Tuesday, April 8, 2008

Min Lu

ဒီနေ့ ကျွန်တော် ကျောင်းက ပြန်လာတော့ စက်ထဲက ဖိုင်တွေကို လိုက်ဖွင့်ကြည့်မိတယ် ။ ကိုယ်စက်ထဲမှာ ဘာတွေ ဘယ်နေရာမှာ သိမ်းထားလဲ ဆိုတာကိုတောင် ကျွန်တော် မသိပါဘူး ။ ကိုယ်နှစ်သက်တာ ဆိုရင် အားလုံးကို သိမ်းထားမိပါတယ် ။ အချိန်ရမှ ပြန်ကြည့် ဖြစ်ပါတယ် ။ ဒီနေ့ ကျွန်တော် ဖတ်မိတဲ့ ၀တ္ထုလေး ကတော့ ကျွန်တော် ကို စင်ကာပူက သူငယ်ချင်းကောင်မလေး တစ်ယောက်ပို့ပေး တာပါ ။ သဘောကျလို့ ကျွန်တော် သိမ်းထားမိတာပါ ။ ဖတ်ဖူးတဲ့ သူတွေလည်း ရှိချင်ရှိမှာပါ ။ မဖတ်ဘူးတဲ့ သူတွေအတွက် ဖတ်စေချင်တဲ့ စေတနာနဲ့ အခုလို ကျွန်တော် ဘလော့မှာ တင်လိုက်ရခြင်းဖြစ်ပါတယ် ခင်ဗျာ ။ အိမ်ထောင်ပြု ၊ ဘုရားတည် ၊ ဆေးမင်ရည်စုတ်ထိုး ဤ သုံးမျိုးတဲ့ တော်တော်ကို အရေးကြီးပါတယ် ။ ဒီလိုပါပဲ အိမ်ထောင်ပြုဖို့ အတွက် ဖူးစာရှင်ရွေးတော့ မယ်ဆိုရင် လည်း အရေးကြီးပါတယ် ခင်ဗျာ ။ ကဲ ၀တ္ထုက ဘယ်လိုလည်းဆိုတာကို ရေးပါတော့မယ် ခင်ဗျာ ။


*************************************************************************

ဦးဆင်ပေါက်သည် ဆူဆူညံညံ အသံများကြောင့် အိပ်ရာမှ လန့်နိုးလာခဲ့ရသည် ။ အသံချဲ့စက်နှင့် အော်နေသော အသံများပင် ဖြစ်၏ ။

” ဒီ ဓာတ်မှန်ကားတွေဟာ တော်တော် တရားလွန်တယ် ” ဟု မကျေမနပ် ရေရွတ်သည် ။ ထိုနောက် သူတို့လို လူကုံထံတွေသာ အသုံးပြုနိုင်သော မှို့စစ်စစ်ဖြင့် ပြုလုပ်ထားသည့် ခေါင်းအုံးကို နားရွက်ပေါ်မှာ ဖိလိုက်ပြီး ပြန်အိပ်ဖို့ကြိုးစားသည် ။ သို့ရာတွင် အိပ်လို့မရတော့ ။ ထိုကြောင့် အိပ်ယာမှ ထလိုက်ရပြီး ရေချိုးခန်းသို့ ၀င်လာ ခဲ့သည် ။

နယ်လှည့် ဓာတ်မှန်ကားများသည် သူတို့အရပ်ဒေသသို့ တစ်လ နှစ်ခေါက်လောက်တော့ လာတတ်သည် ။ ကြီးမား ရှည်လျားသော မှန်လုံကားကြီး ဖြစ်၏ ။ အစိမ်းရင့်ရောင်မှန်များ တပ်ဆင်ထားသည် ။ ရောဂါ ရှာဖွေရေး ကိရိယာ အပြည့်အစုံနှင့် ဓာတ်ခွဲခန်းလည်း ပါဝင်သည် ။ သူတို့ဆီမှာတော့ ဓာတ်မှန်ကား ဟု အလွယ်တကူ ခေါ်ကြသည် ။

ဒီကားတွေ ရောက်လာပြီဆိုလျှင် အသံချဲ့  စက်ဖြင့် အော်ဟစ်ကြော်ငြာတတ်သည် ။ အမှန်အားဖြင့်တော့ သူတို့ နေရာမှာ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်၏ ။ ဆူဆူညံညံ မလုပ်ရ ။ သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်ကို ထိခိုက်စေနိုင်သည် ။ ဒီဇယ်ကား ၊ ဓာတ်ဆီကား တွေမ၀င်ရ လောင်စာခဲဓာတ်အိုး ၊ နေရောင်ခြည်စွမ်းမင်သုံး စသည့်တို့ အသုံးပြုသော ယာဉ်များသာ ၀င်ခွင့်ပြုသည် ။ ဓာတ်မှန်ကားတွေကတော့ လျှစ်စစ်ကားဖြစ်တာက တစ်ကြောင်း ၊ ကျန်းမာရေး အထောက်အကူပြုသည် ဆိုသော အကြောင်းပြချက်ကြောင့် တစ်ကြောင်း ၀င်ခွင့်ရ ခြင်းဖြစ်သည် ။ ရှားရှားပါးပါး အသံချဲ့ စက် အသုံးပြုခွင့် ရသော လုပ်ငန်းဖြစ်သည် ။

