Thursday, November 29, 2012

မေတ္တာမီးအိမ် Album - တွံတေးသိန်းတန်

၀၁။ မေတ္တာမီးအိမ် - တွံတေးသိန်းတန်
၀၂။ ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ် - တွံတေးသိန်းတန်
၀၃။ ခြုံလွှာလက်ဆေင် - တွံတေးသိန်းတန်
၀၄။ ပန်းနွယ်ကစိမ်း - တွံတေးသိန်းတန်
 ၀၅။ အချစ်ဟောင်းနဲ့နှောင်းပုံပြင် - တွံတေးသိန်းတန်
၀၆။ မောင့်မမပန်းနွယ် - တွံတေးသိန်းတန်
၀၇။ မငိုပါနဲ့လှပါတယ် - တွံတေးသိန်းတန်
 ၀၈။ အလွမ်းဘယ်လိုဖြေရမယ် - တွံတေးသိန်းတန်
၀၉။ စိမ်းလေဦးတော့မောင့်ပန်းနွယ် - တွံတေးသိန်းတန်
၁၀။ မှာချင်တယ်မေ့မလွမ်းနဲ့ - တွံတေးသိန်းတန်

Saturday, November 17, 2012

မှားပါတယ်မယ်မင်းကြီးမ - တွံတေးသိန်းတန်

၀၁။ အထီးကျန်လောာင်းလှေကလေး  - တွံတေးသိန်းတန်

၀၂။ ပွေလီမ  - တွံတေးသိန်းတန် 

 ၀၃။ အိတ်ဖောင်းလို့စိတ်ပြောင်းတာလား  - တွံတေးသိန်းတန်

၀၄။ ရင်ထဲမှာနွေ  - တွံတေးသိန်းတန် 

၀၅။ တောင်ပြာတန်းကိုမလွမ်းဘူးလား  - တွံတေးသိန်းတန် 

 ၀၆။ မှားပါတယ်မယ်မင်းကြီးမ  - တွံတေးသိန်းတန်

၀၇။ ဝေသာလီမှာတစ်ကယ်လား  - တွံတေးသိန်းတန် 

 ၀၈။ ဂျွန်းလှိမ့်လို့ငိုပြလိုက်ချင်တယ်  - တွံတေးသိန်းတန်

၀၉။ တို့အချစ်တွေဖျားနေတယ်  - တွံတေးသိန်းတန် 

၁၀။ အနမ်းတစ်ပွင့်ပေးပါပန်း  - တွံတေးသိန်းတန် 

၁၁။ တောစိမ်းသူ  - တွံတေးသိန်းတန် 


Friday, November 16, 2012

ချယ်ရီလက်ဆောင်ပေးသူရယ် - တွံတေးသိန်းတန်

၀၁။ အမေဆူရင်မောင့်ဆီပြေးခဲ့ - တွံတေးသိန်းတန်

၀၂။ ချစ်သည်းဘယ်ခါရှိပါ့မယ်  - တွံတေးသိန်းတန် 

၀၃။ ဘယ်ပန်းသာလို့ယဉ်  - တွံတေးသိန်းတန်

၀၄။ ချယ်ရီလက်ဆောင်ပေးသူရယ်  - တွံတေးသိန်းတန်

၀၅။ အကြင်ဘယ့်အတွက်မုန်း - တွံတေးသိန်းတန် 

၀၆။ ဆောင်းရယ်နှင်းရယ်ကိုယ့်ချစ်သူရယ်  - တွံတေးသိန်းတန် 

၀၇။ မြသီတာအကြိုထောက်ပေမဲ့  - တွံတေးသိန်းတန် 

၀၈။ ချစ်ရတစ်ရက်လွမ်းရက်တစ်ရာ  - တွံတေးသိန်းတန် 

 ၀၉။ သာပါလိမ့်မည်ရွှေကျီးညို  - တွံတေးသိန်းတန်

 ၁၀။ မျှော်ရပါကြောင်းနွေးမိုးဆောင်  - တွံတေးသိန်းတန်

 

Sunday, July 8, 2012

စိန်ဗိုလ်တင့်

ဝါသနာဘာဂီဆက်တိုင်းမှီ


ရွှေမန်ကျည်း ၇ ဆင်



စိန်ဗေဒါ


ရဲထပ်တီးလုံး

Friday, June 15, 2012

မြန်မာပြည်သိန်းတန် - ကကြိုးမပျောက်ပါစေနဲ့ရွှေသုန္ဒရီ

 
၀၁။ မှုန်ရွှေရည်
၀၂။ ပန်းစေတီ
၀၃။ ဒြပ်နန်းညွန့်လွှာ
၀၄။ ကကြိုးမပျောက်ပါစေနဲ့ရွှေသုန္ဒရီ
၀၅။ အလှတန်ဆောင်
၀၆။ တောမြိုင်စွန်း
၀၇။ ရွှေစံပယ်ရုံ
၀၉။ ပန်းဘ၀နိဂုံး
၁၀။ သဲစေတီဦး
၁၁။ မောင့်မေနှင်းဆီ

