Wednesday, March 12, 2008

love

တကယ်တော့ အချစ်ဆိုတာ သူ့ဟာနဲ့သူ သီးသန့်နေရင် အင်မတန်ကို မြတ်နိုးဖွယ်ရာ ကောင်းတဲ့ ခံစားချက်တစ်ခုပါ။ ဒီအချစ်ကို ငွေကြေးအရှိန်အ၀ါတွေ၊ မာန်မာနတွေနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ ရောနှောလိုက်တဲ့ အခါမှာ အချစ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်သွားရတာပေါ့။ အမှန်မှာက အချစ်ဆိုတာ ပေးဆပ်ခြင်းမဟုတ်သလို ရယူခြင်းလည်းမဟုတ်ပြန်ဘူး၊ အနီးစပ်ဆုံးပြောရရင်တော့ ဖလှယ်ခြင်းပေါ့။ တစ်ဦးရဲ့ ပျော်ရွှင်မှု့ကို တစ်ဦးထံပြောပြီး ဖလှယ်တာ အချစ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ နီးစပ်ပါတယ်။ ဒါကြောင့် အပေးအယူ မျှတတဲ့ စုံတဲ့လေးတွေဖြစ်ဖို့ အတွက် အောက်ပါအချက်လေးတွေကို ဖတ်ကြည့်ပြီး တစ်ပတ်လောက်ဖြစ်ဖြစ် စမ်းသပ်ကြည့်ပါလား။ အချစ်တွေ ထုံမွမ်းနေတဲ့ ကာလလေးမှာ ချစ်သူတိုင်း အဆင်ပြေ ချောမွေ့စေဖို့ အတွက်လေ။

သူနဲ့ကိုယ် ကွဲပြားချက်လေးတွေကို သဘောပေါက်ပေးပါ

အမြွာလေးတွေတောင်မှ စိတ်ဓါတ်ချင်း ချွတ်စွပ်တူဖို့ရာ မဖြစ်နိုင်တဲ့ အနေအထားမှာ ယောကျာ်းလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ဟာ ဘယ်လိုမှအကြိုက်ချင်း တူညီနိုင်မှာ မဟုတ်ဘူးလေ။တစ်ဦးက ကော်ဖီကြိုက်ပြီး တစ်ဦးက လက်ဖက်ရည်ကြိုက်တာ ပြဿနာမဟုတ်ပေမယ့် ဒီထက်လေးနက်တဲ့ ကိစ္စတွေမှာ ပြဿနာရှိလာနိုင်ပြီပေါ့။ ဥပမာ-ယောကျာ်းလေးဆိုရင် ဘီယာ၊ စီးကရက် သောက်တာမျိုး။ ဒါမျိုးက ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရမို့ အလွန်အကျွံမဟုတ်ရင် နားလည်ပေးသင့်တဲ့ ကိစ္စမျိုးပါ။ အဓိကက သူရဲ့စိတ်နဲ့ ကိုယ်ရဲ့စိတ်ဟာ ဘယ်လိုမှထပ်တူကျမှာ မဟုတ်လို့ ညီမျှခြင်းညှိဖို့လည်း မကြိုးစားပါနဲ့။ အတိုင်းအတာတစ်ခု အထိ နားလည်ပေးထားခြင်းဟာလည်း သူကိုယ့်ကို ရှိန်လာစေမယ့် တစ်ချက်ပါဘဲ။

ချစ်လက်ဆောင်လေးတွေပေးပါ။
လက်ဆောင်ဆိုတာ မနှစ်သက်တဲ့သူ မရှိပါဘူး။ တန်ဖိုးနည်းတာ များတာထက် လက်ဆောင်ပေးတယ်ဆိုတာ ကိုယ်ကို အလေးအနက်ထားခြင်း တစ်မျိုး မဟုတ်လား ။ ဒီလိုပါဘဲ ချစ်သူတွေမှာလဲ မွေးနေ့ရောက်မှ မွေးနေ့ရောက်မှ လက်ဆောင်ပေးတာ မျိုး မဟုတ်ပဲ ရံဖန်ရံခါ ချစ်သက်လက်ဆောင်လေးတွေပေးတာဟာ သူ့ကို ကိုယ်အလေးအနက်ထားတယ်ဆိုတာ ပါးစပ်က မပြောဘဲ ထုတ်ဖော် ပြသနေတာ ပါပဲ ။ စာအုပ်ကြိုက်တဲ့ ချစ်သူအတွက် စာအုပ်လေးတွေ လက်ဆောင်ပေးတာမျိုး ၊ သီချင်းကြိုက်တတ်တဲ့ ချစ်သူလေးအတွက် သူသဘောကျတဲ့ အဆိုတော်ရဲ့ အခွေထွက်ရင် ဦးဦးဖျားဖျား လက်ဆောင်ဝယ်ပေးတာမျိုး စသဖြင့် ဒါလေးတွေက တစ်ဖက်သားက ကိုယ်ကိုပိုချစ်လာစေမယ့် အခွင့်အလမ်းလေးတွေပဲပေါ့။