မျက်နှာသစ်နေစဉ်မှာလည်း သူတို့အသံကို ကြားနေရသည် ။ အပြောတော့ တော်တော်ကောင်းတဲ့ သူတွေ ဟု မှတ်ချက်ပြုလိုက်သည် ။

” ဟုတ်ကဲ့ ခင်ဗျာ ၊ အာရောဂျံ ၊ ပရမံ ၊ လာဘံ ဆိုတဲ့ ရှေးက ဆိုရိုး စကားအတိုင်း ကျန်းမာရေးဟာ လာဘ်ကြီး တစ်ပါးပါပဲ ။ လူဟာ အပြင်ပန်းက ကောင်းနေတယ်လို့ ထင်ရပေမယ့် ခန္ဓာကိုယ် အတွင်းမှာ အလစ်တိုက်ခိုက် ဖို့ ပုန်းအောင်းနေတဲ့ ရောဂါတွေ ရှိနိုင်ပါတယ် ။ ဒါပေမယ့် စိတ်မပူကြပါနဲ့ ။ စောစောသိရင် ကုသလို့ရပါတယ် ။ ဒီအတွက် ကျွန်တော်တို့ က နောက်ဆုံးပေါ် စက်သစ်ကြီးတွေနဲ့ စုံးစမ်းဖော် ထုတ်ပေးပါ့မယ် ။ ဆီး ၊ ၀မ်း ၊ သွေး ၊ သလိပ် အဖြေကို စက္ကန့်ပိုင်း အတွင်းမှာ တိကျစွာ သိနိုင်ပါတယ် ။ ဒစ်ဂျစ်တယ် ဓာတ်မှန်များလည်း ရိုက်ကူး ပေးပါတယ် ။ ဟော ..... ငြီးစီစီ ဖြစ်နေပါသလား ၊ အီးစီဂျီ ဆွဲကြည့်လိုက်ပါ ။ ကင်ဆာ လို့ မသင်္ကာရင်လည်း စကင်နာလေး ရိုက်ကြည့်လိုက်ပေါ့ခင်ဗျာ ” ဟု ကာရန်တွေ နဘေတွေနဲ့ ပြောနေသေးတယ် ။

ညတုန်းက ”ဟို ကိစ္စ ”ကိုစဉ်းစားရင် တော်တော်နှင့် အိပ်မပျော်ခဲ့ ။ ခုလည်း မနက်စောစောကြီးမှာ ဓာတ်မှန်ကားကြောင့် လန့်နိုးလာခဲ့ ရသည် ။ အိပ်ရေးမ၀သဖြင့် လူက မလန်းဆန်း မျက်လုံးတွေတောင် ဝေချင် နေသည် ။ သို့ရာတွင် စားပွဲပေါ်မှာ ပြင်ဆင်ထားသော နံနက်စာကို မြင်လိုက်သော အခါမှာတော့ ဗိုက်ထဲက ဆာလာသည် ။

အုန်းသီးဖတ်နုနုလေးတွေ ဖြူးထားသော ကောင်းညှင်း ငချိတ်ပေါင်း ၊ စားတော်ပဲပြုတ်ဆီဆမ်း ၊ မတ်ပဲ ဘယာကြော် ၊ ငါးရံခြောက်ဖုတ် ၊ ကြာရိုးဟင်းခါး ၊ ရွှေငှက်ပျော်သီး ၊ ဆိတ်နို့ ၊ ကြယ်ငါးပွင့်ဟိုတယ် တွေမှာသာ ရနိုင်သော နံနက်စာမျိုး ဖြစ်၏ ။ ဒါတောင် ကြာရိုးဟင်းခါးလို မျိုးက ကြိုတင်အော်ဒါမှာ ထားမှ ရသည် ။ ခုချိန်မှာ သူတို့လို ငွေကြေးအလွန်ကြွယ်ဝ ချမ်းသာသူတို့သာ ဒီလို အစားအစာမျိုးကို သုံးဆောင်နိုင်သည် ။

သနပ်ခါးပန်းနံ သင်းထားသော လက်ဖက်ရည် ကြမ်းတစ်ခွက် ငှဲ့  သောက်လိုက်သောအခါ ခေါင်းထဲက ကြည်လင်လန်းဆန်း လာသည် ။

ငါးရံခြောက်ဖုတ် တစ်ဖတ်ကိုယူပြီး မြုံ့  လိုက် သည် ။ နှမ်းဦးဆီ ဆမ်းထားသဖြင့် မွှေးပြီးချိုမြနေသည် ။ ဒီငါးရံခြောက်မှာ နယ်နယ်ရရ မဟုတ် ။ အင်းထဲမှာ အလိုအလျှောက်ရှားရှားပါးပါး ပေါက်ဖွားနေသော ငါးရံကို သဘာဝ နေရောင်ခြည်ဖြင့် အခြောက်လှန်းထားခြင်း ဖြစ်သည် ။ သူတို့နှင့် စီးပွားပြိုင်ဘက် ဖြစ်သော ” ပျဉ်ပုံကြီး ထရေးဒင်း ကုမ္မဏီ ” မှ အမြတ်တနိုးထားပြီး လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည် ။