Sunday, April 15, 2012

စိတ်ရိုက်လို့ကျတဲ့မျက်ရည်

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တော အနန္တငါးပါးကို ဤနေရာမှ ရိုသေစွာ ရှိခိုးကန်တော့ လိုက် ပါ၏ ….
ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာကို အဘိုးအဘွားတွေလက်ထက်ကနေ ကိုးကွယ် လာခဲ့တာ။ အဖေအမေတို့ကလည်း ဗုဒ္ဓဘာသာပဲ ကိုးကွယ်ပါတယ်။ ကျွန်တော်တို့ မွေးလာတော့ လည်း အဖေအမေ သင်ပေးတဲ့အတိုင်း ဘုရားစာရွတ်၊ ဘုရားရှိခိုး၊ သံဃာတွေတွေ့ရင် ဦးချ၊ စေတီ ပုထိုး ဘုရားတွေ လိုက်ဖူး ဒီလောက်အဆင့်ပဲရှိခဲ့တာပါ။ နောက်တဖြည်းဖြည်း ကံကံ၏အကျိုး အကြောင်းရေးသားထားတဲ့ ပုံပြစာစောင်တွေ၊ ဗုဒ္ဓ၀င်ပုံပြစာအုပ်တွေ ဖတ်ရပါတယ်။ ငယ်ငယ်တုန်းက ရွတ်ခဲ့တဲ့ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေ၊ ငါးပါးသီလ ဒါတွေကိုလည်း စရွတ်တုန်း ကတော့ ဘာအဓိပ္ပာယ်လဲဆိုတာ လေးလေးနက်နက် မသိခဲ့ပါဘူး။ ဒါပေမယ့် ရွတ်ဖတ်နေတဲ့ အချိန်မှာတော့ စိတ်ချမ်းသာရတယ်ဆိုတာကိုတော့ သတိထားမိပါတယ်။ နောက်ဆရာတော်တွေ ရွတ်ဖတ်ထားတဲ့ ပဌာန်း၊ ပရိတ်၊ ဓမ္မာစကြာတရားတော်တွေ ဒါတွေကိုလည်း အိမ်မှာ မနက်မိုးလင်း လာရင် ဖွင့်ထား တယ်။ အသံတွေတော့ နားထဲမှာ ကြားနေရတာပဲ၊ ဒါပေမယ့် ဘာကိုဆိုလိုလဲဆိုတာ မသိခဲ့ဘူး။
အဲဒီ အချိန်ကနေ အခုအသက်အရွယ်လည်း နည်းနည်းရလာတယ်။ ပြီးတော့ ဆရာတော်တွေ ဟောကြား တဲ့ တရားတော်တွေကိုလည်း လက်ကမ်းမှီသလောက်နာကြားတယ်။ အသိဥာဏ်တွေ တိုးလာပါတယ်။ ငယ်ငယ်ကကြားဘူးခဲ့တဲ့ ပဌာန်းထဲမှာပါတဲ့ ပါဋ္ဌိအဓိပ္ပာယ်တွေ၊ ပရိတ်ထဲမှာပါတဲ့ အဓိပ္ပာယ်တွေ အများကြီး သိ လာရပါတယ်။ တခါတလေ ဆရာတော်တွေဟောကြားတဲ့ တရားထဲမှာ ပါတဲ့ ပါဋ္ဌိအခေါ်အဝေါ်တွေက ကျွန်တော်နဲ့ရင်းနှီးပီးသား၊ အဓိပ္ပာယ်ကိုသာ မသိတာပါ။ တရားနာလို့ အဓိပ္ပာယ်ကိုသိလာတဲ့အခါမှာ .. ဟာ တကယ့်ကို အနှစ်အရနဲ့ ပြည့်စုံတဲ့ အဓိပ္ပာယ်တွေ ဥပမာတွေ ပါ့လား လို့ ခံယူမိတယ်။ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါမှာ တကယ့်လဲ အကျိုးထူးတယ် ဆိုတာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာမှာ အေးချမ်းခြင်းတွေ ငြိမ်းအေးခြင်းတွေ ရှိလို့ ကိုယ်ကိုတိုင် ယုံကြည့်လို့ ကိုးကွယ် ပါတယ် ဆိုတဲ့အနေအထားကို ရောက်လာခဲ့ပါတယ်။ မိမိကိုယ်ကိုမိမိ ကာယကံ ၀စီကံ မနောကံ သုံးပါးလုံး ယဉ်ကျေးသိမ့်မွေ့လာတိုင်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိသလို ဒီတရားတွေကို ဟောကြားတော်မူခဲ့တဲ့ အတုမရှိမြတ်စွာဘုရားရှင်ကိုလည်း ပိုပြီး ကြည်ညိုလေးစားမိပါတယ်။ ယခင်မှ ယနေ့ထိအောင် အဆင့်အဆင့် လက်ဆင့်ကမ်းခဲ့ကြတဲ့ ဗုဒ္ဓသာ့သနာပျံ့ပွားအောင် သာသနာ ပြုကြသော ရဟန်းများ၊ သံဃာများ ကိုလည်း လေးစားကြည်ညို မိပါတယ်။ ဓမ္မအလှူရှင်များ သာ့သနာတော် ရေရှည်တည်တံ့အောင် ဆောင်ရွက်ခဲ့ကြသောသူများ အားလုံးအတွက် ချီးကျူး ဂုဏ်ယူဖြစ်မိပါတယ်။
စိတ်ရိုက်လို့ကျတဲ့မျက်ရည်
တစ်ခါတစ်လေ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို ဇောနဲ့ လုပ်တဲ့အချိန်မှာ အသက်ရှင်ဖို့အတွက် အသက်ရှုပါတယ်ဆိုတဲ့ အချက်ကိုတောင် သတိမပြုမိကြတော့ဘူး။ အသက်ဘယ်အချိန်မှာ ရှုလိုက် တယ် ပြန်အချိန်မှာ ပြန်ထုတ်လိုက်တယ် ဆိုတာကိုတောင် မေ့မေ့လျောလျောဖြစ်နေကြတယ်။ ဒါပေမယ့် ရင်ထဲမှာ အပူတွေ များလာတဲ့အခါ သက်သာရာသက်သာကြောင်း သက်ပြင်းတစ်ချက် လောက်ကို ရှိသမျှ အင့်အားကို အသုံးပြုပြီး မှုတ်ထုတ်လိုက်မိတယ်။ ဒါပေမယ့်လည်း ပြေပျောက် မသွားပဲ အသက်ရှုသံတွေသာ ပြင်းထန်လာခဲ့တယ်။
ပုံမှန်လုပ်ငန်းတွေလုပ် ကိုင်နေတဲ့ ကျွန်တော်တို့မှာ အသက်ရှုတာလေးတွေ နှလုံးခုန်တာလေးတွေကို အေးအေး ဆေးဆေး သတိလေးနဲ့ မရှုနိုင်ကြဘူး။ သတိလေးနဲ့ နှလုံးမခုန်နိုင်ကြဘူး။ ပျော်ရွှင်စရာတွေ ရှိလို့ မေ့လိုက်တာတစ်မျိုး၊ စိုးရိမ်စရာတွေ စိတ်ညစ်စရာတွေ ရှိလို့ တစ်မျိုး အမျိုးမျိုးသောအကြောင်း တွေကြောင့် အသက်ရှုနှုန်းတွေဟာလည်းပုံမှန်မဟုတ်သလို နှလုံးခုန်နှုန်းတွေဟာလည်း ပုံမှန်မဟုတ် တော့ဘူး။ လောလောဆယ် စိတ်ပူလောင်နေတာကို မဖြေရှင်းပဲ အဝေးက ပြဿနာကို တွေးရင်း ကျွန်တော်တို့ တစ်တွေဟာ စိတ်ဆင်းရဲခြင်းကို အရိပ်ပမာ အနားမှာ မှီိကပ်ခွင့်ပေးထားကြတယ်။ အေးချမ်းခြင်းကို မရှာဖွေပဲ ပူလောင်ခြင်းတွေကိုပဲ ထပ်ဆင့်ပွားဖို့အတွက် ပူလောင်ခြင်းမျိုးစေ့တွေ စက္ကန့်၊ မိနစ်မခြား ဖန်တီးတွေးတောနေတတ်ကြတယ်။ လမ်းမှန်ကို မရှာဖွေတော့ ပူလောင်ပြီး ပူလောင်လို့ အဆုံးမသတ်နိုင်တဲ့ ပူလောင်ခြင်းတွေနဲ့အတူ စိတ်ကလည်း မအေးချမ်းတော့ပါဘူး။
ပုံမှန်ရှိနေတဲ့အချိန် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေပြားတွေ၊ နဖူးတွေ၊ မျက်နှာတွေ၊ နှလုံးခုန်နှုန်း တွေဟာ တင်းကြပ်မှုမရှိပါဘူး။ တစ်ခုခုကို အလိုမကျတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ စိတ်တိုတဲ့အခါ၊ အံ့သြတဲ့အခါ၊ ပျော်တဲ့အခါ၊ ၀မ်းနည်းတဲ့အခါ .စသည်ဖြင့် ဒီလိုအခြေအနေတွေမှာဆိုရင်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားတွေ၊ နဖူးတွေ၊ မျက်နှာတွေ၊ နှလုံးခုန်နှုန်း တွေဟာ တင်းကြပ်မှုလာပါပြီ။ ယနေ့ခေတ်မှာ ဒါတွေကို သိပ္ပံနည်းကျ စမ်းသပ်လေ့လာတဲ့အတွက် အေးချမ်းတဲ့ အချိန်နဲ့ ပူလောင်တဲ့အချိန်မှာ ရှိနေတဲ့ ခန္ဓာကိုယ်အလုပ်လုပ်ပုံတွေကို မျက်မြင်ကိုယ်တွေ့ မြင်နေရပါ ပြီ။
ပုံမှန်ချိန်မဟုတ်ပဲ အိပ်နေတဲ့အချိန်တောင်မှ တချို့  တင်းကြပ်မှုတွေဟာ ပျောက်မသွားသေးပါဘူး။ ဥပမာ - မအိပ်ခင် မနက်ပိုင်းဖြစ်ဖြစ်၊ နေ့လည်ပိုင်းဖြစ်ဖြစ် ၊ ညပိုင်းဖြစ်ဖြစ် ကိုယ့်စိတ်မှာ တခုခုကို အလို မကျဖြစ်ပြီ ကျေနပ်မှုရှိတော့ဘူးဆိုရင် အဲဒီ မကျေနပ်မှုကြောင့်ပဲ တစ်နေ့လုံး စိတ်တွေမွန်းကြပ် ပြီး ပူလောင်နေတတ်ပါတယ်။ အိပ်နေတဲ့အချိန်ဟာ ငြိမ်းချမ်းတယ်လို့ တချို့ က ထင်ကြပါတယ်။ စိတ်အေးအေးချမ်းချမ်းနဲ့ အိပ်သွားတဲ့လူအတွက်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် စိတ်အလိုမကျမှု မွန်းကြပ်မှု နဲ့ အိပ်သွားတဲ့သူအတွက်ကတော့ ခန္ဓာကိုယ်ကသာ အိပ်ပျော်သွားတယ်။ မွန်းကြပ်မှုတွေ က ပျောက်မသွားတာဖြစ်တဲ့အတွက် အိပ်နေတာတောင်မှ နှလုံးခုန်းနှုန်းတွေ အသားအရေတွေ၊ နဖူးတွေ တင်းကြပ်နေတုန်းပါ။ အဲဒီတော့ ၆ နာရီ ၇ နာရီလောက်သာ အိပ်လိုက်တယ်။ ပြန်နိုးလာ တော့ စိတ်ထဲမှာ အိပ်ရေးမ၀လို ခံစားရတယ်ဆိုတာ အလိုမကျမှုတွေ မွန်းကြပ်မှုတွေနဲ့ အိပ်သွားတဲ့ အတွက် ဒီလိုခံစားရတာပါ။ ဆိုလိုချင်တာက ခန္ဓာကိုယ်ကသာ အိပ်လိုက်တယ်။ စိတ်အလိုမကျမှုတွေ က မအိပ်သေးဘူးဆိုတဲ့သဘောပါ။ မအိပ်ခင်မှာ ကိုယ့်ခန္ဓာကိုယ်ကို ငြိမ်အောင်ထား။ အရေးပြားလေး တွေ၊ လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ ဖျော့ထားပါ။ နဖူးကြောတွေ၊ မျက်နှာတွေကို တတ် နိုင်သမျှ လျှော့ထားပါ။ ပြီးမှ မိမိစိတ်ကို လျှော့ပါ။ ခန္ဓာကိုယ်လည်းငြိမ်ပြီ စိတ်လည်းငြိမ်ပြီဆိုတဲ့ အချိန် အိပ်ပျော်သွားပါလိမ့်မယ်။ ဒီလို အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်သွားတဲ့လူဟာ ၃ နာရီ ၄ နာရီလောက် အိပ်လိုက်ရပေမယ့်လည်း အိပ်ရေးဝတယ်လို့ ပြန်နိုးတဲ့အခါမှာ ခံစားရတတ်ပါတယ်။
နောက်တစ်ခု ကျွန်တော်တို့ ငယ်ငယ်ကလေးဘ၀တုန်းက အပူအပင်ကင်းတဲ့အချိန်တုန်းကပေါ့ တကယ်ကို လောကကြီးအကြောင်း ဘာမှ မသိသေးခင်၊ အိပ်လိုက်၊ ကစားလိုက်၊ စားလိုက်၊ ဒါ ဒီဘ၀ လေးကိုပဲ ပျော်နေခဲ့တယ်။ အိပ်ချိန်ဆိုလည်း ကောင်းကောင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်တယ်။ စားချိန်ဆိုလည်း အားရပါးရ စားနိုင်တယ်။ ကစားချိန်ဆိုလည်း ပျော်ရွှင်မြူးထူးပြီး ကစားနိုင်တယ်။ မျက်နှာမှာလည်း အမြဲတမ်းလိုလို ပြုံးနေနိုင်တယ်။ အဲဒီအချိန်တုန်းက ကလေးဘ၀ဆိုတော့ လူကြီး ဘ၀အကြောင်းကို သတိမထားမိဘူး။ အခုချိန်မှာ ကလေး၊ လူကြီး နှိုင်းယှဉ်ပြီး စဉ်းစားကြည့်တော့ အများကြီးကွာဟ နေတာတွေ့ရတယ်။ ငယ်ငယ်က ကျွန်တော်တို့အိပ်ချိန်ဆို အဘိုး၊ အဘွား၊ အဖေ၊ အမေတို့ မအိပ်ကြသေးဘူး။ အိမ်နားက အဘိုးတစ်ယောက် ဆိုရင် အိပ်တော့လည်း ကျွန်တော်တို့နောက်ကျမှ အိပ်တယ်။ မနက်ပြန်ထတော့လည်း ကျွန်တော်တို့ အရင်ထတယ်၊ ဆောင်းတွင်းချိန်ခါ ငယ်ငယ်က တရေးနိုး အပေါ့သွားရင် အဲဒီအဘိုးက မီးဖိုဘေးမှာ ထိုင်လို့ မီးလှုံနေ ပြီး၊ အိပ်ကော အိပ်လားမသိဘူးလို့ တွေးမိတယ်။ ထိုင်နေတဲ့အဘိုးကို ငယ်ငယ်က သတိမထားမိပေ မယ့်။ အခုချိန်မှာ ပြန်တွေးကြည့်ပါ့တယ်။ တဖျစ်ဖျစ်တောက်နေတဲ့ မီးဖိုဘေး၊ ဆောင်းအအေးဓာတ်နဲ့ ရေနွေးကြမ်းအိုးလေးကို ဘေးမှာချပြီး တစ်ယောက်တည်းထိုင်နေတယ်။ ဆေးလိပ်လည်း ဖွာလိုက်၊ ရေနွေးလေးသောက်လိုက်၊ တခါတလေ ရေနွေးငဲ့တဲ့ အသံက အခုအရွယ်ထိ နားထဲမှာ ပြန်ကြားမိနေတယ်။ မီးဖိုဘေးနား ပြာပုံထဲမှာ ခွေနေတဲ့ ခွေးလေးတစ်ကောင်က လွဲရင် အနားမှ ဘယ်သူမှ မရှိတာကို တစ်ညလုံး ဒီလိုပဲထိုင်နေတယ်။ အခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ အဘိုး ဘာတွေ တွေးနေမလဲ၊ ဘာကြောင့် မအိပ်တာလဲ၊ အိပ်မပျော်လို့လား၊ အိပ်မပျော်ရင်ကော ဘာကြောင့်လဲ၊ အသက်ကြီးလာလို့ အိပ်မပျော်တော့တာလား၊ ဒါမှမဟုတ် အဘိုးရင်ထဲမှာ အိပ်မပျော် နိုင်တဲ့ ခံစားချက်တွေ ရှိနေမလားဆိုတာ ကျွန်တော် ဒီနေ့ထိ မသိခဲ့ဘူး။
ကျွန်တော်အသက် အခုဆိုရင် ၂၇ နှစ်ကျော်ခဲ့ပါပြီး၊ ကျွန်တော်အသက်ကြီးလာရင်ကော ဒီလို ဖြစ်လာမလားလို့ စဉ်းစားမိပါတယ်။ ဆုံးဖြတ်တာတစ်ခုကတော့ ကလေးတွေကို လွတ်လပ်ပေါ့ပါး အပူအပင်ကင်းတဲ့ဘ၀ကို မပိုင်ဆိုင်ရ ရင်တောင်မှ တင်းကြပ်တဲ့ဘ၀၊ မွန်းကြပ်တဲ့ဘ၀တော့ ကျွန်တော် မရောက်အောင် ကြိုးစားမယ်။ အသက်အရွယ်ကြီးလာလို့ အတွေ့အကြုံတွေ ၀မ်းနည်းမှုတွေ ပျော်ရွှင်မှုတွေ ရင်ဆိုင်လာရပေမယ့် ဒါတွေဟာ ကျွန်တော့်အတွက် အိပ်မရတဲ့ညတစ်ညကို ဖြတ်သန်းစေဖို့ ကျွန်တော့်ကို ဒုက္ခပေးမယ့် မိစ္ဆာတွေတော့ ကျွန်တော် အဖြစ် မခံနိုင်ဘူး။ ကောင်းမွန်စွာ နေထိုင်မယ်၊ ကောင်မွန်စွာ ဖြတ်သန်းမယ်၊ ကောင်းမွန်စွာ အိပ်စက်မယ်။ ပျော်ရွှင်မှုခဲ့မှုတွေ အောင်မြင်ခဲ့မှုတွေအတွက် ကျွန်တော် ဂုဏ်ယူစဉ်းစားနေရမှာ မဟုတ်သလို ၊ မှားယွင်းခဲ့မှုတွေ၊ ၀မ်းနည်းခဲ့မှုတွေအတွက် ကျွန်တော် နောင်တရနေတော့မှာလည်း မဟုတ်ပါဘူး။ ဘ၀ ရဲ့  နာမည်ဆိုးအမည်းစက်ဆိုတာ ကိုယ်ကိုတိုင်ပဲဖန်တီးလိုက်လို့ ဖြစ်လာတာ မှန်ပေမယ့် ကိုယ်ကိုတိုင် ပြန်ဖျက်လို့တော့ မရဘူး။ သမိုင်းဆိုတာ ကျန်ခဲ့တယ်။ ကျွန်တော်တို့လုပ်ခဲ့တဲ့ အရာတွေ မှာ မှန်ခဲ့တာတွေလည်း ရှိသလို မှားခဲ့တာတွေလည်း ရှိတယ်။ မှန်ခဲ့တာအတွက်လည်း ဂုဏ်ယူမနေ သလို မှားခဲ့တာအတွက်လည်း ၀မ်းနည်းမနေချင်တော့ပါဘူး။ ကောင်းမှုတစ်ခုကို ပြုပြီးတိုင်း ကြည်နူး ရတဲ့စိတ်ကလေးဟာ အဲဒါကိုပြန်တွေးပြီးတိုင်း ပီတီဖြစ်ရပါတယ်။ ဒီလိုပါပဲ စိတ်ညစ်စရာကို ပြုပြီးရင်လည်း အဲဒါ ကို ပြန်ပြန်တွေးပြီး ပူလောင်နေရတဲ့အချိန်တွေက များပါတယ်။
ငယ်ငယ်က ကျွန်တော် ယောချောင်းထဲကမှာ ငါးကလေးတွေ ဖမ်းဘူးတယ်။ ဖမ်းပီးပြန်လာလို့ အိမ်ရောက်ရင် အဖေ က ရိုက်တယ်။ ငယ်ငယ်က ကလေးအချင်းချင်းကစားကျရင်း အဆင်မပြေ တဲ့အခါ ရန်ဖြစ်ကြတယ်။ အဲလို ရန်ဖြစ်တဲ့အခါမှာရိုက်ခံရတယ်။ ငိုခဲ့ရတယ် မျက်ရည်တွေ ကျခဲ့ရတယ်။ အဲဒီတုန်းကတော့ အရိုက်ခံရတုန်း ခဏလောက်ပဲ နာကျင်ခဲ့ရတယ်။ နောက်တော့လည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတာပဲ။ ကျခဲ့တဲ့မျက်ရည်တွေမှာ စိတ်ပူလောင်မှု မပါသေးပါဘူး။ အသားနာ အောင်ရိုက်လို့သာ ငိုခဲ့ရတာပါ။ ယခုအချိန်မှာတော့ ကျွန်တော်တို့ မျက်ရည်တွေဟာ အဖေ ရိုက်လို့လည်း မကျတော့ပါဘူး။ အမေ ရိုက်လို့လည်း မကျတော့ပါဘူး။ ဒီအရွယ်ရောက်နေတာ အဖေ အမေကလည်း ကျွန်တော်တို့ ကို မရိုက်တော့ပါဘူး။ အခု အချိန်မှာ ပြန်စဉ်းစားရင် အဖေ အမေ ရိုက်လို့ ကျတဲ့ မျက်ရည်ထက် ကျွန်တော်တို့ စိတ်က ရိုက်လို့ ကျတဲ့ မျက်ရည်တွေက များနေပါပီ။ ဒီနေရာမှာ စိတ်က ရိုက်လို့ ကျတဲ့ မျက်ရည်ဆိုတာကို မျက်ဝန်းကကျလာတဲ့ မျက်ရည်မဟုတ်ပဲ စိတ်ပူလောင်လို့ ကျတဲ့ ပူလောင်ခြင်းမျက်ရည် စိတ်မျက်ရည်လို့ တင်စားပြောချင်ပါတယ်။ သတိတရား နဲ့ ကျွန်တော်တို့ ဖြတ်သန်းကြမယ်ဆိုရင် မိမိရဲ့  ပူလောင်တဲ့လောကကို အေးချမ်းတဲ့လောကအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။
စစ်မှန်တဲ့ အေးချမ်းခြင်းအတွက် ဗုဒ္ဓတရားတော်တွေကို နာယူရင်းကိုယ့်ကိုကိုယ်မှာ အရင်ရှာရမှာပါ။ ဒီနေရာမှာ မိမိစိတ်ကို မိမိ ကိုယ်တိုင် ပြုပြင်ရမယ် ထိန်းသိမ်းရမယ် ဖြူစင်အောင် လုပ်ရမယ် ဗုဒ္ဓတရားတော်တွေကို နာယူရမယ်ဆိုတာ ကို ကျွန်တော် သိထားတဲ့ ဥပမာလေး ၃ ခုနဲ့ ပြောပြချင်ပါတယ်။

