Sunday, December 31, 2006

You Can Happy !



  • စိတ်ချမ်းသာမှုဟာ ဘ၀ခရီးလမ်းဆုံး မဟုတ်ဘူး။ စိတ်ချမ်းသာမှုဟာ ဘ၀ခရီးလမ်း သို့မဟုတ် ဘ၀နေနည်းပါ။
  • စိတ်ချမ်းသာမှုဆိုတာ သင်လိုချင်တာ ဖြစ်ရုံမကပါဘူး။ သင့်ရဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။
  • လိုချင်တာဆိုတာက မရရင်လည်း ကိစ္စမရှိဘူး။ လိုအပ်တာက မရရင်နေလို့ မဖြစ်တာကို ဆိုလို တယ်။ စိတ်ချမ်းသာမှုဟာ မရရင် မဖြစ်တဲ့အရာပါ။
  • စိတ်ချမ်းသာမှုဟာ လှပတဲ့အရာ မြင့်မြတ်တဲ့အရာ ဖြစ်တယ်။
  • စိတ်ချမ်းသာအောင် နေချင်ရင် စိတ်ဆင်းရဲစရာကို ရှာပြီး မပြောပါနဲ့။ စိတ်ချမ်းသာစရာ ကို ရှာတွေးပါ။ စိတ်ချမ်းသာစရာကို ပြောပါ။
  • ကိုယ်ဖြစ်ချင်တာနဲ့ကိုက်ညီတဲ့ စကားကိုပဲ တစ်နေ့လုံး ပြောပါ။ ကိုယ်မလိုချင်တာတွေ ကို ပြောရင် မလိုချင်တာတွေ မရဖို့တော့ဖြစ်နိုင်ပါတယ်။ လိုချင်တာကို ရဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်လိုချင်တာကို ရချင်ရင် ကိုယ်ဘာကို လိုချင်တယ် ဆိုတာကို ပြေပါ။ စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာမယ့် စကားကိုပြောပါ။
  • ပျော်ရွှင်မှုဟာ သိမ့်မွေ့နက်နဲတဲ့ အနုပညာတစ်မျိုးဖြစ်ပါတယ်။ လေ့ကျင့်နေဖို့ လိုပါတယ်။ စာရေးသလိုပဲ။ စိတ်ကူးပေါ်ရာကို ရေးနေပါ။ ကြာရင် စာရေးဆရာ ဖြစ်လာမယ်။ ပျော်ရွှင်မှုဟာလည်း ဒီလိုပဲ။ စိတ်ကူးရသလို ပျော်ပါ။ ကြာရင် ပျော်ပျော် နေတတ်တဲ့သူ ဖြစ်လာမယ်။
  • ကိုယ့်စိတ်ချမ်းသာမှုကို သူများလက်ထဲ ထည့်လိုက်တာနဲ့ ကိုယ်ဘ၀ဟာ မရေရာတော့ဘူး။
  • ကြောငြာတွေက ဘာကိုပြောနေသလဲ။ သင့်စိတ်ချမ်းသာမှုဟာ သူတို့ ပစ္စည်းထဲမှာ ရှိနေတယ်လို့ ပြောနေတယ်။ ယုံသလား။ ယုံတဲ့သူ များပါတယ်။ သင်လည်း အဲဒီထဲမှာ ပါနေရင် သင်ဟာ အများထဲက တစ်ယောက်ပါပဲ။
  • ကိုယ့်ဘ၀ကို ကိုယ် အဓိပ္ပာယ်ရှိတယ်လို့ ခံစားရရင် စိတ်ချမ်းသာတယ်။ ကိုယ့်မှာ ကောင်းမွန်တဲ့ ရေရှည် ဦးတည်ချက်ရှိရင် စိတ်ချမ်းသာတယ်။ ကိုယ့်ဘ၀ဟာ ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ထင်နေရင် နေရတာ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။ ဦးတည်ချက် ရည်မှန်းချက်မရှိရင် လမ်းပျောက်သလိုဖြစ်နေလို့ စိတ်ချမ်းသာမှာ မဟုတ်ဘူး။ ယောင်လည်လည် ဖြစ်နေမယ်။ ကိုယ့်အတွက် စိတ်ချမ်းသာမှုကို ဘယ်သူကမှ ပေးမှာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ရှာမှ ဖြစ်မယ် ။