စားကောင်းသောက်ဖွယ်တွေကို အရသာခံစားနေရင်းမှ သမီးအလတ်မကို သွားသတိရလိုက်မိသည် ။ ဒီကောင်မက အစားကောင်း ကြိုက်တတ်သည် ။ သို့ရာတွင် ခုချိန်လောက်ဆို အလတ်မသည် မြို့ ပေါ် ရှိ မွန်းကျပ်နေသော တိုက်ခန်းကျဉ်း ကလေးထဲမှာ ဂျနက်တစ်ပေါင်မုန့် ၊ ဓာတုဗေဒ ထောပတ်နှင့် အသားတု တို့ကို ကြိတ်မှိတ်မျိုချနေရ ရှာပေလိမ့်မည် ။

သိပ်မိုက်တဲ့ ကလေးမပဲဟု စိတ်မကောင်းစွာ တွေးရင်း သက်ပြင်းတစ်ချက် ချမိလိုက်သည် ။

*************************************************************************

မြေနေရာတွေ ရှားပါးလာသည် ။ မြေဈေးတွေက ခေါင်ခိုက် နေသည် ။ အလွန်အမင်း ချမ်းသာ ကြွယ်ဝ သူတွေသာ ခြံဝင်းနှင့် နေနိုင်သည် ။ အထူးသဖြင့် ကျေးလက်ဒေသ ရှိရွာတွေမှာ နေခွင့် ရဖို့ ဆိုတာ သာမန်လူများ အတွက် အိမ်မက်တောင် မမက်နိုင်ပေ ။ လူလတ်တန်းစားများ ၊ ၀န်းထမ်းများ ၊ အခြေခံလူတန်းစားများသည် မြို့ပေါ်ရှိ အထပ်ပေါင်းများစွား မြင့်သော တိုက်ခန်းများမှာ နေကြသည် ။ လက်လုပ်လက်စား ဆင်းရဲသားတွေကတော့ မြေအောက်ထပ် အခန်းများမှာ နေကြသည် ။

မြေနေရာ အခက်အခဲကြောင့် မြို့ ပေါ်မှာ အဆောက်အအုံဆောက်လျှင် အနည်းဆုံး အထပ်ငါးဆယ် ရှိရမည် ။ တိုက်ကြီးတွေက မိုးထိနေသဖြင့် လမ်းပေါ်မှာ သွားလာနေသော သူတို့မှာ မွန်းတည့်ချိန် ၀န်း ကျင်လောက်မှာသာ နေရောင်ကို မြင်ရသည် ။ လူတွေနေဖို့ မြေကွက်လပ်မကျန်အောင် ဆောက်လုပ်ထားရသော ကြောင့် သစ်ပင်တွေအတွက်တောင် နေရာမရှိတော့ ။ လူတွေက ပြွတ်သိပ်ကျပ်ညပ်နေသည် ။ အသက်ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူပြီး အောက်ဆီဂျင်နှင့် ဖလှယ်ပေးမည့် သစ်ပင်တွေက မရှိတော့ ။ လေထုထဲတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ပါဝင်နှုန်း အလွန်မြင့်မားလာသည် ။

ထိုကြောင့် အောက်ဆီဂျင် ထုတ်လွှတ်ပေးသော စက်တွေကို နေရာအနှံ့ အပြားမှာ တပ်ဆင်ထားရသည် ။ ဒါတောင်လုံလောက်မှုမရှိ ။ လူတို့သည် ထိုစက်တွေ နားရောက်မှ အသက်ဝ အောင် အလုအယှက်ရှူနေကြသည် ။ မြေအောက်ထပ်တွေမှာ နေကြသော ဆင်းရဲသားတွေ ဆိုလျှင် အောက်ဆီဂျင် ချို့ တဲ့ ရောဂါကြောင့် အသားအရေ ပြာနှမ်းနှမ်း ဖြစ်နေကြရှာသည် ။ တတ်နိုင်သူတွေ ကတော့ ကိုယ်ပိုင် အောက်ဆီဂျင်ဘူး ဆောင်ထားကြသည် ။ အားလပ်ရက်တွေကျမှ မြို့  ပြင်ထွက်ပြီး လေကို တ၀ကြီး ရှူကြရ၏ ။ ငွေးကြေးကြွယ်ဝသူတွေကတော့ မြို့ နှင့်ဝေးရာမှာ သွားနေကြသည် ။ မြို့ ကြီးနှင့် ဝေးလေ မြေဈေးကကြီးလေ ပင်ဖြစ်သည် ။