ဥပမာ(၁)။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ယနေ့ထိ မနက်အိပ်ယာကနိုးတိုင်း မိမိမျက်နှာကို သန့်ရှင်းဖို့ အတွက် မျက်နှာသစ်ကြရတယ်။ သွားတိုက်ကြတယ်။ ငယ်ငယ်ကတော့ ကူမယ့်သူတွေ ရှိတာပေါ့။ ဒါပေမယ့် ဘ၀တစ်လျှောက်မှာ ကိုယ့်မျက်နှာက အညစ်အကြေးကို ကိုယ်ကိုတိုင် သန့်ရှင်းရတာ များပါတယ်။ အဲလို သန့်ရှင်းလိုက်မှ အေးချမ်းတောက်ပတဲ့ မျက်နှာ အလှတရားကို ရလာပါတယ်။ မျက်နှာကလည်း သန့်စင်သွားပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ စိတ်မှာ ဖြစ်နေတဲ့ အညစ်အကြေးတွေ ကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ သန့်ရှင်းရမှာပါ။ ဘယ်သူမှ လာပီး သန့်ရှင်းပေးလိမ့်မည် မဟုတ်ပါဘူး။ စိတ် သန့်ရှင်းသွားမှ အေးချမ်းခြင်းတွေ ကျွန်တော် တို့ ခံစားရလိမ့်မယ်။ စိတ်သန့ှ်ရှင်းဖို့အတွက် ဗုဒ္ဓတရားတော်တွေကို နာယူဖို့လိုပါလိမ့်မယ်။

ဥပမာ(၂)။ နေ့စဉ် လှုပ်ရှားရုန်းကန်နေသော ခန္ဓာကိုယ်ရှိ အညစ်အကြေးများ သန့်စင်ရန် ကျွန်တော်တို့ နေ့စဉ် ရေချိုးကြပါတယ်။ မောပန်းနွယ်နယ်သမျှ ရေချိုးလိုက်တာနဲ့ လန်းဆန်း သွားတာ များပါတယ်။ တနေကုန် ရုန်းကန်နေရတော့ လူကော စိတ်ကော ပင်ပန်း၊ လူလည်း ညစ်၊ စိတ်လည်း ညစ် ဖြစ်တတ် ပါတယ်။ လူခန္ဓာကိုယ်ညစ်ပတ်တာကိုတော့ ကျွန်တော်တို့ ရေချိုးလိုက်လို့ အတော် အသင့် လန်းဆန်း သွားပေမယ့်၊ မလန်းဆန်းသေးတဲ့ စိတ်အတွက်တော့ ကျွန်တော် ခန္ဓာကိုယ်ကို ရေ ချိုးသလို စိတ်ကိုလည်း ရေချိုးဖို့ လိုပါလိမ့်မယ်။ စိတ်ကို သန့်စင်အောင်ဆိုတာကတော့ တရားထိုင်ခြင်း၊ သတိပဌာန်တရားလေးနဲ့ နေခြင်းပါပဲ။ စိတ်မှာ ညှိတွယ်နေတဲ့ ကိလေသာ အညစ်အကြေးတွေကို ကင်းစင်ဖို့ ဗုဒ္ဓတရားတွေကို နာကြားဖို့ လိုပါလိမ့်မယ်။ စိတ်ငြိမ်သွားပြီဆိုတော့မှာ ကျွန်တော်တို့လည်း လန်းဆန်းပါလိမ့်မယ်။