  • ကိုယ့်စိတ်ထဲမှာ စိတ်ချမ်းသာမှုကို ရှာတွေ့ဖို့မလွယ်ဘူးဆိုပေမဲ့ တခြား နေရာမှာ ရှာတွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး။
  • ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ် တာဝန်ယူတာဟာ လွတ်လပ်မှုပဲ။
  • ငွေကြေးချမ်းသာရင် ပစ္စည်းတွေ အများကြီး စုမိလိမ့်မယ်။ ဒါပေမယ့် စိတ်ထားကောင်းမှ အဲဒီပစ္စည်းတွေကို စိတ်ချမ်းချမ်းသာသာနဲ့ သုံးနိုင်မယ်။
  • ပျော်ရွှင်မှုအတွက် ကျန်းမာရေးအထိခိုက်ခံတာဟာ မိုက်မဲမှုပဲ။
  • တစ်နေ့ပီးတစ်နေ့ စိတ်ချမ်းသာအောင် နေနိုင်ရင် အမြဲ စိတ်ချမ်းသာမယ်။
  • ပျော်ရွှင်မှုဟာ မိတ်ဆွေတိုးစေတယ်။
  • ပျော်တတ်တဲ့သူဟာ ခင်တတ်တဲ့သူ ဖြစ်တယ်။
  • လူချစ်လူခင် များတဲ့ သူဟာ ဘယ်လိုလူလဲ။ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူ၊ စိတ်ချမ်းသာစရာကို ပြောတတ်တဲ့သူ။ သေသေချာချာ နားထောင်ပေးတတ်တဲ့သူ၊ ရိုးသားတဲ့သူ၊ သတ္တိရှိတဲ့သူ၊ ကိုယ်ချင်းစာတတ်တဲ့သူပဲ။
  • ကိုယ်က ပျော်ချင်ရင် တခြားတစ်ယောက်ကို ပျော်အောင်လုပ်လိုက်ပါ။ အဲဒါ အကောင်းဆုံးနည်းပဲ။
  • ပျော်နေတဲ့သူဟာ သူများကိုလည်း ပျော်အောင်လုပ်မှာပဲ။
  • အခြေအနေတစ်ခုမှာ ကိုယ်က ပျော်မယ်လို့ မထင်ရင် မပျော်တာပဲ များပါတယ်။ ပျော်ရွှင်မှုဆိုတာ ကိုယ့်မျှော်လင့်ချက်ပေါ်မှာ မူတည်တယ်။ ပျော်စရာကြီးလို့ ယူဆရင် ပျော်တယ်။ ပျင်းစရာကြီးလို့ ယူဆရင် ပျင်းတယ်။
  • ချစ်တတ်တဲ့သူဟာ ချစ်စရာကောင်းတဲ့ လောကထဲမှာ နေရတယ်။ မုန်းတတ်တဲ့သူဟာ မုန်းစရာကောင်းတဲ့ လောကထဲမှာ နေရတယ်။ လောကကြီးဟာ ကိုယ့်ကို ရောင်ပြန်ဟပ် ပေးတယ်။
  • သောက ဖြစ်နေတာဟာ မနက်ဖန်တွေ့ရမယ့် ဒုက္ခကို မပျောက်စေနိုင်ဘူး။ ဒါပေမယ့် ဒီနေ့ ရှိနေတဲ့ အင့်အားကို ကုန်ခမ်းသွားစေတယ်။
  • လူ့ဘ၀မျာ ဒုက္ခအစစ်တွေ အလုံအလောက် ရှိပါတယ်။ သင့်စိတ်က ဒုက္ခ အတုတွေ ဖန်တီးတာကို ခွင့်မပြုပါနဲ့။
  • ဖြစ်မယ်လို့ မသေချာတဲ့ ကိစ္စအတွက် သောကများနေတာဟာ မချေးရသေးတဲ့ ငွေအတွက် အတိုးပေးနေတာနဲ့တူတယ်။
  • သောကငှက်တွေ ကိုယ့်ခေါင်းပေါ်က ဖြတ်ပြီး မပျံအောင် တားလို့ မရပါဘူး။ ဒါပေမယ့် ကိုယ့်ဆံပင်ထဲမှာ အသိုက် မလုပ်အောင်တော့ တားလို့ရပါတယ်။
  • မလိုအပ်တဲ့ အတွေးတွေကို မတွေးပဲ နေနိုင်ရင် စိတ်ကြည်လင် အေးချမ်းမှုရမယ်။