ဦးဆင်ပေါက်တို့ နေသောရွာသည် မြို့  နှင့် ကီလိုမီတာ ငါးဆယ်လောက်ဝေးသည် ။ ဒီလိုနေရာမျိုးမှာ နေခွင့်ရဖို့ မလွယ် ။ ငွေရှိရုံနှင့်လည်း မရ ။ ဂုဏ်သရေရှိ လူကြီးလူကောင်း ဖြစ်ဖို့လည်း လိုသေးသည် ။ ဒီရွာမှာက အိမ်တိုင်းလိုလို ခြံနှင့်ဝန်းနှင့် ဖြစ်၏ ။ သစ်ပင်တွေက အုံ့အုံ့ ဆိုင်းဆိုင်း ၊ ကြည်လင်သော ကောင်းကင်ပြာကို မြင်နိုင်သည် ။ နေရောင်ခြည်ကို ကောင်းစွာရသည် ။ လေထုက အနံ့ အသက် ကင်းစင်ပြီး သန့်ရှင်းလတ်ဆတ်နေသည် ။ ဒီထဲကမှ ဦးဆင်ပေါက်တို့ အိမ်သည် ထိပ်တန်း အဆင့်  ထဲမှာ ပါသည် ။ သဘာဝ ကျွန်းတိုင်လုံးကြီးများနှင့် ဆောက်ထားခြင်း ဖြစ်၏ ။ အကာက ပေပျဉ် ကြီးတွေ ၊ အမိုးက ပျဉ်အုတ်ကြွပ်တွေကိုသာ အသုံးပြု ထားသည် ။ ရေနံဝနေအောင် သုတ်ထားသဖြင့် မည်းနက် ညိုမှိုင်းနေသည် ။ တကယ် သဘာဝ ပစ္စည်းတွေချည်း အသုံးပြုထားခြင်း ဖြစ်၏ ။ ကျွန်းတိုင်လုံး တစ်လုံး၏ တန်းဖိုးကပဲ ကာလပေါက်ဈေး ” ဂလိုဘယ်ငွေ ” တစ်သောင်းလောက် တန်သည် ။

တော်ရုံလူ မဆိုထားနှင့် သူတို့ လူကုံထံ အချင်းချင်းတောင် အားကျမက်မော ရသော အိမ်ကြီး ဖြစ်၏ ။ နိုင်ငံခြားက လာသော ကမ္ဘာလှည့် ခရီးသည်တွေကလည်း သူတို့အိမ်ကို တကူးတက လာကြည့်ပြီး လေ့လာကြသည် ။ ကျွန်းတိုင်လုံးကြီးများကို တအံတဩ ပွတ်သပ်ကြည့်ကြပြီးနောက် ” ဒါ အိမ်မဟုတ်ဘူး ၊ နန်းတော်ကြီးပဲ ” ဟုဆိုကြသည် ။ ရုပ်မြင်သံကြားမှ နေရှင်နယ် ဂျော်ဂရပ်ဖစ်ချယ်နယ် ကတောင် ဒီအိမ်ကြီးအကြောင်း ထုတ်လွှင့်ပြသ ခဲ့သေးသည် ။

ခုလို ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိ လူကြီးလူကောင်း ဖြစ်နေခြင်းကပင် ဦးဆင်ပေါက်တို့ အတွက် စိုးရိမ်ပူပန်စရာ ကိစ္စတွေ ပေါ်ပေါက်လာခြင်း ဖြစ်၏ ။ သူခိုး ဓားပြ ရန်ကိုကြောက်ရခြင်း မဟုတ် ။ အခိုးခံ အတိုက်ခံရတာက တစ်ခါပါသွားပြီးလျှင် ပြီးပြီ ။ ခုဟာ ကတော့ တစ်သက်လုံး ဆုံးရှုံးရမည့် အန္တရယ် ဖြစ်၏ ။ တစ်ခြား မဟုတ် သားသမီး များ၏ အိမ်ထောင်ရေး ကိစ္စပင် ဖြစ်လေ၏ ။

**********************************************************************

သူမှာ သားသမီး သုံးယောက်ရှိ၏ ။ သားကြီးကတော့ သိတတ်လိမ်မာ သည် ဟု ဆိုရမည် ။ စာလည်းတော် သည် ။ ဆယ်တန်းကို ဂုဏ်ထူး ဆယ်ဘာသာဖြင့်အောင်သည် ( စုစုပေါင်း ဆယ်ဘာသာ ရှိ၏ ) ။ အမှတ်တွေကလည်း အလွန်ကောင်း သည် ။

ထိုကြောင့် စိုက်ပျိုးရေး တက္ကသိုလ် ၊ မွေးမြူရေး တက္ကသိုလ် ၊ အဏ္ဏ၀ါ တက္ကသိုလ် စသော ထိပ်တန်း အဆင့် တက္ကသိုလ် ကြီးတွေ တက်ခွင့်ရဖို့ အဆင့်မှီသည် ။ အမှတ်နည်းနည်းလေးဖြင့် အောင်ရုံလောက်သာ အောင်တဲ့ သူတွေကတော့ ဆေးတက္ကသိုလ် ၊ နည်း ပညာ တက္ကသိုလ် ၊ ကွန်ပျူတာ တက္ကသိုလ် စသော သာမန်အဆင့် တက္ကသိုလ် တွေကိုသာ တက်ခွင့်ရကြသည် ။ ( ထိုတက္ကသိုလ် များမှာ သိပ် အသုံးမ၀င်တော့သော ဘာသာရပ်များ ဖြစ်သဖြင့် ကောလိပ် အဆင့် သို့ လျှော့ချလိမ့်မည် ဟု သတင်းကြားရသည် ။ )