ဥပမာ(၃)။ နောက်ကျိနေတဲ့ရေတစ်ခွက်ဟာ အနည်ထိုင်သွားတဲ့အခါမှာ ကြည်လင်သွားပါတယ်။ စိတ်ညစ်နေတဲ့အခါ စိတ်ဆင်းရဲစရာတွေကို ကြုံတွေ့နေရတဲ့အခါမှာ ကျွန်တော်တို့ရဲ့  စိတ်တွေဟာ မသန့်ရှင်းသေးတဲ့ရေလို ဖြစ်နေတတ်ပါတယ်။ နောက်ကျိနေတဲ့ ရေတစ်ခွက် ကလည်း ကြာလာရင် အနည်ထိုင်ပြီး သန့်ရှင်းကြည်လင်တဲ့ရေ အဖြစ်ကို ရောက်သွားသေးတာပဲ ကျွန်တော်တို့ရဲ့  စိတ်တွေ ဟာလည်း အမှန်တကယ် သတိတရားလေးနဲ့ နေသွားမယ်ဆိုရင် မုချမသွေ တစ်နေ့နေ့ တချိန်ချိန်မှာ အေးချမ်းကြည်လင်တဲ့အဆင့် ကို ရောက်ရှိလာမယ်ဆိုတာ ယုံကြည်ပါတယ်။ ကြည်လင်သောရေကို ရဖို့ တည်ငြိမ်မှုရယ်၊ အချိန်ရယ်လိုအပ်ပါတယ်။ တည်ငြိမ်သောစိတ်ကိုရဖို့အတွက်လည်း သမာဓိတရား လိုအပ်ပါတယ်။ ဓမ္မတရားတော်တွေ နာယူဖို့ မှတ်သားဖို့ ၊ နာယူမှတ်သားပြီးတဲ့ အတိုင်းကျင့်ကြံဖို့ လိုပါလိမ့်မယ်။
ကျွန်တော်ကိုယ်တိုင်လည်း အချိန်တိုင်း သတိနဲ့ နေနိုင်သေးတဲ့လူ တစ်ယောက် တော့မဟုတ်ပါဘူး။ ဒီလိုပဲ သတိထားမိတဲ့အချိန်လေးတော့ နေလိုက်တာပဲ။ တခါတလေလည်း သတိလက်လွတ်ဖြစ်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာမျိုးတွေ ဖြစ်ပါတယ်။ တခါတလေထိုင်နေရင်းက နေ တခုခုကို လုပ်မယ်ဆိုပြီး ထလိုက်တယ်။ ဒါပေမယ့် ထလိုက်တဲ့အချိန်မှာ ကိုယ်က ဘာလုပ်မယ်ဆို တာ မသိပြန်ဘူး။ တစ်ဆောင်တည်းနေတဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ပစ္စည်းတစ်ခု ငှားမလို့ သွားလိုက်တယ်။ သွားနေတုန်းလမ်းမှာ သတိလက်လွတ်ဖြစ်သွားတယ်။ တွေးချင်ရာတွေး ငေးချင်တာငေး သူငယ်ချင်းဆီကိုလည်းရောက် တော့ ကိုယ်လာရင်းကိစ္စက ဘာကြောင့် လာတယ်ဆိုတာ မေ့သွားတယ်။ တခါ ကိုယ့်အခန်းကို ပြန်ရောက်တော့မှ အော် ငါ ပစ္စည်းငှားမလို့ မေ့ခဲ့ပါလားဆိုပြီး ပြန်သတိရတတ်တယ်။ အဲလိုပဲ တစ်နေရာကနေ တစ်နေရာ ကိုယ့်နေတဲ့ အခန်းလေးထဲမှာကိုပဲ ဘာပြီးရင် ဘာလုပ်မယ်လို့ စဉ်းစားလိုက်ပေမယ့် မေ့သွားတာတွေ တခါတလေ ရှိတတ်ပါတယ်။ စိတ်မှာ သတိ မကပ်တော့ အယောင်ယောင်အမှားမှားတွေ ဖြစ်တတ်ပါတယ်။
ယနေ့ခေတ်မှာ အသစ်အဆန်းတွေက အင်မတန်မှ များပြားသလို လိုချင်စရာတွေကလည်း အရမ်းများ ပါတယ်။ လိုချင်စရာတွေနဲ့အတူ လူတွေရဲ့  လိုအပ်ချက်တွေကတော့ ဘယ်တော့မှ ပြီးပြည့်စုံသွား တယ်လို့ မရှိတော့ပါဘူး။ အချိန်တိုင်း အမြဲတမ်း လိုအပ်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ တချို့ လိုအပ် ချက်တွေကျတော့လည်း မိမိစိတ်ကို ရောင်ရဲ့ တင့်တိမ်နိုင်အောင်ကြိုးစားပြီး ခုခံနေရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကိလေသာစိတ်တွေ မကင်းစင်သေးသရွေ့ စစ်မှန်တဲ့ အေးချမ်းခြင်းကို ကျွန်တော်တို့ ခံစားရလိမ့်မည်မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ညစဉ်ညစဉ်အိပ်တိုင်း ခန္ဓာကိုယ်ကို ငြိမ်သက်အောင် စွမ်းဆောင်နိုင်ရန် လွယ်ကူပေမယ့် စိတ်ကိုငြိမ်သက်အောင် စွမ်းဆောင်ရတာ ခက်ခဲနေပါသေးတယ်။ ဒါကြောင့်ပဲ စားချိန်တန် မစားနိုင် အိပ်ချိန်တန်မအိပ်နိုင် အိပ်မရ စားမ၀င် ဘ၀တွေကို ဖြတ်သန်း နေရပါတယ်။
နေ့စဉ်ပုံမှန်အလုပ်တွေကိုမလုပ်ပဲ စိတ်အေးချမ်းဖို့ အတွက် အထူးကျင့်နေစရာမလိုပါဘူး။ ဒီနေ့ အေးချမ်း တယ်ဆိုတာထက် မနက်ဖြန်က ပိုအေးချမ်းစေချင်တယ်။ ဒီနေ့အဆင်ပြေတယ် ဆိုတာထက် မနက်ဖြန်တိုင်းမှာ ပိုအဆင်ပြေစေချင်တယ်။ နည်းလမ်းတွေလည်း ရှာကြပါတယ်။ မိမိအတွက် အဆင်ပြေ နိုင်မယ့်နည်းလမ်း၊ အေးချမ်းခြင်း ရနိုင်မယ့် နည်းလမ်းကို ဒီလိုပဲ တနေ့တာ ဖြတ်သန်းရင်း သတိလေးကပ်ပြီးတော့ သတိထားမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ စိတ်မှာ ဖြစ်နေတဲ့ တင်းကြပ်မှုတွေ၊ မွန်းကြပ်မှုတွေဟာ တဖြည်းဖြည်း လျော့လာမှာပါ။ ကျွန်တော်ခံစားမိသမျှ နားလည်သလောက်ကို ရေးသားထားခြင်းဖြစ်ပါသည်။ အမှားအယွင်းများရှိပါက အကြံပေးနိုင်ပါသည်။

သင်္ကြန်အမှတ်တရရေးသားထားသော ကိုယ်တွေ့ဖြစ်ရပ်မှန်ခံစားချက်များဖြစ်ပါတယ်
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ဗုဒ္ဓဟောကြားခဲ့သော ဓမ္မတရားတော်များကို နာယူရင်း နေအထွက်မှာ ရွှေခွက်ကိုမ ရေစက်ကိုချ၍ မဂ္ဂင်ဖောင်ကြီး ပျော်ပျော်စီးကာ နိဗ္ဗာန်ရွှေပြည်သို့ သွားကြပါစို့ ။