  • ဘ၀ဟာ တိုးတောင်းတာ ၀မ်းနည်းစရာ မဟုတ်ပါဘူး။ ဘ၀ကို မနေရသေးပဲနဲ့ သေတာက ၀မ်းနည်းစရာကောင်းတာ။
  • သင့် စိတ်ချမ်းသာမှုဟာ တစ်စုံတစ်ယောက် တစ်ခုခု လုပ်တာ မလုပ်တာပေါ်မှာ မူတည်နေတယ်ဆိုရင် သင့်မှာကြီးမာတဲ့ပြဿနာ ရှိနေပြီ။
  • ကြီးမားတဲ့ အခွင့်အရေးဆိုတာ တစ်ခါတစ်ရံမှ တွေ့ရပါတယ်။ အငယ်စား အခွင့်အရေးတွေ ကတော့ နေ့တိုင်း တွေ့ရပါတယ်။ အငယ်စား အခွင့်အရေးတွေကို လက်မလွတ်အောင် ဖမ်းယူနိုင်ရင် အောင်မြင်တဲ့ဘ၀ကို ရမယ်။
  • စိတ်ချမ်းသာချင်ရင် ကိုယ်တကယ် စိတ်ဝင်စားတာကို လုပ်နေပါ။ ဘာမှ မလုပ်ပဲ ရေရှည် စိတ်ချမ်းသာအောင်နေဖို့ မလွယ်ဘူး။
  • တကယ် စိတ်ချမ်းသာနေတဲ့သူကို ကြည့်ရင် သူဟာ စိတ်ချမ်းသာမှု ဘယ်မှာ ရမလဲ ဆိုပီး လိုက်ရှာမနေဘူး။ သူ တန်ဖိုးထားတာကို လုပ်နေတယ်။ စိတ်ချမ်းသာ ချင်ရင် စိတ်ချမ်းသာစရာကို လိုက်ရှာမနေနဲ့။ စိတ်ချမ်းသာမှု ပေးပါလို့ မတောင်းပါနဲ့။ ကိုယ်လုပ်ချင်တာကို စိတ်ပါလက်ပါ လုပ်နေပါ။
  • ဘာလုပ်ရမှန်း မသိတာဟာ စိတ်ဆင်းရဲစရာ ကောင်းတယ်။ ကောင်းတယ်၊ မှန်တယ်၊ လုပ်ချင်တယ်၊ လုပ်တတ်တယ်၊ လုပ်နေတယ် ဆိုရင် စိတ်ချမ်းသာနေတယ်။ မလုပ်တတ်ရင်တောင် လုပ်ရင်းနဲ့ လုပ်တတ်လာမယ်။ ဒါကြောင့် တစ်ခုခုကို လုပ်နေတာ ကောင်းတယ်။ လုပ်နေတဲ့သူဟာ ပိုကောင်းတာကို လုပ်နိုင်တယ်။ ဘာမှမလုပ်ပဲနေတာ ကြာရင် စလုပ်ဖို့ သိပ်ခက်တယ်။
  • ကျန်းမာရွှင်လန်းတဲစိတ်နဲ့ အကောင်းဆုံးကို ရွေးချက်ပြီး လုပ်နိုင်စွမ်းရှိတာဟာ အရည် အသွေးပြည့်ဝတဲ့စိတ်လို့ ခေါ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝမှုကို စိတ်ချမ်းသာမှုလို့ ခေါ်တယ်။ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်နိုင်တာဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝတဲ့ လက္ခဏာ ဖြစ်ပါတယ်။ စိတ်မချမ်းသာတဲ့သူဟာ အကောင်းဆုံးကို မရွေးနိုင်ဘူး။ လက်စားချေချင်တယ်၊ နှိပ်စက်ချင်တယ်၊ အနိုင်ယူချင်တယ်၊ မောက်မာတယ်၊ စော်ကားတယ်။ စိတ်ချမ်းသာနေတဲ့သူဟာ စိတ်နေမြင့်လို့ သေးသိမ်တဲ့ စိတ်ထားနဲ့ လုပ်ရတဲ့ အလုပ်ကို မလုပ်နိုင်ဘူး။
  • အရည်အသွေးပြည့်ဝတဲ့ စိတ်ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးလို့ ရပါတယ်။ ငယ်ငယ်ကတည်းက သင်ပေးရင် တတ်လွယ်ပါတယ်။ ဒီပညာ မတတ်ရင် လူ့အသိုင်းအ၀ိုင်းကို ဒုက္ခပေးတဲ့သူ ဖြစ်လာမယ်။ အကြမ်းဖက်ဖောက်ခွဲနေတဲ့သူတွေ၊ ဖျက်ဆီးနေတဲ့သူတွေ၊ တစ်ဖက်သတ် အနိုင်ယူနေတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိလို့ လုပ်နိုင်တာ။ စိတ်နေသဘောထား ပြည့်ဝရင့်ကျက်လာရင် အားလုံးကောင်းဖို့ လုပ်တယ်။ တစ်ကိုယ်ကောင်း မဆန်ဘူး။ မဖျက်ဆီးဘူး။