သားကြီး က မိဘလုပ်ငန်းနှင့် သက်ဆိုင်သော အဏ္ဏ၀ါ တက္ကသိုလ်တက်သည် ။ မစ္ဆဗေဒအထူးပြု ဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့သည် ။ ထိုနောက် မိဘ လုက်ငုတ်ဖြစ်သော ငါးဖမ်းလုပ်ငန်းကို ၀င်လုပ်သည် ။ သူ၏ ကြိုးစားမှုကြောင့် လုပ်ငန်းမှာ ဆထက်ထမ်းပိုး အောင်မြင်ကြီးပွားလာခဲ့ရခြင်း ဖြစ်၏ ။ အိမ်ထောင်ပြုတော့လည်း ဂုဏ်သရေရှိ လယ်သမားကြီး တစ်ဦး၏ သမီးနှင့် လက်ထပ်ခဲ့သည် ။ မင်္ဂလာဆောင်တွင် ယောက္ခမများက သစ်စိမ့်ပင် ဧက ငါးဆယ် နှင့် မက္ကဒေးမီးယား ဧက ငါးဆယ် လက်ဖွဲ့ခဲ့သည် ။ မြေဆယ်ဧက လောက်ပိုင်ရှင်ပဲ လူချမ်းသာ စာရင်းဝင်နေတဲ့ အချိန်မှာ ဒီမြေတွေ အများကြီး လက်ဖွဲ့နိုင်တယ် ဆိုတာကလည်း ချမ်းသာကြွယ်ဝမှု အတိုင်းအတာကို ခန့်မှန်းလို့ ရနေပါပြီ ။

သားကြီးအတွက် ကျေနပ်အားရနေဆဲမှာပင် သမီးအလတ်မက မိဘရင်ကျိုးအောင် စုံကန်ပြီးထွက် သွားလေးသည် ။ မဖြစ်သင့်တာ မဖြစ်ရအောင် ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းနေတဲ့ကြားက သူ့ အဘောနှင့်သူ အမိုက်ဇာတ်ခင်းသွားခြင်း ဖြစ်သည် ။ ကန်စွန်းခင်း အမြောက်အများပိုင်ဆိုင်သော သူ့မိတ်ဆွေ လူကုံထံတစ်ယောက်၏ သားနှင့် လက်ထက် ပေးရန် စီစဉ်နေဆဲ အချိန်မှာပင် အလတ်မသည် ကွန်ပျူတာ ပရိုဂမ်မာလေးတစ်ယောက်နှင့် ခိုးရာ လိုက်ပြေးသွားသည် ။ မိဘတွေရဲ အထက်တန်းလွှာ တံငါသည်မျိုးရိုး ဂုဏ်သိက္ခာကိုမှ မထောက်ဘဲ ဘာမဟုတ်တဲ့ ကွန်ပျူ တာစာရေးလေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့သူက အမွေပြတ် ကြေညာ စွန့်လွှတ်ထားခဲ့ သည် ။

ဦးဆင်ပေါက်ကတော့ နည်းနည်း ပျော့ပျောင်းချင်သည် ။ စားကောင်းသောက်ဖွယ်များ စားရသောအခါ သမီးလတ်ကို သတိရမိ၏ ။ တစ်ခါတစ်ရံကျလျှင် သူတို့ရွာဘက်သို့ မြို့ ကတတ်လာသော ပျံကျ ကွန်ပျူတာ သမားတစ်ယောက်တစ်လေ ရောက်ရှိလာတတ်သည် ။ ပစ္စည်းကိရိယာတွေ ထည့်ထား သောအိတ်ကြီးကို လက်ကဆွဲ ၊ နေပူကျဲကျဲမှာ ချွေးသံတရွှဲရွှဲလျှောက်သွားရင်း

“ ကွန်ပျူတာတွေ ပြင်တယ် ၊ ဟဒ်ဝဲလ်တွေ အပ်ပဒိတ်လုပ်ပေးတယ် ။ နောက်ဆုံးပေါ် ဆော့ဝဲလ်တွေ တင်ပေးတယ် “

ဟု အော်သွားသော အသံကို ကြားရတဲ့ အခါတိုင်း မြို့ပေါ်မှာ ဆင်းဆင်းရဲရဲ ချို့ ချို့  တဲ့တဲ့ နေရရှာသော သမီးလတ်ကို မြင်ရောင်ပြီး စိတ်မကောင်း ဖြစ်ရ၏ ။

သူ့ဆန္ဒအရဆိုလျှင်တော့ အမေလုပ်တဲ့ သူကို ဖျောင်းဖျပြောဆိုပြီး ပြန်ခေါ်ထားချင်သည် ။ သို့ရာတွင် အဘွားကြီးက အတော်စိတ်နာနေသည် ။ တလောက လာကန်တော့ကြတာကိုတောင် ထွက်အတွေ့ မခံပဲနေသည် ။ ကောင်လေးကို ကြီးပွားတိုးတတ်စရာ လမ်းမမြင်သော ကွန်ပျူတာ အလုပ်က ထွက်ပြီး သူတို့ ငါးလုပ်ငန်းထဲက သင့်တော်ရာနေရာမှာ အလုပ်ပေးထားရကောင်းမလား စဉ်းစားခဲ့ဖူးသည် ။ သို့ ရာတွင် ဖြစ်နိုင်မှာ မဟုတ် ။ ကောင်လေးရဲ့ ပုံက မြို့  ကျလွန်းသည် ။ နေရောင်ခြည် ဓာတ်ချို့  တဲ့ သဖြင့် အသားအရေက ဖြူဖပ်ဖြူရောက်ဖြစ်နေ၏ ။ ကွန်ပျူတာ ရှေ့မှာပဲ နာရီပေါင်းများစွာ ထိုင်လုပ် နေရ သောကြောင့် အညောင်းမိပြီး ပိန်ညောင်ညောင် ကုပ်ချိချိဖြစ်နေ၏ ။ မျက်စိအမြင်အာရုံ ထိခိုက် ခဲ့သောကြောင့် မျက်ကြည်လွှာ အတု တပ်ထားရတာကလည်း သိသာသည် ။ ဘယ်နေရာမှာမှ သုံးစား လို့ ရမည့်ပုံမပေါ် ။