ချစ်သောကမ္ဘာမြေ


Monday, March 26, 2012

စွယ်တော်ရွက်ဖူးစာ

၆၇ နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုပါ၏
ကျွန်တော်က တခြားကျောင်းမှ ပြောင်းလာတဲ့ ကျောင်းသားသစ် ဖြစ်၍ ကျောင်းထဲမှာ လည်လည် ဝယ်ဝယ် မရှိသေးခင် အတန်း ဖော်တွေထဲ ကျွန်တော် အရင်ဆုံး သတိထား မိသူမှာ နွေး ဖြစ်သည်။ နွေးက သိပ်လှသည်။ ကျောင်းမှာ သူက အကျော်အမော်။ သူ့ ကို ကျောင်းသား တော်တော် များများက သဘောကျကြသည်။ ပိုးပမ်း သူများသည်။
နွေးက သူငယ်ချင်းတွေ အများကြီးနဲ့ ဟေးလား ဝါးလား နေတတ်သူ မဟုတ်ပါ။ သူက ကျောင်းတက်ချိန် နီးမှသာ ကျောင်းကို ရောက်လာ တတ်သည်။ သူ့ ပုံစံက သိမ်မွေ့  သည်။ သို့သော် သူ လမ်းလျှောက် ပုံက အိနြေ္ဒ အရမ်းကြီးပြီး ဆင်မယဉ်သာ မဟုတ်ပါ။ ခြေလှမ်း စိတ်စိတ်နဲ့  ခပ်သွက်သွက် လမ်းလျှေက် ပုံလေးကို ကျွန်တော် မျက်စိထဲ ရင်ထဲထိအောင် အသေမှတ်မိ နေခဲ့သည်။ အဲဒီလို လမ်းလျှေက် လိုက်တိုင်း သူ့ရဲ့  မတိုမရှည် ဝဲကျနေတဲ့ ဆံစလေးတွေ လှုပ်ခတ်နေပုံကို ကျွန်တော် အရမ်း သဘောကျ ခဲ့သည်။
ကျွန်တော်က ယခုမှ ကျောင်းပြောင်း လာတဲ့ ဆယ်တန်း ကျောင်းသား ဖြစ်၍ အတန်းပိုင် ဆရာမက ကျွန်တော့်ကို ရှေ့ဆုံးခုံတန်းတွင် နေရာ ချပေးသည်။ ကျွန်တော် ကလည်း အတန်းတိုင်း ရှေ့ဆုံးခုံမှာ ထိုင်နေကျ ဖြစ်သည်။ ကျောင်းသား ဘဝတွင် ရှေ့ဆုံး ခုံတန်းမှာ ယောင်္ကျားလေး အတော် များများက သိပ်ထိုင် ချင်တာ မဟုတ်။ အထူးသဖြင့် ပေပေတေတေ နေတတ်တဲ့ ကောင်တွေက ပိုဆိုးသည်။ အဲလို ကောင်တွေက အတန်းရဲ့  နောက်ဆုံးမှာပဲ ထိုင်တတ်သည်။ သူတို့  အတွက် ရှေ့က ဆရာမနှင့် ဝေးလေ ကောင်းလေ ဖြစ်သည်။
ကျွန်တော်ကတော့ စာတော်လို့  စာကြမ်းပိုးမို့ လို့  ရှေ့ဆုံးတန်းမှာ ထိုင်ခြင်း မဟုတ်ပါ။ ကျွန်တော်က အတန်းတိုင်းမှာ ကလေးလို နေခဲ့ သောကြောင့် ဖြစ်သည်။ ယခုကျွန်တော် ရှေ့ဆုံးတန်းမှာ ထိုင်ရတော့ နွေးရဲ့  မျက်နှာလေးကို ခိုးကြည့်ဖို့  တော်တော် ခက်သည်။ နွေးက ကျွန်တော်နှင့် ဘေးတိုက် ရှေ့ဆုံးတန်း ထိုင်ခုံဖြစ်သည်။
ကျောင်းစတက်ပြီး လအနည်းငယ်ကြာသောအခါ ကျွန်တော်တို့  အတန်းတွင် တူရာတူရာ သူငယ်ချင်း အုပ်စုလေးတွေ ဖြစ်လာသည်။ ကျွန်တော်က နောက်ဆုံးတန်းမှာ ထိုင်သည့် ကောင်တွေလို ကောင်မလေး တွေကို စလိုက် နောက်လိုက် လုပ်တတ်သည့် တစ်တန်းလုံး လက်ဖျားခါ ရသည့် အုပ်စု ထဲတွင်တော့ မပါပေ။ ကျွန်တော်တို့  ရှေ့ဆုံးတန်းမှာ ထိုင်တတ်သည့် ဆရာမ လာလျှင် ဆရာမရဲ့  လက်ဆွဲခြင်းကို ကူသယ် တတ်သည့် ကောင်တွေ အုပ်စုထဲလည်း မပါ။ ကျွန်တော်က အဲလိုလည်း မလုပ်တတ်။ ကျွန်တော်က အဆော့သန်သော ပေပေတေတေ နေတတ်သော အဖွဲ့ ထဲတွင် ပါသည်။
နွေးတို့  သူငယ်ချင်း အုပ်စုကတော့ သုံးယောက် လောက်ပဲ ရှိသည်။ သူတို့ က ကျောင်းသွား ကျောင်းပြန် အတူတူ အဖွဲ့ တွေဖြစ်သည်။ နွေးက အတန်းထဲမှာ စာတော်သည်။ ကျွန်တော် ကတော့ သူ့လောက် မတော်။ ဒါလည်း ဖြစ်နိုင်သည်။ အတန်းထဲတွင် သူက စာကြည့် နေချိန်များတွင် ကျွန်တော်က သူ့  မျက်နှာလေး ကိုပဲ ခိုးကြည့် နေခဲ့သည်။ သူက စာကြည့်သည်။ ကျွန်တော်ကတော့ သူ့ကို ခိုးကြည့်သည်။
နွေးက ယောင်္ကျားလေး များနှင့် ရင်းရင်းနီးနှီး သိပ်မရှိ သော်လည်း ကျွန်တော်တို့  အဖွဲ နှင့်တော့ အနည်းငယ် ရင်းနီးသွားသည်။ သို့သော် မေးထူးခေါ်ပြော အဆင့်သာ ဖြစ်သည်။ ကျွန်တော် တို့ က ခုံချင်း ကပ်လျှက် ဖြစ်၍ စာအုပ်ငှား၊ ခဲဖျက်ငှား၊ ဘော့ပင်ငှားနှင့် ရင်းနီးကြခြင်း ဖြစ်သည်။ နွေးက ကျွန်တော်နှင့် စကားပြောတိုင်း သိပ်ထူးထူး ခြားခြား အသွင် မရှိပေ။ ကျွန်တော့်လို ပေပေတေတေ ကောင်လေး တစ်ယောက်ကို သူက စိတ်ဝင်တစား မရှိတာလည်း ဆန်းမည် မထင်ပေ။
သူက ဘယ် ယောင်္ကျားလေး ကိုမျှ အရောတဝင် မရှိ။ သူက မာနကြီးတာတော့ မဟုတ်ပါ။ ကျောင်းမှာလည်း နာမည်ကြီး လှလည်း အရမ်းလှတော့ သူ့ ကို ယောင်္ကျားလေး အတော် များများက ကြိုက်ကြ၏။ ကျောင်းဆင်းချိန် များတွင် စာလိုက်ပေး ကြသည်။ စကား လိုက်ပြော ကြသည်။
မနက်ခင်း ကျောင်းလာ ချိန်များ မှာတော့ စာသိပ်လိုက် မပေးကြပေ။ မနက်ပိုင်း ဖြစ်၍ တစ်နေကုန် ကျောင်းတတ်ရ ဦးမည်။ အဲဒီတော့ နွေးက အတန်းပိုင် ဆရာမ ဒါမှ မဟုတ် ကျောင်းအုပ်ကြီး ကို အဲဒီ စာနှင့် တကွ တိုင်လိုက်လျှင် မသက်သာပေ။ အဲဒါကို ကြောက်၍ ထင်သည် မနက် ပိုင်းတော့ သူ့ကို စာသိပ် လိုက်မပေး ကြပါ။
သို့ သော် နွေးက အဲလို တိုင်တာမျိုး တော့ မလုပ်ပါ။ သူ့  နောက်လိုက်တဲ့ ကောင်တွေကို ရိုင်းရိုင်းပျပျ ဆက်ဆံတာ မျိုးလည်း မလုပ်ပါ။ သူက အဲဒီ အခါမျိုးမှာ စိတ်ညစ်သည့် ပုံစံဖြင့် ခေါင်းလေး ကိုတော့ ငုံ့ထား တတ်သည်။
ညနေပိုင်းများ မှာတော့ အတော်ဆိုးသည်။ သူ့ ကို ကောင်လေးများက ပုံစံမျိုးစုံနှင့် ချဉ်းကပ် ကြသည်။ သူ့မှာ အကိုတွေ ရှိပြီး သူတို့ က ရပ်ကွပ်ထဲမှာ အတော် ဆိုးသည်ဟု နာမည် ထွက်သည်။ သူ့ ကို ပိုးပမ်းသည့် ကောင်တွေနှင့် မကြာခဏ ရန်ဖြစ်တတ်သည်။ ကျောင်းဆင်း ချိန်တွင် တချို့ က ဆံပင်ကို သေသပ်စွာ ဖီးလိမ်းပြီး စတိုင် ကျကျနှင့် လိုက် စကားပြော ကြသည်။ တချို့ က စာလိုက် ပေးသည်။ တကယ် ဆိုးလွန်းတဲ့ ကောင်က လွယ်အိတ် ထဲသို့  စာအတင်း ထည့်ပေးသည်။ ဘာမပြော ညာမပြောနှင့် ချစ်တယ်လို့ တစ်လုံးတည်း ပြောပြီး ထွက်ပြေး သွားတဲ့ အူကြောင်ကြောင် ကောင်တွေလည်း ရှိသည်။
ကျွန်တော်ကရော မည်သို့ ကောင်နည်း။ ကျွန်တော်က နွေးကို အလှပဲ ကြည့်နေမိသည်။ နွေးကို ချဉ်းကပ်တဲ့ ကောင်တွေက သူဌေးသားတွေ၊ အဖြူအစိမ်း ဝတ်စုံပေမယ့် တနေ့ တစ်စုံလောက် ဝတ်တဲ့ ကောင်တွေ၊ လူချော လူရည်သန့် တွေ။ နွေးတို့ ကလည်း အတော် အသင့် ချမ်းသာသည်။ သေချာတာ ကတော့ ကျွန်တော် တို့ ထက် ချမ်းသာသည်။
ကျွန်တော် ကတော့ ကျောင်းဝတ်စုံ နှစ်စုံကို တစ်ပတ်လုံး ဝတ်ရသည်။ ဒါတောင် ဝတ်စုံက သိပ်ကောင်းတာ မဟုတ်။ ကျွန်တော် ငယ်ငယ် ကတည်းက ဒီအတိုင်း နေခဲ့သော်လည်း ခုတော့ အားငယ် သလိုလို ခံစား လာရသည်။ ငယ်ငယ်ကတော့ ဆော့ကစား နေရလျှင် ကျေနပ်ခဲ့သည်။
ငယ်ငယ်က ကျောင်းသွားလျှင် မပြင်မဆင် ပေစုတ်စုတ်နှင့် သွားတတ်လွန်း၍ မေမေက ခဏခဏ ဆူသည်။ အခုတော့ ကျွန်တော် ကျောင်းသွားလျှင် ကျွန်တော်ရဲ့  ကတ္တီပါ ဖိနပ် အဟောင်း လေးအား သေချာစွာ ပွတ်တိုက်သည်။ အဝတ်အစား ကတော့ မီးပူ မထိုးပါ။ မေမေက အလုပ် တဖက်နှင့်မို့  ဘယ်တော့မှ မီးပူ ထိုးမပေးပါ။
ခုတလော ကျွန်တော် မှန်ကြည့်လွန်းလို့  မေမေက သတိထား မိသည်။
''သားရေ မှန်တွေ ကြည့်လှချည်လား။''
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ပဲ ရှက်ကိုး ရှက်ကန်းနှင့် မှန်နားက ချက်ချင်း ခွာမိသည်။ ကျွန်တော့် ဆံပင်ကိုလည်း အုန်းဆီ လိမ်းသည်။ ခက်ပြီ။ ကျွန်တော့် ဆံပင်က ဘယ်လိုမှ ဖြီးလို့ မရ။ ဆံပင်ကို ခွဲကြောင်းဖြင့် ဖြီးသော်လည်း ဆံပင်က ဖြီးထားသည့် ပုံစံတိုင်းမနေ။ ထိုးထိုး ထောင်ထောင်ပဲ ဖြစ်နေသည်။ ကျွန်တော်က ဆံပင်ကို ခေါင်းလျှော်ရည်တွေ ဘာတွေနှင့် ဘယ်တော့မှ သေချာ မလျှော်၍လည်း ဖြစ်နိုင်သည်။ ကျွန်တော့် ဆံပင်က ကြမ်းနေပြီး နွေးကို ညနေဘက် လိုက်စကားပြောတဲ့ ကောင်တွေရဲ့  ဆံပင်လို ဘယ်လိုမှ ဖြီးလို့ မရ။
မနက်ပိုင်းဆို ဒီလိုပဲ စိတ်ညစ်ညစ်နှင့် ထွက်လာရသည်။ တစ်ခု ပျော်ရသည် ကတော့ နွေးက ခုချိန်ထိ ဘယ်သူနဲ့ မျှ ချစ်သူ မဖြစ်သေး။ ကျောင်းရောက်တော့ နွေးရဲ့  မျက်နှာလေးကို မြင်ရတော့ ကျွန်တော် ကြည်နူးသည်။ ကျွန်တော် သတိထားပြီး ကြည့်မိသည်။ သူ့ လက်ချောင်းလေး တွေက တကယ့် ရှည်ရှည် သွယ်သွယ်လေး တွေပါ။ သူက ဘော့ပင်လှလှ လေးတွေကို အမြဲ ကိုင်တတ်ပြီး သူ့  လက်ကလေး တွေနှင့် အရမ်းလိုက်ဖက်သည်။