  • ကိုယ့်ကိုကိုယ် လေးစားမှုတိုးဖို့ အခွင့်အလမ်းများတဲ့ဘ၀ဟာ စိတ်ချမ်းသာစရာ ကောင်းတယ်။ တန်ဖိုးရှိတာ ကောင်းတာကို လုပ်ရင်ကိုယ့်ကိုကိုယ် လေးစားမှု တိုးပါတယ်။ လူတိုင်း နေ့တိုင်း တန်ဖိုးရှိတာကို လုပ်ဖို့ အခွင့်အရေးတွေ ရနေပါတယ်။
  • လူ့ဘ၀ဆိုတာ ကိုယ့်ကိုကိုယ် ကိုယ်ဖန်တီးဖို့ အခွင့်အရေးပဲ။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးဖို့ အခွင့်အရေးပဲ ဖြစ်လာသမျှကို ငုံ့ခံနေဖို့ မဟုတ်ဘူး။
  • ကံကောင်းတယ်ဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ကိုယ်က ဖြစ်အောင်လုပ်လို့ ဖြစ်တာပါ။ စောင့်နေလို့ မလိုဘူး။ ဖြစ်အောင်လုပ်ဖို့ပဲ လိုတယ်။
  • ကိုယ့်ကိုကိုယ် ယုံကြည်ပါ။ ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်ပါ။ ငါ့မှာ အရည်အချင်းရှိတယ်။ ငါလုပ်ရင် ဖြစ်မယ်လို့ မယုံကြည်ပဲနဲ့ အောင်မြင်ဖို့ စိတ်ချမ်းသာဖို့ မဖြစ်နိုင်ဘူး။
  • အခြေအနေ မကောင်းတာကို မကောင်းမှန်း သိတာဟာ ဥာဏ်ရှိလို့။ စိတ်အေးအေးထားပြီး လုပ်နိုင်တာကို လုပ်တာ ပညာရှိလို့၊ စိတ်ဓာတ်အင်အားကြီးလို့။
  • ငါမှန်တယ် ဆိုပြီး အနိုင်ယူတိုင်းလည်း စိတ်မချမ်းသာဘူး။ တကယ်တော့ စိတ်ချမ်းသာ အောင်နေလိုက်တာဟာ အနိုင်ရတာ။ အနိုင်ယူချင်သလား။ စိတ်ချမ်းသာချင်သလား၊ စိတ်ချမ်းသာချင်ရင် အနိုင်အရှုံး မရှိအောင်နေပါ။
  • မကျေနပ်တာတွေ နည်းသွားတာဟာ စိတ်ဓာတ် ရင့်ကျက်လာတဲ့ လက္ခဏာ တစ်ခုဖြစ်တယ်။
  • ခက်ခဲတဲ့ အခြေအနေမှာ စိတ်အေးအေး ချမ်းချမ်းနဲ့နေနိုင်ရင် အခြေအနေ ကောင်းတဲ့ အခါ စိတ်ချမ်းသာအောင်နေဖို့ ပိုပြီးလွယ်တယ်။
  • အရေးကြီးတာက အကောင်းဆုံးလူသား တစ်ယောက် ဖြစ်လာဖို့ပဲ။ အကောင်း အဆိုး ဘာပဲကြုံရ ကြုံရ ပိုကောင်းတဲ့သူ ဖြစ်လာဖို့ဟာ လိုရင်းပဲ။

ကျွန်တော်အခု ရေးသားထားသော အတွေးအခေါ်များသည် ဆရာတော်ဦးဇောတိက ရေးသား ထုတ်ဝေးခဲ့သော စိတ်ချမ်းဖို့လိုရင်းပါ စာအုပ်မှ ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ စာဖတ်သူ ပရိတ်သတ်အပေါင်း ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်းများ ထာဝရ ပိုင်ဆိုင်နိုင်ပါစေ။