သင်တို့ထိုက်နဲ့ သင်တို့ကံပဲ ၊ ကလေးရလာတဲ့ အခါကျရင်တော့ အိမ်က အဘွားကြီး စိတ်ပြေသွား ပါစေဟု မျှော်လင့်ဆုတောင်း ဖို့သာ ရှိတော့ သည် ။

**************************************************************************

ခုလောလောဆယ်မှာ စိုးရိမ်ပူပန်နေရတာကတော့ သမီးအငယ်ဆုံးလေးအတွက် ဖြစ်၏ ။ အငယ်ဆုံး ဆိုတော့ အားလုံးက အလိုလိုက်ထားကြသည် ။ အမေလုပ်သူရဲ့  အသည်းကျော်လေး ဖြစ်၏ ။ နွဲ့ဆိုး ဆိုးတတ်သလို ခေါင်းကျောလည်း မာသည် ။ သူ့ အစ်မ ကိစ္စတုန်းကလည်း “ ကိုယ်ချစ်တဲ့လူနဲ့ လက် ထက်ခွင့်ရဖို့ က အရေးအကြီးဆုံးပဲ ” ဟု ပြောပြီး ဟိုဘက်ကို ထောက်ခံ ချင်ခဲ့ သူ ဖြစ်၏ ။ ဆယ်တန်း အောင်တော့ သူ့တို့လုပ်ငန်းနှင့် ဘယ်လိုမှမပတ်သက်သော ဘာသာဗေဒတက္ကသိုလ် သွားတတ်သည် ။ ပျူဘာသာ အထူးပြု ယူသည် ။ ပျူစကားတတ်တော့ ဘယ်နေရာမှာ သွားသုံးမှာလဲ ။ စကားပြန်လုပ် ရအောင် ပျူ လုပ်ငန်းရှင်တို့ ပျူတိုးရစ် တို့ဆိုတာမျိုး ရှိတာလည်း မဟုတ် ။ ခုခေတ်ကလေးတွေဟာ စိတ်ကူးတည့်ရာ လုပ်နေကြတာပဲလား မသိ ။ ဘာပဲဖြစ်ဖြစ် အလိုလိုက်လက်စနဲ့ သူလုပ်ချင်တာ လုပ် ခွင့်ပေးထားရသည် ။ ထားတော့ ဒါတွေ သိပ်အရေးမကြီး ။ သမီးငယ်ကို အလုပ်ထဲမှာ ခိုင်းဖို့ ရည်ရွယ် ချက်လည်း မရှိ ။ စိတ်ပူရတာက သမီးလတ်၏ လမ်းစဉ်းလိုက်သွာမှာကိုသာ ဖြစ်၏ ။ ယုံရတာမဟုတ် ။ မတော်တဆ အင်ဂျင်နီယာတို့ ၊ ဆရာဝန်တို့လို လူမျိုးတွေနဲ့ ဖြစ်သွားခဲ့လျှင် သူ့အမေ ရင်ကျိုးရလိမ့် မည် ။

ခုချိန်မှာ အင်ဂျင်နီယာဆိုတာ သိပ်အရေးမပါလှတော့ ။ အဆောက်အအုံတစ်ခု ဆောင်ချင်လျှင် ကိုယ် ကြိုက်တဲ့ ပုံစံပြော ၊ ဒါမှမဟုတ် ကတ်တလောက်ထဲက လိုချင်တဲ့ပုံကို ရွေးလိုက်ရုံသာ ဖြစ်၏ ။ ဆောက်လုပ်ရေး ကုမ္မဏီက အသင့်ပြုလုပ်ထားသော အစိတ်အပိုင်းများကို ဘယ်ယူလာပြီး ဆယ်ငါး ရက်အတွင်း အပြီး ဆောက်ပေးနိုင်သည် ။ အင်ဂျင်နီယာဆိုတာက အစိတ်အပိုင်းတွေကို သူနေရာနှင့် သူ အမှတ်စဉ်အတိုင်း တပ်ဆင်ပေးရုံသာ ဖြစ်၏ ။ တစ်ချို့  ကုမ္မဏီတွေ ဆိုလျှင် အင်ဂျင်နီယာတောင် မငှားတော့ ။ ရိုဘော့ စက်ရုပ်တွေနဲ့သာ လုပ်ကိုင်ကြတော့သည် ။ ထိုကြောင့် အင်ဂျင်နီယာတွေ အတွက် အလုပ်အကိုင် ရှားပါးလာသည် ။ သူတို့ထက်စာလျှင် လက်သမား ပညာ ဒီပလိုမာဘွဲ့ရ သူတွေကမှ အလုပ်ဖြစ်သေးသည် ။