ကျွန်တော် စာအုပ်လှလှလေး တစ်အုပ် ဝယ်ဖြစ်ခဲ့သည်။ ညဘက်ဆိုလျှင် စာကြည့်ရင်း အဲဒီ စာအုပ် ကလေးမှာ နွေးနဲ့  ပါတ်သက်ပြီး ပေါက်တတ်ကရ လေးတွေ မေမေ မသိအောင် ခိုးခိုးပြီး ရေးဖြစ်သည်။ ကျွန်တော် ကဗျာကိုတော့ မရေးတတ်ပါ။ ထင်ရာ လျှောက်ရေးသည်။ ၀တ္ထုစာအုပ် တွေက ခပ်လှလှ စာသားလေးတွေ ကိုလည်း ကူးပြီး ရေးထားသည်။ သီချင်းတွေက ကျွန်တော် ကြိုက်တဲ့ သူချင်း စာသား လေးတွေ ကိုလည်း ရေးသည်။ အဲဒီ စာအုပ် ကလေးကို အိမ်က မေမေ မသိအောင် ဝှက်ထားရ သေးသည်။
ဆောင်းနံနက်ခင်း လေးက မြူနှင်းတွေနဲ့  အတူ ကျွန်တော်တို့  ကျောင်းလေးကို လွှမ်းခြုံထားသည်။ ကျွန်တော့် ရင်ထဲမှာလည်း နံနက်တိုင်း နှင်းတွေ ဝေနေခဲ့ပြီး နွေးဆိုတဲ့ နေရောင်ခြည်လေး အလာကို စောင့်နေ ခဲ့မိပါသည်။
အဲဒီနေ့ က နွေး ကျောင်းကို ရောက်လာတာက ကျောင်းတတ် ခေါင်းလောင်း ထိုးပြီးမှ။ အတန်းထဲမှာ ကျောင်းသား ကျောင်းသူ တွေလည်း တော်တော် စုံနေပါပြီ။ ဘာသာရပ် ဆိုင်ရာ ဆရာမ မလာသေးတော့ အတန်းထဲမှာ ကျောင်းသား ကျောင်းသူတွေက ဆူညံနေသည်။ အဲဒီအချိန်မှာ နွေးတို့ အဖွဲ့  အတန်းထဲကို ခပ်မြန်မြန် ခြေလှမ်းတွေနဲ့  အရေးတကြီး ဝင်လာကြသည်။ ကျောင်းသား ကျောင်းသူ တွေလည်း ခဏငြိမ်ပြီး သူတို့ ကို ကြည့်နေ၏။ နွေးက ဘာမပြော ညာမပြောနဲ့  သူ့လွယ်အိတ် ထဲက စွယ်တော် ရွက်ကလေး တစ်ခုကို ထုတ်ပြီး ကျွန်တော့် လက်ထဲကို တည့်တည့် ထည့်ပေး လိုက်သည်။
''စိုးပိုင် ရော့ ...''
ကျွန်တော်လည်း ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ယူထားလိုက်သည်။ ကျွန်တော်တို့  အဖြစ် အပျက်ဟာ အတန်းရှေ့ဆုံး အဝင်ပေါက်ဝ ကြီးမှာ ဆိုတော့ အတန်းသား အားလုံးက မြင်ပြီး ဟယ်ကနဲ ဖြစ်ကုန်၏။ နောက်နားက ခပ်နောက်နောက် ကောင်တွေကလည်း ဟေးဆိုပြီး ဝိုင်းအော်သည်။
နွေးလည်း အဲဒီကျမှ မျက်နှာလေး ရှက်သွေးဖြာပြီး သူ့ ခုံတန်းဆီ အမြန် ဝင်ထိုင်သွား၏။ မျက်နှာ ကိုလည်း သူ့လက်ထဲက စာအုပ် တစ်အုပ်နဲ့  ကာလို့ ။ အဲဒီ ခဏမှာ ကျွန်တော်လည်း အသိစိတ်နဲ့  ခန္ဓာကိုယ် လုံးဝလွတ်ကင်း သွားသည်။ ဒီအဖြစ်မျိုး ကျွန်တော် လုံးထင်မထား။ ကျွန်တော့် မှာလည်း ရှက်စိတ်လား၊ ကြည်နူးစိတ်လား မသိ။ ကျွန်တော့် တကိုယ်လုံး ထူပူပြီး ထိုင်ခုံတွင် ထိုင်နေရ သော်လည်း ထိသည့် အာရုံ မခံစားရ။ အတန်းသားတွေ ကလည်း ကျွန်တော့်ကို တလှည့် နွေးကို တလှည့် ကြည့်နေကြသည်။ သူတို့  စိတ်ထဲမှာ ဘာလဲဟပေါ့။
''စိုးပိုင် ဒီကိုပေး ...''
ကျွန်တော့်ဘေးက ကောင်က စွယ်တော်ရွက်ကို တောင်းသည်။ ကျွန်တော်လည်း ချက်ချင်း အကြောက် ကန်ပြီး..
''ပေးဘူး ..''
ကျွန်တော်က စွယ်တော်ရွက် ကလေးကို စာအုပ် တစ်အုပ်မှာ ညှပ်ပြီး သိမ်းထား လိုက်သည်။ ကျွန်တော် အိမ်ပြန် ရောက်တော့ စွယ်တော် ရွက်လေးကိုကြည့်ပြီး ရင်တွေ အရမ်းခုန် ရသည်။ တစ်ယောက် တည်းလည်း တွေး၍ ပြုံးနေမိသည်။ မေမေကတောင် မေးသည်။
''ဟဲ့ကောင်လေး ဒီနေ့ ပြုံးစိပြုံးစိနဲ့ ဘာဖြစ်နေတာလဲ ... ''
အဲဒီနေ့က ကျွန်တော် စိတ်လှုပ်ရှား လွန်းလို့ စာမကြည့်နိုင်ပါ။ စွယ်တော်ရွက် ကလေးပေါ်တွင် ဘော့ပင်ဖြင့် နေ့စွဲလေး ရေးသည်။ ကျွန်တော် ရေးနေကျ ဒိုင်ယာရီ စာအုပ်လေးမှာ ညှပ်၍သိမ်းသည်။ ပြီးတော့ အမှတ်တရ လေးတွေ ရေးသည်။
နောက်နေ့တွင် နွေးတို့ အဖွဲ့ ပြောပြချက် အရ အဲဒီ စွယ်တော် ရွက်ကလေးသည် နွေးကို ကျောင်းသား တစ်ယောက်က စကားလိုက်ပြောရင်း လွယ်အိတ်ထဲ အတင်း လိုက်ထည့်၍ ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
'' စိုးပိုင် ဟိုလေ.. ငါလည်း အဲဒီ ကောင်က အတန်းဝ ရောက်သည် အထိ နောက်က တကောက်ကောက် လိုက်ပေးနေလို့ စိတ်ညစ်ညစ်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာ ပါဟယ်''
သူက ရှက်လည်းရှက် ကျွန်တော့်ကိုလည်း အားနာသည့် ပုံဖြင့် ပြောသည်။ ကျွန်တော် အတန်းထဲမှာ အနေအေး သည်ကို သူသိသည်။
''ရပါတယ်နွေး ..''
ကျွန်တော့် နှုတ်က ဒီထက်ပို၍ ဘာမှ ထွက်မလာပါ။ ကျွန်တော် ရုတ်တရက် ဘာစကားမျှ ရှာမရ။ ကျွန်တော် အမှတ်တရ သိမ်းထား ပါတယ်လို့ ပြောရမလား။ သိမ်းထားလို့ ရပါ့မလားလို့ ပြောရမလား။ အဲလိုပြောလိုက် လျှင်ရော ကောင်းပါ့မလား။ တမျိုးထင်ပြီး အခင်အမင် ပျက်သွားမလား။ ကျွန်တော် အမျိုးမျိုး စဉ်းစားသည်။ သို့သော် လက်တွေ့မှာ ကျွန်တော် ဘာမှ မပြောဖြစ်ခဲ့။
ဘာပဲ ဖြစ်ဖြစ် အဲဒီနောက်ပိုင် နွေးနဲ့ ကျွန်တော်နဲ့ အရင်ကထက်တော့ ပိုပြီး ခင်ခင်မင်မင် ရှိခဲ့သည်။ တွေ့လျှင် နှုတ်ဆက် ခေါ်ပြော ပါသည်။ ခက်တာက ကျွန်တော်က စကားနဲသည်။ သူကလည်း အေးသည်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီ။
ဒါပေမယ့် နွေးနဲ့ ပါတ်သက်လာရင် ကျွန်တော် နောက်ဆုတ်ပြီးပဲ နေခဲ့မိသည်။ နွေးက အရမ်းလှသည်။ သူ့ကို ကြိုက်သူ တွေလည်း ပေါသည်။ သူတို့ မိဘတွေကလည်း ကျွန်တော်တို့ထက် ချမ်းသာကြသည်။ နွေးက အရာရာ ပြည့်စုံတဲ့သူ ဖြစ်သည်။
နွေးတို့ အိမ်နဲ့ ကျွန်တော်တို့ အိမ်က သိပ်မဝေးပေ။ ညနေဘက်များတွင် အိမ်၌ မီးဖိုချောင်သုံး တိုလီမိုလီ ပစ္စည်လေးများ လိုလျှင် မေမေက ကျွန်တော့်ကို ဝယ်ခိုင်း တတ်သည်။ ကလေးဘဝ ကတည်းက အမြဲဝယ်ပေး နေကျ ဖြစ်ပြီး။ ယခုအခါ သိပ်မဝယ် ချင်တော့သော်လည်း ကျွန်တော် မငြင်းမိ။
မဆလာ၊ အရောင်တင်မှုန့်၊ လက်ဖက်ခြောက် တို့ဖြစ်သည်။ ကျွန်တော်က သေချာ ဖြီးလိမ်းပြီး နွေးတို့ အိမ်နားက အိမ်ဆိုင်လေးသို့ သွားဝယ်သည်။ နွေးတို့ အိမ်ရှေ့က ဖြတ်သွားသည်။ အမှန်တော့ တခြားလမ်းမှ သွားလျှင် ပိုနီးသည်။ သို့သော် နွေးကို ကြည့်ချင်ယုံ သက်သက်ဖြင့် ကျွန်တော်က ပိုဝေးတဲ့ သူတို့ အိမ်ရှေ့လမ်းက သွားခြင်း ဖြစ်သည်။
ညနေဘက်များတွင် နွေးက သူတို့အိမ်ရှေ့၌ ကုလားထိုင်လေး တစ်လုံးဖြင့် သိုးမွေးထိုးနေ တတ်သည်။ ကျွန်တော်နှင့် မျက်နှာချင်း ဆုံမိလျှင်တော့ အပြန်အလှန် ပြုံးပြ နှုတ်ဆက် မိပါသည်။ ဒီထက်တော့ မပိုရဲပါ။ သူ့အကိုတွေက တော်တော် ဆိုးသည်ဟု နာမည် ကြီးသည်။ ကျွန်တော် သွားခိုက် နွေး အိမ်ရှေ့မှာ မရှိလျှင်တော့ အဲဒီနေ့ ဈေးသွား ရတာ တော်တော် မောသည်။ တစ်ခါတစ်ရံ မေမေ ဝယ်ခိုင်းသည့် ပစ္စည်းက ငံပြာရည်လို၊ ကြက်ဥလို ကြည့်မကောင်းသည့် ပစ္စည်း ဆိုလျှင်တော့ ကျွန်တော် နွေးတို့ အိမ်ရှေ့က ဖြတ်လျှောက် ရမှာ ရှက်သဖြင့် တခြားလမ်းက သွားသည်။
ဒီလိုနဲ့ ကျွန်တော့်အချစ်က ဇာတ်မျောကြီးဖြစ် နေခဲ့ရသည်။ ကျွန်တော် စိတ်ထဲမှ အကြိမ်ကြိမ် ရေရွတ် မိ သည်။
''သြော် နွေးရယ်... ငါ့မှာ မောလိုက်တာ ...''
စာမေးပွဲနီးလို့ ကျောင်းတွေလည်း ပိတ်တော့မည်။ ကျွန်တော်သည် နွေးနှင့် နီးနီးကပ်ကပ် ရှိမနေခဲ့ ပါပဲနဲ့ ဝေးရမှာကို ကြောက်နေခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် ရင်ထဲမှာတော့ သူအမြဲ ရှိနေခဲ့တာပါ။ နွေးတို့ အိမ်က သိပ်ဝေးတာမှ မဟုတ်ပဲလေဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်ရသည်။
နွေကျောင်းပိတ်ရက်တွင် နွေးတို့ အိမ်အကြောင်း နဲနဲ ကြားရသည်။ စီးပွားရေး သိပ်အဆင် မပြေဘူး ဟူ၍ဖြစ်သည်။ သူ့ အကိုတွေကလည်း လောင်းကစား ကျုးသည်ဟု သိရသည်။ ဘယ်လို ဖြစ်သည်တော့ ကျွန်တော် သေသေချာချာ မသိပါ။
ဆယ်တန်း အောင်စာရင်း ထွက်တော့ နွေးကဂုဏ်ထူး နှစ်ဘာသာပါသည်။ ကျွန်တော်ကတော့ ရိုးရိုးပဲအောင်သည်။ ထို့နောက် ကျွန်တော် ဗိုလ်သင်တန်း ဖြေသည်။ ကျွန်တော့် စိတ်ထဲမှာလဲ အားခဲထားသည်။ ကျွန်တော် ဗိုလ်သင်တန်း ပါအောင် ကြိုးစားမည်။ စစ်တက္ကသိုလ် တက်မည်။ အမှန် တကယ်လည်း စစ်တက္ကသိုလ် တက်ခွင့်ရသည်။
နွေးနဲ့တွေ့တော့ ရယ်ကျဲကျဲဖြင့် နှုတ်ဆက်သည်။
'' ဗိုလ်ကြီး အလေးပြု။ စိုးပိုင် နင်က ဗိုလ်သင်တန်းတက်မှာပေါ့ ...?''
''ဟုတ်တယ်ဟ.. နွေးရော ဘာတက်ဖို့ စိတ်ကူးထားလဲ''
''ငါက ကွန်ပျူတာ တက်မလို့ ..''