နားလည်စွာနဲ့ စိတ်ဓါတ်မြှင့်တင်ပေးပါ

ဘ၀ဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူးလေ။ ဘယ်လောက်ပဲ ချမ်းသာတဲ့လူပဲ ဖြစ်ဖြစ် ကျရှုံးချိန်တို့၊ ၀မ်းနည်း ကြေကွဲရတဲ့ အချိန်တွေဆိုတာ ရှိလာမှာပဲမဟုတ်လား။ ဒီလိုအခက်အခဲတွေ ကြုံလာတိုင်း နားလည်စွာနဲ့ စိတ်ဓါတ်မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ သူစိတ်ဓါတ်ကျနေချိန် ဒါမှမဟုတ် ရှုံးနိမ့်နေတဲ့အချိန်မှာ ချစ်သူ ကောင်းပီသစွာနဲ့ နှစ်သိမ့်ဆွေးနွေးပေးနိုင်ဖို့ လိုပါတယ်။ မအောင်မြင်လို့ စိတ်ဓါတ်ကျနေတဲ့ သူတစ်ယောက်ကို သွားပြီးအပြစ်တင်ရင် တစ်ဖက်ကလည်း မခံချင်စိတ်နဲ့ ပြန်ပြောတဲ့အခါ အခန့်မသင့်ရင် အက်ကြောင်းရာတွေပါ ထင်သွားတတ်ပါတယ်။ သူ့အပေါ်ကို ကိုယ်ကနားလည်ပေးနိုင်ရင် အနှိုင်းမဲ့ ဖြစ်ပြီပေါ့။

ချစ်သူအတွက်ဆို လူရွှင်တော်ဖြစ်ပါစေ

ဟာသကို မကြိုက်တဲ့သူရှိရင် လက်ညှိုးထိုးပြစမ်းပါ။ ဒီလိုပါဘဲ တည်တည်တင်းတင်းကြီးနေတဲ့ သူကို ဘယ်သူက ခင်ချင်မလဲနော်။အထူးသဖြင့် ကိုယ်ချစ်တဲ့သူအတွက် ပျော်ရွှင်စရာလေးတွေ ဖန်တီးပေးနိုင်တဲ့ သူဖြစ်နေရင် အကောင်းဆုံးပဲပေါ့။ ပျော်ရွှင်စရာတွေ ဖန်တီးခြင်းမှာ ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ပါဘူး။ ဒါပေမယ့် အဲဒီပျော်ရွှင်မှု့ဟာ ငွေကြေးနဲ့လည်း ၀ယ်ယူလိုလည်းမရပါဘူး။ ကိုယ်ချစ်သူကို တစ်ခါရယ်မောအောင် လုပ်နို်င်သူဟာ နှစ်ဆတိုးပြီး ပိုချစ်ခံရတဲ့ သူပါဘဲ။ ဒါအပြင် အံ့သြစရာ လုပ်တတ်တာဟာလည်း အရည်အချင်း တစ်ခုပဲတဲ့နော်။ ကဲ- သင့်ချစ်သူနဲ့တွေ့တဲ့အခါ သူရယ်အောင်တစ်ခုခုနောက်ကြည့်လိုက်စမ်းပါ။ ။

အဖြူရောင် မေတ္တ္တာကိုလည်းပေးပါ

အချစ်ဆိုတာ တစ်ခါတစ်ရံမှာ ပူလောင်တတ်တဲ့ သဘာဝရှိပါတယ်။ ဘယ်လိုအခါမျိုးတွေမှာ ပူလောင်သလဲ ဆိုတော့ကိုယ့်ဆန္ဒတွေမပြည့်ဝတဲ့ အခါမှာပေါ့။ မေတ္တာမှာတော့ ဘယ်တော့မှပူလောင်ခြင်းဆိုတာ မရှိဘူးလေ။ မေတ္တာဆိုတဲ့ သဘောက တစ်လောကလုံးကို ဖြန့်ကြက်ပေးထားလို့ ရတာမဟုတ်လား။ အချစ်ဆိုတာကတော့ တစ်လောကလုံး မပြောနဲ့။ ဟင်း- တစ်ယောက်ထက်ပိုသွားပြီဆိုရင်ကို……..ကဲ- အဲဒါတွေထက် အရေးကြီးတာ တွေက သူ့အပေါ်မှာ နက်ရှိုင်းတဲ့ အချစ်တဲ့ အချစ်တွေနဲ့ ထပ်တူအေးမြလှတဲ့ အဖြူရောင် မေတ္တာကိုလည်း ပေးနိုင်ဖို့ပါ။ ဒီလို စိတ်ထားတတ်သွားရင် အရမ်းကြီး ပြာကျအောင်တော့ မပူလောင်တော့ဘူးပေါ့နော်။ အထူး သတိထားရမှာကတော့ကိုယ့်အချစ်ကို ဗန်းပြပြီး ၊ သူ့ဘ၀ရဲ့ တက်လမ်းတွေကို ပိတ်ပင်မထားဖို့ပါဘဲ။ မေတ္တာနဲ့ ယှဉ်တဲ့အချစ်စိတ်နဲ့ ချစ်တတ်တဲ့သူဟာ အရာအားလုံးထက် မြင့်မြတ်တဲ့ သူပါ။ ။။

တောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်း ဒွန်တွဲပါစေ

လောကမှာ မမှားဖူးတဲ့ သူဆိုတာ မရှိပါဘူး။ ချစ်သူတွေကြားမှာ ကြီးကြီးကျယ်ကျယ်တွေ မဟုတ်ရင်တောင် စိတ်အခန့်မသင့် စရာကိစ္စလေးတွေကတော့ စုံတွဲတိုင်းလိုလိုမှာ ရှိတတ်ကြပါတယ်။တချို့က ကိုယ်မှားမှန်း သိရက်နဲ့ ဘယ်တော့မှမတောင်းပန်ချင် ကြဘူး။ ဒီတော့ ဘယ်လိုပြသနာတွေဖြစ်ဖြစ် ကိုယ်ကမှားတယ်ဆိုရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ ဒီလိုပါဘဲ အတောင်းပန်ခံရတဲ့သူကလည်း ငါကအသာစီးကပဲဆိုတဲ့ စိတ်မျိုးကြီးနဲ့ တင်းမထားသင့်ဘဲ နားလည်ခွင့်လွှတ်ပေးတတ်ဖို့ လိုပါတယ်။ ကိုယ်မှားလို့တောင်းပန်ခြင်းဟာ တစ်ဖက်သား အပေါ်လေးစားမှူ ရှိခြင်းနဲ့လည်း အတူတူပါဘဲ။ ဒါကြောင့် မှားသွားရင် ကျေနပ်အောင် တောင်းပန်လိုက်ပါ။ တောင်းပန်ခံရရင်လည်း ခွင့်လွှတ်ပေးပါ။

နွေးထွေးသောအချစ်တွေ အရောင်လက်ပါစေ

သူနဲ့ငါချစ်နေတာပဲ။ ဘာမှမလိုပါဘူးလေဆိုပြီး အေးတိအေးစက်ကြီး နေတာကြာလာရင် အေးတိအေးစက်ကြီးပဲ ဖြစ်သွားတတ်ပါတယ်။ ဒီအခြေအနေကြီးကို လိုလားပါသလား။ မလိုလားပါဘူးနော်။ အချစ်တွေ အမြဲတမ်း နွေးထွေးဖို့ အတွက် အရေးကြီးပါတယ်။ ဒီအတွက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂရု စိုက်တာ၊ ချစ်သူဖြစ်စက အမှတ်တရလေးတွေ ပြန်ပြောတာ။ ယောကျာ်းလေးဆိုရင်လည်း ကိုယ်ပိုးပန်းစဉ်က လွဲချော်ခဲ့ဖူးတဲ့ အဖြစ်သနစ်လေးတွေကို ပြန်ပြောင်းပြောဆိုတာ၊ မိန်းကလေးဆိုရင်လည်း အဖြေပေးစဉ်အခါက ရင်ခုန်စိတ်လှုပ်ရှားမှုလေးတွေ ပြန်ရင်ဖွင့်ပြတာ စသဖြင့်နှောင်းတမြည့်မြည့်လုပ်ခြင်းဟာလည်း အခါအခွင့် သင့်တိုင်း ပြန်ပြောဖို့ မမေ့ပါနဲ့။ ချစ်တယ်ဆိုတဲ့စကားဟာ ပိုးပန်းစဉ် ဒါမှမဟုတ် အဖြေပေးစဉ်ပြောတဲ့ တစ်ခါ သုံးစကားမဟုတ်ပါဘူး။ မသေမချင်း တစ်ဘ၀လုံးသုံးရမယ့် စကားပါ။ ဒါကြောင့် ကိုယ့်ချစ်သူကို ချစ်တယ် လို့ ထပ်ထပ်ပြောဖို့ နှုတ်မတွန့်ပါနဲ့လား။ နှစ်ဦးသားတွေ့ဆုံချိန်မှာ သူမျက်ဝန်းတွေကို တည့်တည့် စိုက်ကြည့်ပြီး မင်းကိုအရမ်းချစ်တာပဲ ဆိုတဲ့ စကားကို ပြောကြည့်ပါလား။ သူလည်းရင်တွေ ပြန်ခုန်လာတာကို သင့်နားနဲ့ ဆတ်ဆတ်ကြားရပါလိမ့်မယ်။



ကြားဘူးနားဝ အချစ်ကျမ်းများမှ ထင်သလို မြင်သလို ရေးထားသည် ... အားပေသွားသော သူငယ်ချင်းများ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

No comments:

Post a Comment