ဆရာဝန်ဆိုတာကလည်း ဒီလိုပဲ ။ ခုချိန်မှာ သိပ်မစားသာတော့ ။ ကျန်းမာရေးကိစ္စအတွက် ဆရာဝန် ကို အားကိုးနေစရာမလို ။ ဓာတ်မှန်ကားတွေ လာတဲ့အခါ စစ်ဆေးကြည့်နိုင်သည် ။ ဒါမှမဟုတ် ကျန်း မာရေး စင်တာကို သွားလို့ရသည် ။ ခေတ်မှီစက်ကိရိယာများဖြင့် အလိုအလျှောက် စမ်းသပ်ကုသပေး နိုင်သည် ။ ဆေးဝါးတွေကလည်း အလွန်အစွမ်းထက်သဖြင့် တော်ရုံရောဂါဆိုလျှင် ဆေးတစ်လုံး သောက်ရုံနှင့် ပျောက်သည် ။

ငွေကြေး သိပ်မတတ်နိုင်သော ဆင်းရဲသားတွေလောက်သာ ဆရာဝန်ဆီသွားပြီး ကုသကြသည် ။ ထို ကြောင့် ဆရာဝန်အလုပ်မှာ သိပ်မကောင်းလှပဲ ရရစားစား ဖြစ်နေ၏ ။ ဆရာဝန်ပေါက်စလေးတွေ ဆို လျှင် ဆေးအိတ်ကို ဆွဲပြီး ခြေတိုအောင် လူနာလိုက်ရှာရသည် ။ အိမ်ပေါက်စေ့ တံခါးလိုက်ခေါက်ရင်း

“ အန်တီ သွေးပေါင် ချိန်အုံးမလားဗျာ ၊ ဟိုအန်ကယ်ကြီး ကြည့်ရတာ အားနည်းနေတယ် ထင်တယ် ။ အိုင်ဗီလေးတစ်ချောင်းလောက်သွင်းလိုက်ပါ့လား ။ ပုလင်းကြီးချိတ်မယ်ဆိုရင် ဗိုက်ယာဂရာဆေးတစ် လုံးလက်ဆောင်ပေးပါတယ် ”

ဆိုပြီး စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရရှာသည် ။ ဒီ ကြားထဲမှာ တစ်ချို့  အိမ်တွေက အနှောက်အယှက် ဖြစ်တယ်ဆိုပြီး အော်ငေါက်လွှတ်တတ်ကြ သေး သည် ။ တစ်ချို့ တိုက်ခန်းတွေကတော့ ” ဆရာဝန်နှင့် အလှူခံ မ၀င်ရ ” ဆိုသော ဆိုင်းဘုတ်ကို လှေ ကားရင်းမှာ ချိန်ဆွဲထားကြသည် ။

ထိုကိစ္စကို သိနေ ၊ ကြားနေ ရသောကြောင့် ဦးဆင်ပေါက်တို့ ဇနီးမောင်နှံမှာ သမီးအတွက် စိုးရိမ်ပူပန် ပြီး ညအိပ်မပျော်နိုင် ဖြစ်နေရခြင်းပါပဲ ။

************************************************************************


သမီးငယ်က ဖုန်းဆက်အကြောင်းကြားထားသည် ။ အိမ်ကို ဧည့်သည်တစ်ယောက် ခေါ်လာမည် ။ အဖေတို့ အမေတို့နှင့် တွေ့ဆုံမိတ်ဆက်ပေးချင်လို့ဟု ဆိုသည် ။ သူ့ချစ်သူကို မိဘတွေဆီ လာပြခြင်း ဖြစ်ကြောင်း ခန့်မှန်းလို့ရသည် ။ ထိုကြောင့် လူကြီးနှစ်ယောက်မှာ စိတ်လှုပ်ရှားနေကြသည် ။ အမေ ကြီးဆိုလျှင် အငြိမ်မနေနိုင်ပဲ အိမ်ရှေ့ ထွက်မျှော်လိုက် ၊ အိမ်ခန်းထဲဝင်လိုက် ၊ ဧည့်ခန်းမှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်လိုက် ဖြစ်နေ၏ ။ ဦးဆင်ပေါက်ပင်လျှင် နာရီကို မကြာခဏ လှမ်းကြည့်မိ၏ ။ နောက်ဆုံးတော့ အမေကြီးလည်း မောလာပြီး ဧည့်ခန်းက ကြိမ်ပက်လက် ကုလားထိုင်ကြီးပေါ် ထိုင် နားလိုက်ရသည် ။

ထိုချိန်မှာပင် ကြိုးကြာငှက်မြည်သံကဲသို့ ကြားလိုက်ရသည် ။ လျှစ်စစ်ကား ဟွန်းတီးသံ ဖြစ်၏ ။

” ဟော ”

အမေကြီးထရပ်မည်ပြုသည် ။ ဦးဆင်ပေါက်က လက်ကာပြပြီး တားလိုက်၏ ။ ဧည့်သည်က ဘယ်လို လူမှန်း မသိသေးပဲနဲ့ ကိုယ်ဘက်က သိပ်ပြုငှာပြဖို့ မသင့်ဟု သတိပေးလိုက်ခြင်း ဖြစ်၏ ။

” အဖေ ၊ အဖေ ”

သမီးငယ်က အော်ခေါ်ရင်းဝင်လာသည် ။ ဧည့်ခန်းဝမှာ ခဏရပ်ပြီး နောက်ကို လှည့်ကြည့်ရင်း
” လာလေ ”