''ကောင်းပါတယ်''
ကျွန်တော် စစ်တက္ကသိုလ် တက်တော့ နွေးနဲ့ ဝေးခဲ့ရသည်။ စစ်တက္ကသိုလ်ရဲ့ လေ့ကျင့် သင်ကြားရေး တွေကတော့ ဘာကိုမှ လွမ်းလွမ်းဆွေးဆွေး ငေးနေချိန် မရအောင်ပါပဲ။ အချိန်တိုင်းမှာ ပြေးလွှား နေခဲ့ရသည်။
ဗိုလ်လောင်း သင်တန်း ကာလမှာ နွေးဆီကို စာရေးရရင် ကောင်းမလား စဉ်းစားပါသေးသည်။ ဒါပေမယ့် ကျွန်တော် ပထမနှစ်မှာပဲ နွေးတို့ မြို့ကလေးမှ ပြောင်းသွားကြသည် ဆိုသည့် အကြောင်း သိရသည်။ ဘယ်မြို့ကို ပြောင်းသွားကြ သည်ကိုလည်း မသိရပါ။ ကျွန်တော် သိရ သလောက် စီးပွားရေး အဆင်မပြေဘူး ဟူ၍ ဖြစ်သည်။
သုံးနှစ်ကြာသွား ခဲ့ပါပြီ။ သုံးနှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ ဘာတွေ ပြောင်းလဲ သွားခဲ့သနည်း။ ကျွန်တော် ပြန်စဉ်းစားမိသည်။ ကျွန်တော် စစ်တက္ကသိုလ်မှာ ဘွဲ့တစ်ခု ရခဲ့သည်။ ပြန်တမ်းဝင် အရာရှိ တစ်ယောက် ဖြစ်ခဲ့ပြီး တပ်မတော်မှာ တာဝန် ထမ်းဆောင်သည်။
အချိန်တွေ ကြာသွားခဲ့ ပေမယ့် နွေးကိုတော့ ကျွန်တော် မမေ့သေးပါ။ အချိန်တိုင်း မဟုတ်ပေမယ့် တစ်ခါတစ်ခါတော့ တမ်းတမ်းတတ လွမ်းမိသည်။
တပ်မှာ တာဝန်ထမ်းဆောင် နေချိန်များတွင်လည်း တပ်ကိစ္စများနှင့် အလုပ်ရှုပ်နေရသည်။ လကုန်ရက် ဖြစ်၍ ရဲဘော်များ၏ ဘဏ်စုငွေ သွင်းရန် မန္တလေး ရိုးမဘဏ်သို့ ကျွန်တော် ရောက်သည်။
ကျွန်တော် ရုံးခန်းအတွင်းသို့ ဝေ့၍ ကြည့်မိသည်။ မိန်းကလေးများက တူညီ ဝတ်စုံဖြင့် ဖြစ်သည်။ ကောင်မလေး တစ်ယောက်က ကျွန်တော် အကြည့်တွင် လက်ကို အသာရမ်းပြသည်။
'' နွေး ''
ကျွန်တော့် အသံ တော်တော် ကျယ်သွား သဖြင့် ကျန်သူများက လှမ်းကြည့်၏။ ကျွန်တော် သူ့နား အသာ ချဉ်းကပ် သွားတော့
'' စိုးပိုင် .. နင်မန္တလေးမှာ တာဝန်ကျတာလား ''
နွေးက စကားကို တိုးတိုးတိတ်တိတ် ပြောသည်။
'' ဟုတ်တယ်။ နင်က ဒီမှာ အလုပ်လုပ်နေတာလား ''
'' အင်း ''
နွေးတောင် ဘဝကိုရုန်းကန်နေရပြီပဲ။ ကျောင်းတုန်းက သူ့ဘဝလေးကိုလည်း ပြန်တွေးမိသည်။
'' နင်တို့ ဟိုတလောက သင်တန်း ဆင်းတာတော့ ငါသတင်းစာမှာ ဖတ်လိုက်ရတယ် ''
'' နင် ငါ့ကို သတိတရတော့ ရှိတာပဲ ''
နွေးက ပြုံးသည်။ နွေးရဲ့ မျက်လုံးတွေက ကျောင်းတုန်းက လောက်တော့ အရောင် တောက်သည် မထင်ရ။ အနည်းငယ် နွမ်းရိပ်သမ်း နေသည်။ သူရဲ့ လက်ချောင်း ကလေးတွေက အရင်ကလောက် ကော့ပျံမနေတာ ကျွန်တော် သတိထားမိသည်။
'' နွေး ရုံးဆင်းရင် ပြန်မသွားနဲ့ဦးနော်။ ကိုယ့်ကားနဲ့ လိုက်ပို့ ပေးမယ် ''
ဘဏ်အကြီးအကဲ ထင်ရသော ယောင်္ကျားတစ်ယောက်က နွေးကို လှမ်းပြောသည်။
'' ရပါတယ်။ ကျွန်မ လမ်းလျှောက်ပြန်မှာပါ ''
'' ကိုယ် လိုက်ပို့ပါ့မယ်။ ခဏပဲစောင့်နော် ''
နွေး မျက်နှာ တစ်ချက် ညှိးသွားသည်။ ကျွန်တော် စိတ်ထဲမှာလည်း အလျင်အမြန် စဉ်းစား လိုက်သည်။ နွေးနဲ့ အဲဒီလူနဲ့က ဘာလဲ။
'' စိုးပိုင် ခဏစောင့်ပါလား ခဏနေရင် ငါတို့ ရုံးဆင်းတော့မယ်။''
ကျွန်တော် ဝမ်းသာသွားသည်။ ရုံးဆင်းသည်နှင့် နွေးက စောစောကလူ မသိအောင် အလျင်အမြန် ထွက်ဖို့ ကြိုးစားသည်။ သူ့အိမ်မှာ သိပ်မဝေး သောကြောင့် အပြန်၌ သူ့အိမ်သို့ ကျွန်တော် လမ်းလျှောက် စကားပြောရင်း လိုက်ပို့သည်။
'' နွေးတို့ အိမ်က မ န္တလေးကို ပြောင်းလာတာလား ''
'' မဟုတ်ပါဘူး ငါအခု ပြန်မှာက ငါ့ အဒေါ် အိမ်ကိုပါ ''
ကျွန်တော်လည်း သူ့အိမ် အကြောင်းတွေ ရှည်ရှည်ဝေးဝေး ထပ်မေး၍ မကောင်းသဖြင့် နှုတ်ဆိတ် နေလိုက်သည်။ ဒါပေမယ့် သူ့ကို ကားဖြင့် လိုက်ပို့ ချင်သည် ဆိုသူကရော မည်သူနည်း။ ကျွန်တော် အရမ်းသိချင်နေသည်။
'' ဒါနဲ့ စောစောက လူကရော ''
နွေးက သက်ပြင်း တစ်ချက်ကို အသာခိုး၍ ချရင်း
'' အဲဒါ ရုံးက မန်နေဂျာပါ။ ငါ့ကို သူအလုပ်သွင်း ပေးထားတာ။ အိမ်က သူ့အပေါ် အားကိုး ခဲ့ရတယ်ဟ။ စိတ်ညစ်ပါတယ်ဟာ... ''
''ဘာဖြစ်လို့လဲ''
'' သူက ငါ့ကို အတင်း ကပ်နေတယ်ဟ ''
သူရော ကျွန်တော်ပါ ခဏမျှ ငြိမ်သက် သွားသည်။
'' စိုးပိုင် နင်တောင် အရာရှိ တစ်ရောက် ဖြစ်သွားပြီးနော်။ အပြောင်းအလဲတွေကလည်း မြန်လိုက်တာ '' နွေးရဲ့ မဆီမဆိုင် စကားကြောင့် ကျွန်တော် ခဏကြောင်သွားပြီး
'' မပြောင်းလဲတာတွေ လည်းရှိပါတယ်.. နင်ကတော့ အရင်လို လှနေတုန်းပဲ ''
နွေးက ရယ်သည်။ သူ့အဒေါ်အိမ်နား ရောက်တော့ ကျွန်တော့်ကို အိမ်ထဲ ဝင်ပါဦးဟု ဖိတ်ခေါ်သည်။ ဒါပေမယ့် သူ့ပုံက ကျွန်တော့်ကို ဖိတ်ခေါ်ရတာ ခပ်အမ်းအမ်း ဖြစ်နေပုံပါ။ ကျွန်တော်လည်း အလိုက်သိစွာဖြင့် မဝင်တော့ဘူးဟု ပြော၍ နှုတ်ဆက် ထွက်ခဲ့သည်။
လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က အတိုင်း ကျွန်တော့် ရင်ခုန်သံတွေက လတ်လတ်ဆတ်ဆတ် ဖြစ်နေသေးသည်။ နွေးကို ကျွန်တော် ချစ်သည်။
'' ဟိုလူက ငါ့ကို လက်ထပ်ခွင့် တောင်းနေတယ် စိုးပိုင် ''
'' နင်သူ့ကို ချစ်လား ''
'' ငါအချစ်ဆိုတာကို ကောင်းကောင်း နားမလည်ဘူး။ ငါ့ကို ချစ်တယ်လို့ ပြောခဲ့တဲ့ သူတွေ အများကြီး ဆိုတာ နင်လည်း သိပါတယ်။ ဒါပေမယ့် ငါဘယ်သူ့ကိုမှ မယုံရဲဘူး။ ငါ့ကို သိပ်ချစ် ပါတယ်လို့ ပြောခဲ့တဲ့ သူတွေ ခုဆို တစ်ချို့ အတွဲတွေ ကိုယ်စီ ဖြစ်ကုန် ကြပြီ။ ''
ကျွန်တော် ပြောဖို့ စကားစ စဉ်းစား နေစဉ် သူက စကားဆက်သည်။
'' ခုလို အခြေ အနေဆို ပိုဆိုးတယ် စိုးနိုင်။ လူတစ်ချို့က အနိမ့်ပန်းတွေကို ခူးရတာ လွယ်မယ် ထင်ကြတယ်။ နည်းအမျိုးမျိုးနဲ့ ခူးဖို့ ကြိုးစားကြတယ်။ ငွေကြေး၊ ကျေဇူးတရား၊ အရှိန်အဝါ အမျိုးမျိုးပေါ့ဟာ ''
နွေးက သူ့ဘဝ နိမ့်ပါးသွားသည် ကို အားငယ် သည့်ပုံပါ။ သူမျက်နှာက ငြိုးငယ်နေပြီး မျက်ဝန်းများက အဝေးသို့ ငေးနေသည်။
'' နင်က အနိမ့်ပန်း မဟုတ်ပါဘူး နွေး။ နင်ကို တကယ် တန်ဖိုးထားတဲ့ သူလည်း ရှိပါတယ်။ ငါ...''
'' ငါမယုံဘူး ''
ကျွန်တော့် စကား မဆုံးခင် သူက ဖြတ်ပြောလိုက် သဖြင့် ကျွန်တော် ဘာဆက် ပြောရမှန်း မသိတော့။ ကျွန်တော့် စိတ်ထဲမှာလည်း အမျိုးမျိုး စဉ်းစားနေမိသည်။ သူ ကျွန်တော့်ကို ယုံပါ့မလား။ ကျွန်တော့်ကို ရော အရှိန်အဝါ သုံးသည် ဟု ထင်မလား။
ကျွန်တော့်မှာ သူ့ကို အချိန်တွေ အကြာကြီး ချစ်နေခဲ့ရသည်။ ကျောင်းတုန်းကလည်း ကျောင်းတုန်းက အခြေအနေ မို့ မပြောဖြစ်ခဲ့။ ခုတော့ ခုအခြေအနေ... ။ ကျွန်တော် တစ်ချက် တွေဝေ သွားမိသည်။ သို့သော် ကျွန်တော် စိတ်တင်းလိုက်ပြီး..
'' နွေး နင်သိလား.. ''
'' ဘာလဲ''
'' ငါနင့်ကို သိပ်ချစ်တယ်၊ အရမ်းချစ်ခဲ့တယ်။''
နွေးက ရုတ်တရက် မျက်လုံး အဝိုင်းသား ဖြစ်သွားသည်။ ကျွန်တော့်ကိုလည်း အံ့သြသည့်ပုံ နှင့် ကြည့်သည်။ ကျွန်တော့် မှာသာ စိတ်တွေ အရမ်း လှုပ်ရှားပြီး အာခေါင်တွေ ခြောက်ကပ်ကပ်ကြီး ဖြစ်နေသော်လည်း သူကတော့ တည်ငြိမ်နေတဲ့ ပုံပါ။ ထိုနောက် ကျွန်တော့်ကို ပြုံး၍ကြည့်ပြီး..
'' ဟုတ်လို့လား ဗိုလ်ကြီးရယ် သေသေချာချာလည်း ပြန်စဉ်းစားပါဦး ''
သူပြုံးပုံက သဘောကျ နှစ်သက်၍ ပြုံးပုံမျိုးနှင့် မတူပါ။ သူပြော လိုက်တဲ့စကား မှာလည်း ကျွန်တော့်ကို ဗိုလ်ကြီး ဆိုပြီး တမင် ရည်ရွယ် သုံးစွဲလိုက်ပုံကို ကျွန်တော် သတိထား မိသည်။
ကျွန်တော် သူ့လက်မောင်း နှစ်ဖက်ကို ကိုင်၍ သူ့ကို တည့်တည့်ကြည့်ပြီး
'' ငါနင်ကို တကယ် မြတ်နိုးတာပါ။ သူများတွေလိုပဲ ငါ့ကို မယုံဘူးလို့ ပြောဦးမှာလား။ အရှိန် အဝါ သုံးတယ် စွပ်စွဲဦးမှာလား ''
နွေးက နောက်သို့ ရှောင်ထွက်သွားပြီး...
'' ငါအဲဒီ စကားလို စကားတွေ ခဏခဏ ကြားခဲ့ ဖူးတယ်။ ''
သူ့အသံက အနည်းငယ် တိပ်ဝင်နေပြီး ကျွန်တော့်ကို စိုးရွံ့စွာ ကြည့်သည်။
''ငါနင့်ကို လက်ဆောင်တစ်ခုပေးစရာ ရှိတယ်နွေး''
'' ဘာပေးမလို့လဲ။ မလိုချင်ပါဘူး ..''
ကျွန်တော် ပန်းရောင် စာအုပ်လေး တစ်အုပ်လေးကြားမှ သစ်ရွက်လေး တစ်ခုအား သူ့လက်ထဲ အတင်း ထည့်ပေးလိုက်သည်။

