခါ
ငါ့ရင်မှာ ချိုလွင်ဖူးတဲ့
ဆည်းလည်းသံလေးကို
သတိရနေဦးမှာပါ။
ငါဟာခိုးဝှက်ပြီးမှ
လွမ်းခဲ့ရတဲ့ကောင်ပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့နိုင်ငံတော်မှာ
ဘုရင်မလာလုပ်လှည့်ပါကွယ်။

ဒီကဗျာလေးက မေတစ်ရက်နေ့(မေဒေးနေ့) မှာစိန်ပန်းပြာတွေ လှိုင်လှိုင်ပွင့်တဲ့ အချိန်မှာ ရေးလိုက်မိတဲ့ အတွက် “မေဒေးလှိုင်” လို့ပဲတင်စားခေါ်လိုက်မိပါတယ်။

ဒီဇာတ်လမ်းလေးက အစ်ကိုတစ်ယောက်ရဲ့  ဖြစ်ရပ်မှန် ရင်နင့်ဖွယ်ရာ ဇာတ်လမ်း လေးပါ။

အလွမ်းမိုးတွေ တ၀ုန်းဝုန်းရွာချနေတဲ့ ညတစ်ညကိုသွားသတိရမိတယ်။ အဲဒီညမှာ ပဲ ကိုကျော်ခက မျက်ရည်စက်လက်နဲ့ သူ့ရင်ဘတ်ကို ဖွင့်ပြခဲ့တယ်။
သမားတော်ကြီး စာရေးဆရာများက အဲဒီရင်ကို မေ့ဆေးမပေးပဲ အစိမ်းလိုက် ခွဲကြည့်ခဲ့ကြတယ်။ ရင်ခွဲကြည့်သူတွေ ပြောစကားအရ
ကိုကျော်ခ ဆိုတဲ့လူ အတော်အံ့သြဖို့ ကောင်းတယ်ဗျ။ သူ့ရင်ကို ခွဲကြည့်လိုက် တော့ သူ့ဘယ်ဘက်ရင်အုံမှာ နှလုံးသားရှိမနေဘူးလေ။ နှလုံးသားအစား သတင်းစာဓာတ်ပုံ ဖြတ်ပိုင်းလေးတစ်ခု ပဲရှိနေတယ်။ အဲဒါလေးကို သေချာကြည့်လိုက်တော့ ဒေါက်တာစန္ဒာ ဆယ်တန်းကျောင်းသူဘ၀တုန်းက (Top Ten) ၀င်လို့ ဆုယူနေတဲ့ ဓာတ်ပုံလေးလေ။ ကြေးမုံသတင်းစာထဲမှာ ပါလာတဲ့ သတင်းက ဖြဲယူထားတဲ့ သတင်းစာဖြတ်ပိုင်း ဓာတ်ပုံလေးပါ။
အေးဗျာ ဘာပဲဖြစ်ဖြစ် အံ့သြမိတယ်လေ။ သူများတွေလို နှလုံးသားနဲ့ အသက်မရှင် ပဲ သတင်းစာဓာတ်ပုံဖြတ်ပိုင်းလေးတစ်ခု နဲ့ အသက်ရှင်နေတဲ့သူကို ခင်များတို့လည်း သိစေချင်လို့ပါ။
နောက်ပြီး ကိုကျော်ခ ငယ်စဉ်ကထိုးခဲ့ဘူးတဲ့ ဖြောင့်လက်သီးကို သတိရတိုင်း သူ့အခန်းမှာ သဲအိတ်ကြီးကို တအုန်းအုန်းနဲ့ ထိုးနေတော့တာပါပဲ။ မယုံရင် သူ့ အခန်းကို သွား ကြည့်လိုက်ပါ။ အခုတောင် သူ သဲအိတ်ကြီးကို ထိုးနေမလားပဲ ….း)။
ခင်ဗျားတို့က ဖတ်ပြီးတော့ ရီကြဦးပေါ့။ ကျုပ်ကတော့ ဒါလေးလုပ်ဖို့ကို အတော်ကြိုးပန်း စွန့်စားလိုက်ရတာလေ ပြောပြပါဦးမယ်။
ဒီလိုဗျ
ကြွေတစ်ခါဝေတစ်လှည့် ဒုတိယပိုင်း ထွက်လာမှာ စိုးလို့ စိုးနိုင်က ကျုပ်ကို အရက်မူးအောင်တိုက် ပြတင်းတံခါးတွေ ဖွင့်သိပ်ပြီး နုတ်ပိတ်ဖို့ ကြံစည်ခဲ့တာလေ။ ကံကြီးပေလို့သာပဲ အရပ်ကတို့ရေ .. ။ကျုပ်ကတော့ မနက်လင်းတော့ တော်တော်လေး ကြောက်သွားပြီး (ကြွေတစ်ခါဝေတစ်လှည့် ဒုတိယပိုင်း) မထွက်စေရပါဘူးလို့ ကတိပေးထား လိုက်ရတယ်။ ဒါတောင်သူက အခန်းထဲမှာ မျက်လုံးဒေါက်ထောက်ကြည့်နေတော့ နေရထိုင်ရ တော်တော်ကျပ်တယ်လေ။
အခုလည်း သူ့အရင် အိပ်ယာပေါ် တက် အိပ်ချင်ယောင်ဆောင်နေလိုက်ရတယ်။ သူအိပ်ပျော်တော့မှ ထပြီး ဒီကိစ္စကို လုပ်ရတော့တာပဲဗျို့  ။ ခေါင်းတွေတောင်ကိုက်လို့။
ဟူး …………မောလိုက်တာနော် ….။
နောက်တစ်နေ့ မနက်တောင် လင်းနေပါပေါ့လား ….။



ဖြစ်ရပ်မှန်ဇာတ်လမ်းအား ကာယကံရှင်ကိုကျော်ခကို ခွင့်မတောင်းပဲ ယခုလိုတင်လိုက်ရတဲ့အတွက် ဤနေရာမှ တောင်းပန်အပ်ပါသည်။