ဟု ပြောလိုက်သည် ။

လူငယ်တစ်ယောက် နောက်မှ လိုက်ဝင်လာသည် ။ အသားညိုညို ၊ အရပ်အမောင်းကောင်းကောင်း ၊ တောင့်တင်းသန်မာသော ကိုယ် ခန္ဓာ ရှိသည် ။ ဥပဓိရုပ်ကတော့ မဆိုးဘူးဟု ဦးဆင်ပေါက်စိတ်ထဲမှ မှတ်ချက်ချလိုက်သည် ။

ကုလားထိုင်များမှာ ထိုင်မိကြပြီးနောက် ထပ်ပြီးအကဲခတ်ကြည့်လိုက်ပြန်သည် ။ ကောင်လေးရဲ့ မျက် နှာကို ရင်းရင်းနှီးနှီးသိနေသည်ဟု ထင်မိသည် ။ တစ်နေရာရာမှာ တွေ့ဘူးခဲ့တာလား ၊ အသိမိတ်ဆွေ တစ်ယောက်ယောက်နဲ့ တူနေတာလား မအောင့်နိုင်တော့ သဖြင့် ဖွင့်မေးလိုက်ရ၏ ။

” နေစမ်းပါဦးကွ ၊ မင်းကို ငါ ရင်းရင်းနှီးနှီး သိနေသလိုပဲ ။ ဘယ်မှာ မြင်ဘူးတာလဲ မသိဘူး ”

သမီးငယ်က ရယ်လိုက်ပြီး

” ရုပ်မြင်သံကြားထဲမှာ ခဏခဏ မြင်ဖူးနေတာလေ ”

ကောင်လေးကပါ ၀င်၍ သူ့ကိုယ်သူ မိတ်ဆက်သည် ။

” ကျွန်တော် တိုးလှိုင်ဝင်း ပါ ခင်ဗျာ ”

ဒီတော့မှ ဦးဆင်ပေါက်သည် သူ့ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး

” ဟာ … ဟုတ်တာပေါ့ ၊ ကြည့်စမ်း ၊ ငါ့တူက အပြင်မှာ ပိုပြီးတော့ တောင် ကြည့်ကောင်းနေသေး တယ် ”

တိုးလှိုင်ဝင်း က ရှက်ပြုံးပြုံးသည် ။ ဦးဆင်ပေါက်က အားတတ်သရောဟန်ဖြင့် ဆက်ပြောနေသည် ။

” အေးကွာ ..ပြီးခဲ့တဲ့ စနေနေ့ ကပွဲမှာ မင်းကန်သွင်းလိုက်တဲ့ ဖရီးကစ်ကတော့ မျက်စိထဲက မထွက်နိုင် အောင်ပါပဲ ။ ဒါနဲ့ မင်း ကလပ်အသင်းက စာချူပ် သက်တမ်းတိုး ဖို့ ကိစ္စကကော ဘယ်လို အခြေအနေ လဲ ”

” ဟုတ်ကဲ့ ကျွန်တော် က လစာတိုးတောင်းထားတာကို အုပ်ချူပ်ရေးမှူးအဖွဲ့ က သဘောတူတယ် ဆို ရင်တော့ အဆင်ပြေမှာပါ ”

” သဘောတူမှာပါကွာ ၊ သူတို့ မင်းကို လက်မလွှတ်နိုင်ပါဘူး ”

အမေကြီးက ဘုမသိ ဘမသိ ၀င်ပြီး ခေါင်းညိတ်သည် ။

” အေးကွာ ဦးတို့ကိုလည်း ဆွေမျိုးရင်းချာလို သဘောထားပြီး ဆက်ဆံ ၀င်ထွက်နိုင်ပါတယ် ”

ဦးဆင်ပေါက်က အမေကြီးဘက်လှည့်ပြီး တစ်စုံတစ်ခု ၀င်ပြောဖို့ အရိပ်အကဲပြသည် ။ အမေကြီး က

” အေးကွယ် ရောက်တုန်းရောက်ခိုက် ညနေစာ ထမင်းစားပြီးမှ ပြန်ပေါ့ ။ အတော်ပဲဟေ့ ၊ မနက်ကပဲ မင်းတို့ အစ်ကိုကြီးက အိတ်စပို့ ကွာလတီ ငါးပိရည် စစ်စစ်တစ်အိုး ပို့လိုက်သေးတယ် ။ ငါ့တူတော့ စားရကံ ကြုံတာပဲ ”

သမီးငယ်၏ မျက်နှာသည် ၀မ်းသာမှု အရှိန်ကြောင့် ၀င်းလက်တောက်ပသွားသည် ။ အခုလို ငါးပိရည် စစ်စစ်ဖြင့် ကျွေးမွေး ဧည့်ခံတယ် ဆိုကတည်းက တိုးလှိုင်ဝင်း ဂုဏ်သရေရှိ အထူဧည့်သည်တော့ အ ဖြစ် လက်ခံ အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်း ထင်ရှားနေပြီ မဟုတ်ပါ့လား ခင်ဗျာ ။

***************************************************************************

အားလုံးပဲပျော်ရွှင်ကြပါစေ ခင်ဗျာ …. ။

No comments:

Post a Comment