'' ဟင် စွယ်တော် ရွက်ခြောက်လေးပါလား''

နွေးက ကျွန်တော့်ကို တလှည့် စွယ်တော် ရွက်ခြောက် ကလေးကိုတလှည့် ကြည့်သည်။ သူ့မျက်လုံးထဲမှာ မျက်ရည်စ တစ်ချို့ ဝေ့တက်လာသည် ကိုတွေ့ရသည်။ သို့သော် မျက်ရည် မကျပါ။ မျက်နှာကလည်း ပြုံးနေသည်။ သူ့အသက် ရှုသံတွေ မြန်ပြီး ရင်တွေ အရမ်းခုန်နေတယ် ဆိုတာ ကျွန်တော် အတပ် သိလိုက်သည်။ သူ့ရဲ့ လက်တစ်ဖက် ကလည်း ရင်ဘတ် ပေါ်မှာ ဖိသလိုလို တင်သလိုလိုလေး လုပ်ထား၏။
 ကျွန်တော် အရမ်း ပျော်သွားသည်။
'' စိုးပိုင် နင်ငါ့ကို အဲဒီ တုန်းကတည်းက ချစ်နေခဲ့တာလား''
ကျွန်တော် ပြုံးယုံသာ ပြုံးနေလိုက်သည်။ ပြန်မဖြေလိုက်ပါ။ ပြီးတော့ ပန်းရောင် စာအုပ်ကလေးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ စာအုပ်က ကျွန်တော် ကျောင်းသား ဘဝတုန်းက သူ့အကြောင်း ရေးထားတဲ့ စာအုပ်လေးပါ။ စာအုပ်ထဲမှာ ဝတ္ထုထဲက ကူးရေးခဲ့တဲ့ စားသားလေးတွေ၊ သီချင်းစာသား လေးတွေ၊ ပြီးတော့ ကဗျာလိုလို စာလိုလိုနဲ့ ကျွန်တော် စိတ်ထဲရှိရာ ရေးထားတာ လေးတွေ။ အဲဒီ တုန်းက ကလေး အတွေးနဲ့ ရေးထားတဲ့ စာသား လေးတွေ။ တစ်ချို့ စာကြောင်း လေးတွေက ခုပြန်ဖတ်တော့ ကိုယ့်ကိုယ်ကို တောင် ရှက်မိသည်။
နွေးက စာအုပ်လေးကို တစ်မျက်နှာ ဖတ်လိုက် ရယ်လိုက် လုပ်နေသည်။ ကျွန်တော် ကလေးအတွေးနဲ့ ရေးခဲ့တဲ့ စာသားလေးတွေကို နွေးက တစ်ချက်တစ်ချက် အသံ ထွက်ပြီးတောင် ဖတ်နေတော့ ရှက်မိလာသည်။
နွေးက မျက်ရည် ထွက်အောင် ရယ်ရင်း ကျွန်တော့် ပုခုံးပေါ် ခေါင်းလေး မှီ၍ နေသည်။ စိုးရွံ့ နေတဲ့ သူ့ရဲ့ နှလုံးသားက ခုတော့ ကျွန်တော့် ရင်ခွင်မှာ ယုံကြည်စွာ မှေးစက်နေပါပြီ။ ကျွန်တော်လည်း သူ့ကို အဖြေပေးဖို့ မတောင်းတော့ပါ။ ချစ်လားလို့လည်း မမေးတော့ပါ။ ကျွန်တော် အရမ်း စွဲမက်ခဲ့ရသော သူ့ရဲ့ ဆံနွယ်စလေး တွေကို အသာခိုး၍ နမ်းရှိုက်လိုက်လေတော့သည်။

---------------------------------------------------
မှတ်ချက်။ ကျွန်တော်သည် ယခုဇာတ်လမ်းအား မူရင်းရေးသားသူ မဟုတ်ပါ။ ပြန်လည် ဝေမျှခြင်းသာ ဖြစ်ပါသည်။ မူရင်းရေးသားသူမှာ ဇာတ်လမ်းနာမည်အား ကြွေတစ်ခါ ဝေတစ်လှည့် ဟု နာမည်ပေးထား သော်လည်း စွယ်တော်ရွက်ကြောင့် အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားသည်ဖြစ်၍ ကျွန်တော်မှ စွယ်တော်ရွက်ဖူးစာ ဟုခေါင်းစဉ်ပြောင်းထားပါသည်။ ဇာတ်လိုက်မင်းသား၏ နာမည်အားလည်း ပြောင်းလဲထားပါသည်။